Weather
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ၈၃ မြို့မှာ နိုင်ငံတစ်ခုတည်းမှဖြစ်
လွန်ခဲ့သော တစ်နှစ် က
ယမန်နှစ်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ ၁၀၀ မှာ အာရှတွင် တည်ရှိသည်ဟု အစီရင်ခံစာတစ်ခုက ဖော်ပြထားပြီး ဆိုးရွားသည့် လေထုအရည်အသွေးက ကမ္ဘာအနှံ့အပြားရှိ သန်းထောင်ပေါင်းများစွာသော လူတို့၏ ကျန်းမာရေးအန္တရာယ်အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။
ကျယ်ပြန့်ပြီး အဓိကကျသော ၎င်းမြို့များအနက်မှ ၈၃ မြို့မှာ အိန္ဒိယတွင် တည်ရှိပြီး ၎င်းမြို့အားလုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေထုအရည်အသွေး လမ်းညွှန်ချက်ကို ၁၀ ဆမက ကျော်လွန်နေသည်ဟု ကမ္ဘာ့လေထုအရည်အသွေးကို လေ့လာကောက်ယူနေသည့် IQAir အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
၎င်းအစီရင်ခံစာလေ့လာချက်တွင် PM2.5 ဟု ခေါ်သည့် သေးငယ်သည့် အမှုန်လေးများကို အထူးပြုလေ့လာခဲ့ကြပြီး ၎င်းတို့သည် အသေးငယ်ဆုံးအရာလေးများဖြစ်သော်လည်း အန္တရာယ်အကြီးဆုံးဖြစ်သည်။ကမ္ဘာအနှံ့ မှတ်တမ်းတင်ထားသည့် လေထုအရည်အသွေးများအရ မြို့ပေါင်း ၇၈၀၀ ကျော်တွင် ၉ % သာ နှစ်ပတ်လည် PM2.5 ပျမ်းမျှအဆင့် တစ်ကုဗမီတာလျှင် ၅ မိုက်ခရိုဂရမ်ထက် မကျော်လွန်သင့်ဟူသော WHO စံချိန်စံညွှန်းနှင့် ကိုက်ညီသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Bihar ပြည်နယ်မှ လူဦးရေ ငါးသိန်းရှိသည့် Begusarai မြို့သည် ယမန်နှစ် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ပြီး ပျမ်းမျှ နှစ်ပတ်လည် PM2.5 သိပ်သည်းမှု ၁၁၈.၉ ရှိကာ WHO လမ်းညွှန်ချက်ထက် ၂၃ ဆ ပိုမိုများပြားသည်
“ကျွန်တော်တို့ရဲ့ ဘဝအစိတ်အပိုင်းတိုင်းမှာ လေထုညစ်ညမ်းမှုက ထိခိုက်သက်ရောက်နေတယ်ဆိုတာ တွေ့ရပါတယ်။” ဟု IQAir Global မှ အလုပ်အမှုဆောင်အရာရှိချုပ် Frank Hammes က ပြောသည်။ "ပုံမှန်အားဖြင့် လေထုအညစ်ညမ်းဆုံးနိုင်ငံအချို့မှာ လူတွေရဲ့ သက်တမ်း သုံးနှစ်ကနေ ခြောက်နှစ်အထိ လျော့ကျနေတယ်လို့ ယူဆရပါတယ်။ ပိုကောင်းတဲ့ လေထုအရည်အသွေးသာ ရှိခဲ့မယ်ဆိုရင် နှစ်များစွာ ဒုက္ခခံစားရတာတွေကို လုံးဝကာကွယ်နိုင်မှာ ဖြစ်ပါတယ်။”
အသက်ရှူသွင်းလိုက်သည့်အခါ PM2.5 သည် အဆုတ်တစ်သျှူးများအတွင်း နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး သွေးကြောများအတွင်းသို့လည် ဝင်ရောက်နိုင်သည်။ ရုပ်ကြွင်းလောင်စာများ ပေါက်ကွဲခြင်း၊ သဲမုန်တိုင်းများနှင့် တောမီးများမှ ၎င်းတို့ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ပန်းနာ၊ နှလုံးနှင့် အဆုတ်ရောဂါများ၊ ကင်ဆာနှင့် အခြားသော အသက်ရှူမှုဆိုင်ရာ မကျန်းမာမှုများနှင့်သာမက ကလေးသူငယ်များ ဉာဏ်ရည်ချို့ယွင်းခြင်းနှင့်လည်း ဆက်စပ်နေသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Bihar ပြည်နယ်မှ လူဦးရေ ငါးသိန်းရှိသည့် Begusarai မြို့သည် ယမန်နှစ် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ပြီး ပျမ်းမျှ နှစ်ပတ်လည် PM2.5 သိပ်သည်းမှု ၁၁၈.၉ ရှိကာ WHO လမ်းညွှန်ချက်ထက် ၂၃ ဆ ပိုမိုများပြားသည်။ IQAir အဆင့်သတ်မှတ်ချက်တွင် ၎င်းမြို့၏ နောက်၌ ဂူဝါဟာတီ၊ အာသံ၊ ဒေလီ၊ မော်လန်ပါ၊ ပန်ဂျပ်တို့ ရှိနေသည်။
၂၀၂၃ ခုနှစ် လေထုညစ်ညမ်းမှု အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးရောက်နေသည့် အာရှနိုင်ငံများ
၂၀၂၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် ပျမ်းမျှ လေထုအရည်အသွေးသည် WHO ဘေးကင်းမှုလမ်းညွှန်ချက်ထက် ၁၆ ဆခန့် ကျော်လွန်နေကာ ကမ္ဘာ့လေထအရည်အသွေး အဆိုးရွားဆုံးနိုင်ငံဖြစ်ခဲ့သည်။ ပါကစ္စတန်နှင့် အိန္ဒိယတို့က နောက်မှ ကပ်လိုက်ခဲ့ကာ အိန္ဒိယသည် လေထုအညစ်ညမ်းဆုံး မြို့ ၁၀ မြို့တွင် ကိုးမြို့ နေရာယူထားသည်။
အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် လူဦးရေ သန်း ၁.၃ ဘီလီယံ သို့မဟုတ် လူဦးရေစုစုပေါင်း၏ ၉၆% မှာ WHO လမ်းညွှန်ချက်ထက် ခုနှစ်ဆ မြင့်မားဆိုးရွားနေသော လေထုအရည်အသွေးဖြင့် နေထိုင်နေရသည်ဟု အစီရင်ခံစာက ဆိုသည်။
အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးဒေသများဖြစ်ပြီး ယမန်နှစ် လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် တာဂျစ်ကစ္စတန်တို့ ပါဝင်နေသည်။
“စွမ်းအင်အခြေခံအဆောက်အအုံနဲ့ စိုက်ပျိုးရေးနည်းလမ်းတွေ အဓိက မပြောင်းလဲသရွေ့”၎င်းဒေသများတွင် လေထုညစ်ညမ်းမှုအဆင့်များ သိသာထင်ရှားစွာ တိုးတက်လာမှု မရှိနိုင်ဟု Hammes က ပြောသည်။
“ကမ္ဘာ့နေရာအနှံ့အပြားမှာ စိုးရိမ်ရတာက အခန်းပြင်ပ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ အရာတွေဟာ အခန်းတွင်း လေထုညစ်ညမ်းမှုကိုလည်း တခါတရံ ဖြစ်ပေါ်စေတယ်ဆိုတာပါ။ မသန့်တဲ့ လောင်စာဆီတွေနဲ့ ချက်ပြုတ်ကြော်လှော်တာက အခန်းပြင်ပမှာ တွေ့နေရတာထက် အဆများစွာ ဆိုးရွားစေနိုင်ပါတယ်။”
နိုင်ငံနှင့် နယ်မြေ ၁၀ ခုသာ "ကျန်းမာသည့်” လေထုအရည်အသွေးရှိပြီး ၎င်းတို့မှာ ဖင်လန်၊ အက်စ်တိုးနီးယား၊ ပေါ်တိုရီကို၊ ဩစတြေးလျ နယူးဇီလန်၊ ဘာမြူဒါ၊ ဂရနာဒါ၊ အိုက်စ်လန်း၊ မာရစ်ရှပ်နှင့် ပြင်သစ် ပိုလီနီးရှားတို့ဖြစ်သည်
ကမ္ဘာနှင့်ချီသည့် ပြဿနာတစ်ခု
ယမန်နှစ် ပျမ်းမျှလေထုအရည်အသွေး ခွဲခြမ်းလေ့လာခဲ့သည့် နိုင်ငံ၊ ဒေသနှင့် နယ်မြေပေါင်း ၁၃၄ ခုရှိ တည်နေရာ ၇၈၁၂ ခု၏ ၉၂.၅ % မှာ WHO ၏ PM2.5 လမ်းညွှန်ချက်ကို ကျော်လွန်နေသည်ဟု IQAir က တွေ့ရှိခဲ့သည်။
နိုင်ငံနှင့် နယ်မြေ ၁၀ ခုသာ "ကျန်းမာသည့်” လေထုအရည်အသွေးရှိပြီး ၎င်းတို့မှာ ဖင်လန်၊ အက်စ်တိုးနီးယား၊ ပေါ်တိုရီကို၊ ဩစတြေးလျ နယူးဇီလန်၊ ဘာမြူဒါ၊ ဂရနာဒါ၊ အိုက်စ်လန်း၊ မာရစ်ရှပ်နှင့် ပြင်သစ် ပိုလီနီးရှားတို့ဖြစ်သည်။
လေထုညစ်ညမ်းမှုနှင့် ဆက်စပ်နေသည့် ကျန်းမာရေးပြဿနာများကြောင့် လူသန်းချီ၍ နှစ်စဉ်သေဆုံးနေကြရသည်။ ရုပ်ကြွင်းလောင်စာများမှ ထွက်ပေါ်လာသည့် လေထုညစ်ညမ်းမှုက ကမ္ဘာအနှံ့ နှစ်စဉ် လူ ၅.၁ သန်း ကို သေစေခဲ့ကြောင်း နိုဝင်ဘာလတွင် BMJ မှ ထုတ်ဝေခဲ့သည့် လေ့လာမှုတစ်ရပ်အရ သိရသည်။ ပတ်ဝန်းကျင်နှင့် အိမ်များမှ လေထုညစ်ညမ်းမှုများ၏ အကျိုးဆက်များ ပေါင်းစပ်ပြီး လူပေါင်း ၆.၇ သန်း နှစ်စဉ်သေဆုံးနေရသည်ဟု WHO က ပြောသည်။
ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူသားတို့ ဖန်တီးပြုလုပ်လိုက်သော ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းသည် လေထုညစ်ညမ်းမှုအဆင့်ကို လွှမ်းမိုးသည့် "အဓိက အချက်" ဖြစ်သည်ဟု IQAir အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းသည် မိုးလေဝသ ဖြစ်စဉ်များကို ပြောင်းလဲစေပြီး လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုကို ပြောင်းလဲစေသည့်အတွက် ညစ်ညမ်းသည့်အမှုန်များ ပျံ့လွင့်စေသည်။ အပူချိန် အလွန်အမင်းမြင့်မားမှု ပိုမိုပြင်းထန်လာပြီး မကြာခဏဖြစ်ပေါ်လာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်ဟု ဖော်ပြထားသည်။
ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းသည် ဒေသများစွာတွင် ပိုမိုပြင်းထန်သည့် တောမီးရာသီနှင့် ပိုမိုကြာရှည်ကာ ပိုမိုပြင်းထန်သည့် ဝတ်မှုန်ရာသီသို့ ဦးတည်နေပြီး ၎င်းရာသီနှစ်ခုလုံးက လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သည့် ကျန်းမာရေးပြဿနာများ ပိုမိုဆိုးရွားလာစေသည်။
“ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းဖြစ်ပေါ်စေတဲ့ အကြောင်းတွေနဲ့ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းတွေက အခိုင်အမာ ထိစပ်ဖြစ်ပေါ်နေပါတယ်။” ဟု Hammes က ပြောသည်။ "လေထုညစ်ညမ်းမှုကို လျော့ချနိုင်ရင် ရေရှည်မှာ ရာသီဥတုပြောင်းလဲမှု ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလည်း တိုးတက်ပြောင်းလဲစေမှာ ဖြစ်ပြီး အပြန်အလှန်ပြုလုပ်နိုင်ရင်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။”
ဒေသဆိုင်ရာ အဆင့်သတ်မှတ်ချက်များ
ပြီးခဲ့သည့်နှစ်တွင် မေလမှ အောက်တိုဘာအထိ ကနေဒါတွင် လောင်ကျွမ်းခဲ့သည့် တောမီးက မြောက်အမေရိကကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ Alberta မှ လစဉ် ပျမ်းမျှ လေထုညစ်ညမ်းမှုမှာ မေလတွင် ၂၀၂၂ ခုနှစ် မေလကထက် ကိုးဆ ပိုမိုများပြားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း လေထုညစ်ညမ်းမှုအဆင့်သတ်မှတ်ချက်တွင် ကနေဒါက အမေရိကန်ပြည်ထောင်စုကို ကျော်လွန်သွားခဲ့သည်။
တရုတ်နိုင်ငံသည် ငါးနှစ်တာ လေထုညစ်ညမ်းမှုအဆင့် ကျဆင်းနေမှုကို နောက်ပြန်လှည့်နိုင်ခဲ့သည်။ တရုတ်မြို့တော်များသည် ကမ္ဘာ့လေထုအရည်အသွေး အဆိုးဆုံးမြို့များတွင် လွှမ်းမိုးနေရာယူထားရာမှ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လေထုသန့်ရှင်းရေးမူဝါဒများ ချမှတ်ဆောင်ရွက်မှုကြောင့် ကောင်းမွန်တိုးတက်လာခဲ့သည်။
ပြီးခဲ့သည့်နှစ် အစီရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံသားများ ပျမ်းမျှ သက်တမ်း ၂.၂ နှစ် ပိုမိုရှည်လာသည်ဟု ဖော်ပြထားသည်။ သို့သော် ထူထဲသည့် မြူများ ဘေဂျင်းသို့ ပြီးခဲ့သည့်နှစ်တွင် ပြန်လည်ရောက်ရှိလာပြီး နှစ်ပတ်လည် ပျမ်းမျှ PM2.5 သိပ်သည်းမှု ၁၄% တိုးမြင့်လာသည်ကို နိုင်ငံသားများတွေ့ကြုံခဲ့ရသည်ဟု IQAir အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ လေထုအညစ်ညမ်းဆုံးမြို့ဖြစ်သော Hotan သည် IQAir အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၄ သတ်မှတ်ထားသည်။
အရှေ့တောင်အာရှတွင် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံသာ နှစ်ပတ်လည် လေထုညစ်ညမ်းမှုအဆင့် လျော့ကျလာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
အင်ဒိုနီးရှားသည် ဒေသတွင်း လေထုအညစ်ညမ်းဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ % တိုးမြင့်လာသည်။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းတို့မှ မြို့တော်များသည် WHO PM2.5 လမ်းညွှန်ချက်ထက် ၁၀ ဆ ပိုမိုများပြားနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ပြီးခဲ့သည့်လတွင် ဘန်ကောက်မြို့တော်နှင့် အနီးဝန်းကျင်တွင် လေထုညစ်ညမ်းမှု ကျန်းမာရေးစိုးရိမ်ရသည့်အဆင့်ထိ ရောက်ရှိလာသောကြောင့် ထိုင်းအာဏာပိုင်များက အစိုးရဝန်ထမ်းများကို အိမ်မှ အလုပ်လုပ်ကိုင်စေရန် ညွှန်ကြားခဲ့သည်ဟု Reuters က ဖော်ပြသည်။ သောကြာနေ့တွင် ခရီးသွားလုပ်ငန်းအချက်အချာ ချင်းမိုင်မြို့သည် ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းများမှ မီးလောင်ကျွမ်းမှုများက သယ်ဆောင်လာသည့် အဆိပ်သင့်မြူများဖုံးလွှမ်းပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့တော်ဖြစ်ခဲ့သည်။
အာဖရိကသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ပါဝင်လာသည့်နိုင်ငံများ တိုးတက်လာသော်လည်း တိုက်တစ်ခုလုံးတွင် ကိုယ်စားပြုပါဝင်မှု ကြီးမားစွာ ကျန်ရှိနေသေးသည်
မညီမျှမှုနှင့် မျှော်လင့်ချက် အလင်းရောင်
အာဖရိက၊ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများတွင် စောင့်ကြည့်ရေးစခန်းများ အားနည်းခြင်းကြောင့် အချက်အလက်မရရှိဘဲ မညီမမျှဖြစ်မှုကိုလည်း အစီရင်ခံစာက မီးမောင်းထိုးဖော်ပြခဲ့သည်။
အာဖရိကသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ပါဝင်လာသည့်နိုင်ငံများ တိုးတက်လာသော်လည်း တိုက်တစ်ခုလုံးတွင် ကိုယ်စားပြုပါဝင်မှု ကြီးမားစွာ ကျန်ရှိနေသေးသည်။ အာဖရိက ၅၄ နိုင်ငံအနက် ၂၄ နိုင်ငံသာ စောင့်ကြည့်ရေးစခန်းများမှ လုံလောက်သော အချက်အလက်များ ရရှိသည်ဟု IQAir က ဆိုသည်။
“မသိရသေးတဲ့ လေထုညစ်ညမ်းမှုတွေ အများကြီး ကျန်ပါသေးတယ်။” ဟု Hammes က ပြောသည်။
မျှော်လင့်ချက် အလင်းရောင်တစ်ခုအနေဖြင့် လူမှုအသိုင်းအဝိုင်းများ၊ NGO များ၊ ကုမ္ပဏီများနှင့် သိပ္ပံပညာရှင်များက လေထုအရည်အသွေး စောင့်ကြည့်ရန် ဖိအားပေးမှုများနှင့် အရပ်ဘက် ထိတွေ့လုပ်ဆောင်မှုများ တိုးမြင့်လာခြင်းဖြစ်သည်။
“လူတွေ တကယ်ဂရုစိုက်အလေးထားတယ်ဆိုတာ အစိုးရတွေကို တကယ် ပြသနိုင်တဲ့အတွက် အဆုံးစွန်မှာတော့ ကောင်းမွန်ပါတယ်။” ဟု Hammes က ပြောသည်။
ကိုးကား - CNN
ပုံစာ - ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ ရက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အိန္ဒိယဂိတ်အနီး Kartavya လမ်းပေါ်မှ အေးမြပြီး မြူလွှမ်းနေသည့် မနက်ပိုင်းတွင် လမ်းလျှောက်သွားလာနေသူများ။ (Arvind Yadav/Hindustan Times/Getty Images)
Burma Associated Press
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က