bap-logo
Local News

တရားရုံး စီရင်ပိုင်ခွင့်ကို ဖယ်ရှားသည့် ပုံနှိပ် ထုတ်ဝေ ဥပဒေကို စစ်ကောင်စီပြင်ဆင်

Z8OXu4ZmKoyqGw8CV3jj3-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ မတ် ၇။

 

စစ်ကောင်စီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြင်ဆင်လိုက်သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသည်။

 

စစ်ကောင်စီက တင်းကြပ်ပြင်ဆင်လိုက်သည့် ဥပဒေအရ မူလပြဌာန်းထားသည့်ဥပဒေဖော်ပြချက်ဖြစ်သော တရားရုံးတစ်ခုခုထံ လျှောက်ထားတောင်းခံရန် မလိုတော့ဘဲ ဝန်ကြီးဌာနတစ်ခုခုသည် ထုတ်ဝေစာနှင့်စပ်လျဉ်း၍ တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာနိုင်မည် ဖြစ်သည်။

 

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် မတ်လတွင် ပြဌာန်းခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ မူလ ပြဌာန်းချက်မှာ-

 

ပုဒ်မ ၈ ပါစည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယ ရှိသော ထုတ်ဝေစာနှင့်စပ်လျဉ်း၍ တရားမဝင်ထုတ်ဝေစာအဖြစ် ကြေညာပေးနိုင်ရန် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ခရိုင်တရားရုံးသို့ လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထား လာခြင်းကို သက်ဆိုင်ရာ တရားရုံးက အမြန်ဆုံးစစ်ဆေး စီရင်ရမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

 

ရည်ညွန်းသည့် ပုဒ်မ ၈ ပါ ဖော်ပြချက်များမှာ -

 

ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် (က) တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ (ခ) နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်း သာယာရေး တို့ကိုသော်လည်း ကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေး တို့ကိုသော်လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊(ဃ) ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ဖြင့် အကျုံးဝင်သော ထုတ်ဝေစာ များကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းမပြုရ ဟူ၍ဖြစ်သည်။

 

ယခု စစ်ကောင်စီပြင်ဆင်လိုက်သည့် ဥပဒေအရ သက်ဆိုင်ရာ ဝန်ကြီးဌာနသည် တရားရုံးတစ်ခုခုထံ လျှောက်ထားတောင်းခံရန် မလိုဘဲ ထုတ်ဝေစာနှင့်စပ်လျဉ်း၍ တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာနိုင်မည်ဖြစ်သည်။

 

ထိုသို့တရားရုံးဆုံးဖြတ်ချက်မလိုဘဲ ထုတ်ဝေစာဖြစ်ကြောင်း အမိန့်ကြော်ငြာ စာဖြင့် ထုတ်ပြန် ကြေညာပြီးသည်နှင့် ရဲအရာရှိ သို့မဟုတ် ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက အာဏာအပ်နှင်းထားသော အခြားသူ တစ်ဦးဦးသည် ယင်းတရားမဝင်ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ သိမ်းယူနိုင်သည်ဟု ပြင်ဆင်ခဲ့သည်။

 

၂၀၁၄ က ပြဌာန်းထားသည့် မူလပြဌာန်းချက်တွင် လျှောက်ထားလွှာလက်ခံရရှိသောတရားရုံးသည် တရားဝင်ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစ်စုံ တစ်ရာမချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချိခြင်းမပြုရန် ယာယီတားဝရမ်း ထုတ်ဆင့်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်ဟူ၍ဖြစ်သည်။

 

ထို့အပြင် ပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသည့် “ပုံနှိပ်သူသည် ၎င်းပုံနှိပ်သော” ဟူသည့် စကားရပ်ကို “ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော” ဆိုသည့်စကားရပ်ဖြင့် အစားထိုးခဲ့သည်။

 

ထို့အပြင် စစ်ကောင်စီက သမ္မတဦးသိန်းစိန်လက်ထက် မူလဥပဒေပြဌာန်းချက်ပါ ပုဒ်မ ၆ ကိုလည်း ပြင်ဆင် ဖြည့်စွက်မှုများဖြင့် တင်းကြပ်ပြင်ဆင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပုံနှိပ်တိုက်၊ စာပေတိုက် ၇ ခု နှင့် သတင်းဌာန ၁၃ ခုတို့ကို လိုင်စင်များ ပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

 

 

ပုံစာ - စစ်ကောင်စီက ပြင်ဆင်လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ

Burma Associated Press

စစ်ကောင်စီ
တရားဥပဒေ

Share With
bap-logo