bap-logo
Opinion

ကိုယ့်ဘဝမှန် ဆင်ခြင်နိုင်စေ

QJbWQT2zdIWhwjm-FgoY5-image

လွန်ခဲ့သော ၂ နှစ် က

ပင်မဂိတ်ပေါက်တွင် တပ်ထားသော ခေါင်းငြိမ့်မောင်းတံက နှစ်ပရိစ္ဆေဒ ကြာမြင့်မှုကို သက်သေပြ နေသလို သုတ်လိမ်းထားသည့် ဖြူနီစပ်ကြား ဆေးရောင်များက ပြယ်လွှင့်ကွာကျနေပြီ။
 
အောက်က သံချေးတက်နေသော သံပိုက်သည်ပင် အဖြောင့်အတိုင်းမရှိတော့ဘဲ အတန်ငယ် ကွေး ကျနေပြီ။ သာမန်ကာလျှံကာ စစ်မေးမှုအပြီး ထိုမောင်းတံအိုက တကျွီကျွီအသံပြုရင်း လေးကန်စွာ အပေါ်မြောက်အတက် သူ့အောက်က ခေါင်းလျှိုဝင်လျင်ဖြင့် ထိုပုရဝုဏ်ထဲ ခြေချမိပြီဖြစ်သည်။
 
ထိုမှတဖန် ဝင်း၏အလယ်တည့်တည့်က လမ်းအတိုင်းလျှောက်သွားလျင် ဝဲယာတွေမှာ တပ်ရင်းမှုး အပါအဝင် အရာရှိအိမ်များကို ဟိုတစ်လုံးသည်တစ်လုံး မြင်ရမည်။
 
အိမ်ဘေးက ရေငုတ်မှာတော့ နွမ်းပါးသည့် အဝတ်အစားနှင့် မိန်းမတစ်ယောက်စ နှစ်ယောက်စက အရာရှိအိမ်က ထွက်သမျှအဝတ်ညစ်တွေကို စိတ်မပါလက်မပါ လျှော်ဖွပ်နေမည်။
 
မလှမ်းမကမ်းက လက်နှီးစုတ်ရောင် အမျိုးသား နှစ်ယောက်သုံးယောက်ကလည်း သူတို့၏ ပိန်လှီ သော ကိုယ်ခန္ဓာတွေကို အနိုင်နိုင်ထိန်းရင်း ပေါင်းရှင်းမြက်ခုတ် လုပ်နေကြမည်။
 
သူတို့အားလုံး၏ မျက်နှာများပေါ်၌ အပြုံးအရယ် ဟူသည်မရှိ။ သူတို့၏လှုပ်ရှားပုံတွေကလည်း လူဆိုသည်ထက် စက်ရုပ်နှင့်သာ ပိုတူနေတာ့၏။ အလားတူစွာ သူတို့အသားအရည်တွေကလည်း နှစ်ကာလများစွာ အာဟာရချို့တဲ့ခြင်း လက္ခဏာအဖြစ် ညိုမွဲခြောက်သယောင်းလျက် ရှိသည်။
 
ထိုအထဲ အထူးခြားဆုံးကတော့ သူတို့၏ မျက်လုံးသေများပင် ဖြစ်သည်။သူတို့သည် ထိုမျက်လုံး သေများနှင့် ဘယ်ဆီကို လှမ်းမျှော်ကြည့်နေကြသလဲ သူတို့ကိုယ်တိုင်ပင် သိဟန်မတူ။
 
မှတ်ဉာဏ်ချပ်ပြားထည့်ထားသမျှ လှုပ်ရှားနေသော စက်ရုပ်များသဖွယ် သူတို့သည် နေ့ပေါင်းများစွာ လှုပ်ရှားနေခဲ့ကြခြင်းဖြစ်၏။
 
နောက်တန်းတွင်ရှိချိန်ခဏ ဘယ်အရာရှိအိမ် ဘာလုပ်ဖို့ဆို အမြဲစာရင်းပေါက်သော ကျွန်များသည် သူတို့ပဲဖြစ်၏။ ရှေ့တန်းကအပြန် တစ်ပတ်ဆယ်ရက် နားပြီးချိန်မှစ၍ ထိုပေါင်းရှင်း၊မြက်ခုတ် အလုပ်များက သူတို့ပုခုံးပေါ် ကျလာသည်။ သူတို့၏ ဇနီးမယား၊ သမီးသားများ၏ ဘဝကလည်း ထိုအရာရှိများ၏ အခေါ်စောင့်နေရုံသက်သက် တပ်တွင်းကျွန်များပဲ ဖြစ်သည်။
 
သို့ရာတွင် ထိုအရာချည်းပဲလားဆိုတော့မဟုတ်။ သူတို့လခ မစို့တပို့ကို ဟိုစုကြေး၊ သည်စုကြေး စသည်ဖြင့် လစာထုတ်ပြီး သုံးလေးရက်အကြာ ကြွေးနွံထဲတစ်ခါ လည်ပြန်သည်။ မြီရှင်တွေကတော့ သူတို့ခစား အလုပ်အကျွေးပြုနေရသော အရာရှိကတော်များပင်။
 
ထိုလမ်းအဆုံး ဝင်း၏တစ်နေရာအရောက်တွင် သူတို့စံမြန်းရာ နိဗ္ဗာန်ဘုံအိမ်ယာများဆီ ရောက်ပါပြီ။ ပေါက်ပြဲစုတ်ပြတ်နေသည့်တိုင် မဖာထေးနိုင်သောကြောင့် အိမ်ရှေ့က အိမ်နောက်တိုး လျှိုပေါက် မြင်နေရသည့် လောကနိဗ္ဗာန်ဘုံများဖြစ်သည်။
 
ထိုအမိုးအကာ မလုံခြုံသော တန်းလျားများ၏ အထက်၌ သံချေးအထပ်ထပ် တက်နေသည့် သွယ်ပြားများက အနားသပ်ထားသည်။ ခွေးတိုးဝက်ဝင်အိမ်ထဲ အရွယ်မျိုးစုံသော လူတစ်ဒါဇင် လောက်က မဝရေစာစားရင်း ဘယ်ဆီမျှော်လင့်နေကြသလဲဟူမူ သူတို့လည်းသိမည်မထင်။
 
ဤမြင်ကွင်းတွေက နိုင်ငံတနံတလျားရှိ အောက်ခြေတပ်များ၏ ပကတိမြင်ကွင်းများအဖြစ် တည်ရှိနေခဲ့ခြင်းက ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ။
 
ထိုအချိန်များအတွင်း အထက်အရာရှိအဆင့်ဆင့်သည် ချပေးသမျှထဲက မသမာမှုတို့လုပ်ရင်း တိုက် ကိုယ်စီ၊ ကားကိုယ်စီ၊ ပုဂ္ဂလိကဘဏ်၌ သိန်းထောင်ချီစာရင်း ရှိနေပြီ။ သည်တင်ပဲလား ဆိုတော့ မဟုတ်သေး။
 
အကပ်အရပ်ကောင်းသူတွေက ခွင်ကောင်းသည့်နေရာများဆီ လာဘ်ထိုးရယူရင်း နောက်တစ်ဆင့် ခိုးဝှက်ကြပြန်သည်။ ဤသို့ဖြင့် ခေါင်းပုံဖြတ်ယန္တရားက အဆင့်ဆင့်တွင် အရှိအဟုန်ဖြင့် လည်ပတ် နေခဲ့ခြင်းသည် စစ်တပ်၏ လက်ရှိအင်္ဂါရုပ်ပဲ ဖြစ်၏။
 
ထိုသို့သော အင်္ဂါရုပ်ကို အကောင်အထည်ပေါ်ရန် ကာကွယ်ရေးအသုံးစရိတ်အား တနင့်တပိုး တောင်းခံ သုံးစွဲကြခြင်းဖြစ်သည်။ ကာကွယ်ရေးဘတ်ဂျက်သည် သက်ဆိုင်ရာဌာနများအနက် ပမာဏအများဆုံး ဖြစ်သည်။
 
အခြားသော တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးပါသည့် ပညာရေး ၊ကျန်းမာရေးကစ၍ မရှိမဖြစ်လိုအပ်သော ကယ်ဆယ်ရေးအသုံးစရိတ်များအတွက် ဘတ်ဂျက်သည် ကာကွယ်ရေး၏ အစွန်းထွက်မျှသော ပမာဏဖြင့် လည်ပတ်ခဲ့ရသည်မှာ နှစ်ပေါင်းမနည်းတော့ပြီ။
 
ထိုသို့ဖြစ်ရာ အထက်ဖော်ပြပါ ညစ်ထေးစုတ်ပြတ်နေသော လိုင်းခန်းနှင့် အောက်ခြေအထောက် အပံ့များ ဘာကြောင့်ဤမျှ ယိုယွင်းနေသလဲဟု မေးခွန်းထုတ်စရာ ရှိလာသည်။
 
အဆိုပါငွေများ တနည်းတိုင်းပြည် ဘဏ္ဍာများ မည်သည့်နေရာသို့ စီးဝင်ပျောက်ဆုံးသွားပါသလဲ။ အဖြေက ရိုးရှင်းသည်။ အရာရှိ၊ ရာထူးအတန်အသင့်ရှိနှင့် စစ်ဗိုလ်ချုပ်များ၏ အိတ်ကပ်အတွင်း စီးဝင်သွားခြင်းပင်ဖြစ်သည်။
 
ထိုသူများသည် ကျပ်သိန်းသောင်းချီသော နေအိမ်၊ တိုက်တာ၊ ခြံမြေများ ပိုင်ဆိုင်ကြသည်။ နာမည်ဝှက်၊ နာမည်ခံသော စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရှိကြသည်။ သားသမီး များအား သာမန်ပြည်သူတို့ အိပ်မက်မျှပင် မမက်နိုင်သည့် ပြည်ပနိုင်ငံများတွင် ပညာသင်ကြားစေ သည်။
 
ထိုအချိန်တွင် လက်အောက်ငယ်သား နင်းပြားတို့ကမူ ရှေ့တန်းမက၊ နောက်တန်း၌ပင် ထမင်းနပ် မမှန်သည့်ဘဝထဲ လုံးထွေးဖြတ်သန်းနေကြရသည်။
 
လူနေသည်ဟု ပြောလို့ရရုံ မည်ကာမတ္တလိုင်းခန်းများတွင် နေထိုင်ရင်း မသေရုံတမယ် ထမင်းစားပြီး၊ သားသမီးများအတွက် ရေးတတ်၊ ဖတ်တတ်ရုံပညာရေးကို သင်ကြားနိုင်စေဖို့ ကုန်းရုန်းရှာဖွေနေ ကြရသည့်အဖြစ်သည် မည်မျှ ရင်နာစရာပါပေလဲ။
 
ထို့ပြင် အထက်အရာရှိများ၏ လက်အောက်ငယ်သားအပေါ် ထားရှိသော သဘောထားကလည်း ရက်ရက်စက်စက်ပင်ဖြစ်၏။
 
စစ်သုံ့ပန်းများကို ပြန်လည်လွှဲပြောင်းပေးသည့်အပေါ်၌ပင် လက်ခံခြင်းမရှိသလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းကပင် တပ်သားများ၏ ညံ့ဖျင်းမှုဟု သဘောထားရှိခြင်းပင်ဖြစ်သည်။
 
"ကိုယ်ညံ့၍ ကိုယ်ခံရသည်မို့ ပြန်ခေါ်စရာအကြောင်း မရှိသလို၊ မြို့ပေါ်၌ ကျန်ရစ်ခဲ့သည့် မိသားစုများ အတွက်လည်း အကူအညီပေးမည် မဟုတ်သလို၊ ထိုဖြစ်ရပ်အပေါ် အထက်အရာရှိများနှင့် မသက်ဆိုင်ဟု လက်လွတ်စပယ် သဘောထားရှိခြင်းဖြစ်သည်။
 
အောက်ခြေတပ်သားများအနေဖြင့် ယခုလို ရက်စက်သည့် သဘောထားကိုမျှ မနာကျည်းလျင် မည်သည်ကို နာကျည်းမလဲ တွေးရန် အချိန်တန်ပြီဖြစ်သည်။
 
အထက်ကသဘောထားသည် မိခင်ဌာန၏ တာဝန်ရှိသူက ပြောကြားခဲ့သော တရားဝင် ပြောကြား ချက်ပင်ဖြစ်သည်။ မြေပြင်အနေအထားအရလည်း ထိုသို့ပင် ပြုကျင့်နေခြင်းဖြစ်သည်။ ယင်းသို့ သော သဘောထားနှင့် ပြုကျင့်မှုများအရ ခိုင်းလို့ဝသောနွားကို သေသေရှင်ရှင် ပစ်ထားသည့် အခြေအနေပဲ ဖြစ်သည်။
 
ထို့အတွက် အောက်ခြေရှိ တပ်သားများအနေဖြင့် မိမိတို့၏ အဖြစ်မှန်ကို အမြန်ဆုံး စောကြော သုံးသပ်ရန် အချိန်တန်ပြီဖြစ်သည်။
 
တဖက်တွင်လည်း ၎င်းတို့အတွက် အသက်စွန့်ပြီးတိုက်နေသည့် တပ်သားများအပေါ်၌ပင် ထိုသို့ သော သဘောထားရှိသည်မို့ အရပ်သားပြည်သူများအပေါ်တွင် ဆိုဖွယ်ရာမရှိပြီ။
 
သို့ဖြစ်ရာ အောက်ခြေအဆင့်အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများသည် လမ်းဘေးခွေးများကဲ့သို့ အဆက်ဆံခံရ၊ ၎င်းတို့စား၍ဝပြီး စွန့်သည့် မစင်နံ့ခံ အောက်သက်စို့နေရသည့် မိမိတို့ဘဝတွေကို ပြန်လည်ဆင်ခြင်ရင်း ပြည်သူဖက် မျက်နှာမူရန် ဆုံးဖြတ်ချိန်ကျပြီအား အမှန်မြင်ရန် လိုပေပြီ။
 

 


Share With
bap-logo