Crime
ကသာတွင် ဆိုင်ကယ်စီး လူငယ် နှစ်ဦးကို ရဲကားဖြင့်လိုက်တိုက် ၊တစ်ဦးပွဲချင်းပြီးသေ၊ တစ်ဦး ဒဏ်ရာပြင်းထန်
လွန်ခဲ့သော ၃ နှစ် က
စစ်ကိုင်းတိုင်း ကသာမြို့ပေါ်တွင် ယမန်နေ့ညက ကင်းလှည့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီးက ဆိုင်ကယ်စီး လူငယ် နှစ်ဦးကို လိုက်တိုက်ခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ည ၇နာရီဝန်းကျင်တွင် ကသာမြို့ ရပ်ကွက် (၄) ရှိ အထက -၃ လမ်းကြားတွင် ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးကို ကားဖြင့် လိုက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ မာရှယ်လောမှာ ည၈နာရီ နောက်ပိုင်းမှဖြစ်ကြောင်း ကသာမြို့ခံတစ်ဦးက ပြောသည်။
" အထက ၃လမ်းကြားမှာ ကားဝပ်ရှော့တစ်ခု ရှိတယ် ။ အဲ့ဒီဝပ်ရှော့ရှေ့မှာ တိုက်ခံရတာ၊ သွေးအိုင် ကြီးကို သဲတွေနဲ့ဖုံးသွားတယ် "ဟု ကသာမြို့ခံက ပြောသည်။
သေဆုံးသွားသူမှာ အသက် ၃၀ ဝန်းကျင် ကသာမြို့ခံ အမျိုးသားဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ရင်ခွဲရုံ ပို့ထားကြောင်း၊ အခြားတစ်ဦးမှာမူ ဆေးရုံတင်ထားကြောင်း သိရသည်။
" ခုနောက်ပိုင်း ပိုရက်စက်လာတယ်။ စခန်းမှူးတွေလည်း အချိန်းအပြောင်းလုပ်တယ်။ လူစိမ်းတွေ ရောက်လာတယ်။ နောက်ပိုင်း ပိုဆိုးမယ့်သဘောပဲ " ဟု ကသာမြို့ခံက ပြောသည်။
စစ်တပ်က ယမန်နှစ်တွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် အရပ်သား ပြည်သူများကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။
နိုဝင်ဘာ ၂၀ရက်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှ လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။
Burma Associated Press
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၅ ရက် က