Crime
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်သူများ၏ ရှို့မီးအကြိမ် ၄၀ အနည်းဆုံး လောင်ကျွမ်းခဲ့
လွန်ခဲ့သော ၈ လ က
သောကြာနေ့ မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံတောင်ဘက်အစွန်အဖျား၌ တိုက်ခိုက်သူများက ဈေးဆိုင်များ၊ ကားများနှင့် ဓာတ်တိုင်များ အနည်းဆုံး နေရာ ၄၀ ကို မီးရှို့တိုက်ခိုက်ခဲ့ပြီး စုပေါင်းညှိနှိုင်း မီးရှို့တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးသည်ဟု အာဏာပိုင်များက ပြောသည်။
တောင်ပိုင်းပြည်နယ် လေးခုဖြစ်သော Pattani၊ Yala၊ Narathiwat နှင့် Shongkhla တို့၌ မနက် ၁ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဆယ်စုနှစ်ချီ ကြာမြင့်ပြီး တမြေ့မြေ့လောင်ကျွမ်းနေသော ထကြွမှုများရှိနေခဲ့ပြီး လွတ်မြောက်ရေး ကြိုးပမ်းနေသည့် လူများစု မူဆလင်များနှင့် မျိုးနွယ်စုအရ မလေးဖြစ်သော တောင်ပိုင်းပြည်နယ်များတွင် ထိုင်းနိုင်ငံအစိုးရက တိုက်ပွဲများ ဖြစ်ပေါ်နေခဲ့သည်။
သောကြာနေ့တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူမှာ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အမျိုးသမီး အလုပ်သမားတစ်ဦးဖြစ်ကာ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။
“ကျူးလွန်သူတွေဟာ ရာမာဒါန် ကာလမှာ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်ကြတယ်။” ဟု တောင်ပိုင်းဒေသ စစ်တပ်၏ ပြည်တွင်း လုံခြုံမှု စစ်ဆင်ရေး မှ ပြောခွင့်ရ ဗိုလ်မှူး Eakvarit Chobchoophol က Reuters ကို ပြောသည်။ "သူတို့က ဒေသတွင်း စီးပွားရေးကို တိုက်ခိုက်ခဲ့ကြပြီးတော့ ဓာတ်အား၊ ဓာတ်ငွေ့၊ ရေသွယ်တန်းမှုတွေကို ပစ်မှတ်ထားခဲ့ကြတယ်။”
ကျူးလွန်သူများသည် လေထဲသို့ သေနတ်များ ပစ်ဖောက်၍ ကုန်စုံဆိုင်များမှ ဝန်ထမ်းများကို မောင်းထုတ်ခဲ့ပြီး အဆောက်အအုံများကို မီးရှို့ခဲ့ကြသည်ဟု Eavarit က ပြောသည်။
ထိုင်းနိုင်ငံ တောင်ဘက်စွန်းပိုင်းမှ တိုက်ခိုက်မှု အများစုအတွက် အများသိအောင် တာဝန်ခံသူများ မရှိခဲ့ပေ။
ပြီးခဲ့သည့်လတွင် ထိုင်းအစိုးရက ပုန်ကန်ထကြွသူ အဖွဲ့တစ်ခုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ပြီးခဲ့သည့် မေလ အထွေထွေရွေးကောက်ပွဲအပြီး ထိုင်းအစိုးရ အပြောင်းအလဲကြောင့် ရပ်နားထားခဲ့သည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ တည်ဆောက်ရန် ရွည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ တောင်ဘက်စွန်းပိုင်းသည် ၁၉၀၉ ခုနှစ်တွင် ဗြိတိန်နှင့်ချုပ်ဆိုခဲ့သော စာချုပ်ပါ အစိတ်အပိုင်းများအရ ထိုင်းနိုင်ငံလက်အောက်သို့ ထည့်သွင်းခြင်း မပြုမီက လွတ်လပ်သော စူလတန်ပိုင်နက် Patani ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။
နောက်ဆုံး ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ၂၀၀၄ ခုနှစ်က ဖြစ်ပြီး ၎င်းနောက်ပိုင်း လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့သည်ဟု အကြမ်းဖက်မှုများ စောင့်ကြည့်နေသည့် အဖွဲ့တစ်ခုဖြစ်သော Deep South Watch အဖွဲ့က ဆိုသည်။
ကိုးကား - Reuters
ပုံစာ - (ထိုင်းနိုင်ငံတောင်ပိုင်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ပုံ၊ Source: Wikipedia)
Burma Associated Press