bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၇၃)

Yxp1-rO1yCdvhoJjadUL9-image

လွန်ခဲ့သော ၃ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
 
အာဆံက စာထုတ်လိုက်၊ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌဘက်က စာထုတ်လိုက် အပြန်အလှန်စာထုတ်တမ်း ကစားနေကြရင်းနဲ့ပဲ ခွေးတိုးပေါက်က ပြန်ရောက်လာတဲ့ ဖောရိန်းမစ်နစ်စတာကြီးရဲ့ ပြူးနေတဲ့ မျက်လုံးက ပိုကျယ်လာတယ်လို့ ထင်ရပါတယ်။
 
ဘယ်သူတွေ အဖတ်လုပ်လုပ် မလုပ်လုပ်၊ ဘယ်အစည်းအဝေး ဖိတ်ဖိတ်မဖိတ်ဖိတ် အခု အိမ်မီးရှို့အစိုးရလက်ထက် နိုင်ငံတော်မှာ အကြွေးအမြှီ မရှိဘူးဆိုတာသိရတော့ ‘ဒါမှ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌ” ဆိုပြီး မောင်စက တစ်ယောက် ကွန်ဂရက်ကျူးလေးရှင်းဖို့ ပြင်ရပြီပေါ့။
 
ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေရဲ့ သရဏဂုဏ်ဖြစ်တဲ့ “မရှိလို့ မလှူ၊ မလှူလို့မရှိ" မဟုတ်ဘဲ မောင်စကရဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌက “မချေးလို့ မယူ၊ မယူလို့ အကြွေးမတင်” ဆိုသလို ဘယ်နိုင်ငံကမှ မယုံလို့ မချေးတာကိုဘဲ “ငါတို့လက်ထက် အကြွေးမရှိဘူး” ဆိုလာတော့ လူလည် မောင်မင်းကြီးသား မောင်စကလည်း မျက်စိများတောင် လည်မိပါတယ်။
 
အကြွေးကင်းစင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတစ်ယောက် ဒီရက်ပိုင်းမှာ နူတ်က မကြာမကြာထွက်နေတဲ့ တိုင်းပြည်မှာ တရိပ်ရိပ် တိုးတက်လာတဲ့ SME ဆိုတာကလည်း ဘတ်စ်ကားပေါ် လုတာနဲ့ လမ်းပေါ်မှာ လုယက် ဓားပြတိုက်တာတွေပဲ ထင်ပါရဲ့။ ကိုယ့်အသက်ကို ဖက်နဲ့ ထုပ်ရလွန်းလို့ တိုင်းပြည်က လူတွေလည်း လူစင်စစ်ကနေ မုန့်ဖက်ထုပ် ဖြစ်နေပါပြီခင်ဗျာ။
 
ဓားပြဆိုလို့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌ ဒါရိုက်တာလုပ်ပြီး မြန်မာပြည်အလယ်ပိုင်းမှာ ရိုက်ခဲ့တဲ့ ဆေ့ဗင်းဗရိုက်ဘိတ် အရာရှိကတော် ဇာတ်လမ်းကလည်း ပေါလိဝုဒ်မှာတော့ အတော်လေး ရေပန်းစားသွားတာပါပဲ။
 
ဆွဲကြိုးတစ်ကုံး၊ နားကပ်တစ်ရံ ပါသွားတယ်ဆိုတဲ့ ဘာညာကွိကွ အရာရှိကတော် တစ်ယောက်ကို အက်ရှင်ကားဆန်ဆန် သက်စွန့်ဆံဖျားကယ်ခဲ့တဲ့ ကွန်မန်ဒို စတန်းဒက်အာမီကြီးဟာ မြေပြင်တိုက်ပွဲမှာ လက်နက်ခဲယမ်းအပုံလိုက်နဲ့ ဒူးထောက်နေရတဲ့ အိုးစားဖက်တွေကို လစ်လျူရှုနိုင်ရက်ခြင်းက သတ္တိနည်းလို့ ဟုတ်ဟန်မတူဘဲ ရဟတ်ယာဉ်ဆီတွေ ခိုးရောင်းတာ များသွားလို့လား မောင်စက ထင်မိပါတယ်။
 
နောက်နှစ် ပေါလိဝုဒ်က ပေးမယ့် အကယ်ဒမီမှာတော့ ထုတ်လုပ်သူ ဗိုလ်ချုပ်မှူးကြီးဥက္ကဌက 'တစ်'ပြေးနေမှာ အသေအချာ ပါပဲလို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
 
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
 
Burma Associated Press

 

နိုင်ငံရေး

Share With
bap-logo