bap-logo
Politics

မိခင်နိုင်ငံများမှ နိုင်ငံရေးအန္တရာယ်များကို အီတလီတွင် လာရောက် စုရုံး ရှောင်တိမ်း​​​နေသည့် G7 ခေါင်းဆောင်များ

KuFbPtW0mjgGyDTyhD3BH-image

လွန်ခဲ့သော ၃ လ က

 

ကျောက်ဆောင်ထူထပ်သည့် အီတလီနိုင်ငံ Adriatic ကမ်းရိုးတန်းမှ ဇိမ်ခံအပန်းဖြေစခန်းတွင် အဖွဲ့လိုက် ဓာတ်ပုံ အရိုက်ခံနေကြသည့် Group of 7 အဖွဲ့ဝင် ခေါင်းဆောင်များသည် ၎င်းတို့၏ မိခင်နိုင်ငံများတွင် ရွေးကောက်ပွဲ အရေးနိမ့်အားနည်းခြင်း၊ အရှုပ်တော်ပုံ၊ လွှမ်းမိုး ထိန်းချုပ်နိုင်မှု လျော့ကျခြင်းတို့ ရင်ဆိုင်နေရသည်။

 

အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများအကြား ဖြစ်ပွားနေသော အာဏာရခေါင်းဆောင်များကို ဆန့်ကျင်မှုများက ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးကို အလွန့် အလွန် အရေးပါ ရိုက်ခတ်မှုများ ဖန်တီးနေသည်။

 

ကမ္ဘာ့ စီးပွားရေးကို ဦးဆောင်နေသူများ၏ နှစ်စဉ်စုဝေးမှုသည် နိုင်ငံရေး ထိခိုက်လွယ်မှုများ၏ အရိပ်အောက်သို့ အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါး ရှားရှားပါးပါး ကျရောက်နေသည်။ "လွတ်လပ်သည့် ကမ္ဘာကို ပဲ့ကိုင်သူတို့၏ ကော်မတီဟု အမေရိကန် သမ္မတက G7 ကို ညွှန်းဆိုမှုအပေါ် ၎င်းအဖွဲ့ဝင်နိုင်ငံများရှိ လူထုကိုယ်တိုင်၏ ဒေါသနှင့် မကျေနပ်မှုများအကြား မေးခွန်းထုတ်မှုများ ပေါ်ပေါက်လာသည်။

 

အိမ်ရှင် အီတလီနိုင်ငံ ဝန်ကြီးချုပ် Ms. Giorgia Meloni မှလွဲ၍ အခြားခေါင်းဆောင်များမှာ အကျပ်အတည်းများ၊ ယှဉ်ပြိုင်တိုက်ခိုက်မှုများ၊ အရေးနိမ့် လွင့်ပါးရမည့် အန္တရာယ်များအကြား ကျရောက်နေသည်။

 

ဗြိတိန် ဝန်ကြီးချုပ် Rishi Sunak အတွက် ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ ကွန်ဆာဗေးတစ်ပါတီ အာဏာလက်လွှတ်ရမည်ဟု မျှော်မှန်းထားကြသော ရွေးကောက်ပွဲကျင်းပရန် သုံးပတ်သာ လိုတော့သည်။

 

ပြင်သစ်သမ္မတ Emmanuel Macron သည် ဥရောပ ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီက လက်ယာစွန်းအုပ်စုကို အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် လွှတ်တော်ရွေးကောက်ပွဲ သတ်မှတ်ရက်ထက် စောလျင်စွာ ကျင်းပရန် တောင်းဆိုထားသည်။

 

ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz နှင့် ၎င်း၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီသည်လည်း ၎င်းရွေးကောက်ပွဲများတွင် အရေးနိမ့်ခဲ့သည်။

 

အမေရိကန် သမ္မတ ဘိုင်ဒန်သည် ယခင်သမ္မတ ဒေါ်နယ် ထရန့်နှင့် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်နေရသည်။

 

ဂျပန် ဝန်ကြီးချုပ် Fumio Kishida သည်ပင် ၎င်း၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ပါတီ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် မငြိမ်သက်မှုများနှင့် ရင်ဆိုင်နေရကာ လာမည့် ဆောင်းဦးရာသီတွင် ရာထူး လက်လွှတ်ရဖွယ် ရှိသည်။

 

ကမ္ဘာတစ်လွှားမှာ သာမန်လူထုကို အလေး‌ပေးစည်းရုံးတဲ့ လက်ယာအုပ်စု ဒီမိုကရေစီနိုင်ငံတိုင်းမှာ ထကြွလာတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်

 

 

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွင် သာမန်လူထုကို အလေးပေး စည်းရုံးသည့် ချဉ်းကပ်မှု တိုးမြင့်လာနေကြောင်း အခြား ခေါင်းဆောင်များကို ငြီးတွားပြောဆိုခဲ့သော ကနေဒါ ဝန်ကြီးချုပ်တာဝန်နှင့် ရှစ်နှစ်ကြာခဲ့ပြီဖြစ်သည့် Justin Trudeau သည် ၎င်းကို စိတ်ပျက်လာသည့် လူထုနှင့် ရင်ဆိုင်နေရသည်။

 

ကမ္ဘာတစ်လွှားမှာ သာမန်လူထုကို အလေး‌ပေးစည်းရုံးတဲ့ လက်ယာအုပ်စု ဒီမိုကရေစီနိုင်ငံတိုင်းမှာ ထကြွလာတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ဟု Mr. Trudeau က တနင်္လာနေ့တွင် ပြောသည်။

 

"နိုင်ငံရေးပါတီတွေဟာ ဒေါသ၊ ကြောက်ရွံ့မှု၊ ကွဲပြားမှုနဲ့ စိုးရိမ်မှုတွေကို လက်နက်ကိရိယာသဖွယ် ရွေးချယ်လာတာကို မြင်ရတာဟာ စိုးရိမ်စရာပါပဲ။

 

Group of 7 စိုးရိမ်မှုမှာ အကြောင်းအရာ အသစ်မဟုတ်ပေ။ ၎င်း ခုနှစ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ထုတ်လုပ်မှုမှာ လျော့ကျလာနေသည်။

 

ကမ္ဘာ့အရေး ပြောင်းလဲရန် Ms. Meloni သည် အနောက်တိုင်းမှမဟုတ်သော ထိပ်တန်းခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့မှာ အိန္ဒိယမှ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၊ ဘရာဇီး သမ္မတ Luiz Inácio Lula da Silva တူရကီ သမ္မတ Recep Tayyip Erdogan အာရပ်စော်ဘွားများ ပြည်ထောင် စု အကြီးအကဲ မင်းသား Mohammed bin Zayed ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်စကီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တို့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

 

၎င်းခေါင်းဆောင်များအနက် အချို့မှာလည်း ဖိစီးမှုများ ရှိနေသည်။ မစ္စတာ မိုဒီသည် မကြာသေးမီကမှ တတိယအကြိမ် ရွေးကောက်ခံရသော်လည်း ၎င်း၏ ပါတီမှာ လွတ်တော်နေရာအများစု ဆုံးရှုံးခဲ့သည်။ Mr. Erdogan သည် ဒေသတွင်း ရွေးကောက်ပွဲတွင် အရေးနိမ့်ထားသည်။ ၎င်းခေါင်းဆောင်များသည် အဓိက ဆွေးနွေးပွဲများတွင် ပါဝင်ခြင်း မရှိသော်လည်း အချို့မှာ မစ္စတာ ဘိုင်ဒင်၊ အခြားခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံ သွားမည်ဖြစ်သည်။

 

ရုရှား၏ ယူကရိန်းစစ်ပွဲ၊ တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြိုင်ဆိုင်မှု စသည့် ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်အတွက် အစည်းအဝေးရလဒ်ကို မျှော်လင့်ဖွယ်ရာ မရှိချေ။

 

ဘိုင်ဒန် ကတိပေးခဲ့သမျှ ထရန့်က ပြန်ဖျက်ပစ်လိုက်နိုင်တယ်ဆိုတာ ဥရောပနိုင်ငံတွေက သိပါတယ်

 

 

ဘိုင်ဒန်၏ အစိုးရက ဥရောပနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား၊ ဘက်ထရီများ၊ ဆီမီးကွန်ဒတ်တာများ တင်ပို့မှုကို အခွန်တိုးမြှင့် ပြဌာန်းရန် တွန်းအားပေးနေခဲ့သည်။ ရုရှားနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသည့် ကုမ္ပဏီများအပေါ် ဖိအားပေးမှု တိုးမြှင့်မည့် ဒုတိယအဆင့် ဒဏ်ခတ်အရေးယူမှုပြုရာတွင် ထောက်ခံကြစေရန်လည်း ကြိုးပမ်းနေသည်။

 

သို့ရာတွင်ဘိုင်ဒန် ကတိပေးခဲ့သမျှ ထရန့်က ပြန်ဖျက်ပစ်လိုက်နိုင်တယ်ဆိုတာ ဥရောပနိုင်ငံတွေက သိပါတယ်။” European Council on Foreign Relations in London မှ အကြီးတန်း မူဝါဒ ပညာရှင်၊ ပထဝီဝင်စီးပွားရေး ဦးဆောင်လှုပ်ရှားမှု ညွှန်ကြားရေးမှူး Agathe Demarais က ပြောသည်။

 

၎င်းတို့၏ ရာထူးများ မရေရာ မတည်ငြိမ်သည့်အတွက်ကြောင့် "သူတို့ သဘောတူညီမှု လက်မှတ်ထိုးခဲ့မယ်ဆိုရင် လွှတ်တော်ရဲ့ ခွင့်ပြုချက် မရနိုင်တဲ့ အန္တရာယ်ကလည်း ရှိသေးတယ်။ဟု သူမက ပြောသည်။

 

တရုတ်ကုန်သွယ်မှု၊ ရုရှားကို ဒဏ်ခတ်မှုများကို ငြင်းခုံနေရသည့်ကြားမှပင် ခေါင်းဆောင်များသည် ကြီးမားသည့် အရေးနှစ်ခုအတွက်မူ စုစည်းညီညွတ်ကြမည်ဟု သံတမန်များက ပြောသည်။ တစ်ခုမှာ ယူကရိန်းကို ထောက်ပံ့ရေးနှင့် အခြားတစ်ခုမှာ သမ္မတ ဘိုင်ဒန်၏ အစ္စရေး-ဂါဇာ စစ်ပွဲ အပစ်အခတ်ရပ်စဲရေး ကြားဝင်ကြိုးပမ်းမှုတို့ ဖြစ်သည်။

 

ကိုးကား - The New York Times CNN

ပုံစာ - ဂျွန်လ ၁၃ ရက် ၂၀၂၄ ခုနှစ် အီတလီနိုင်ငံ Savelletri တွင် ယခုနှစ် G7 အစည်းအဝေး တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များ။ (Erin Schaff/The New York Times)

 

Burma Associated Press

နိုင်ငံတကာ
နိုင်ငံရေး
အီတလီ
G7

Share With
bap-logo