Urban Life
စီစီညံနေရတဲ့ ‘ဆီ’
လွန်ခဲ့သော တစ်နှစ် က
“ဈေးတွေလားနေ့တိုင်းတက်နေတာပဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသမီးက ညည်းသည်။
ပြည်တွင်းကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာပြီး အထွေထွေကုန်ဈေးနှုန်းများ တက်လျက်ရှိသော် လည်း လုပ်အားခနှင့် ဝင်ငွေ လိုက်လံမတက်နိုင်သဖြင့် ပြည်သူများ စားဝတ်နေရေး အလွန် ကျပ်တည်းမှုကို ရင်ဆိုင်နေရလျှက်ရှိသည်။
ထိုအကျပ်အတည်းများတွင် ပြည်သူများအသုံးများသည့် စားအုန်းဆီ တစ်ပိသာ တစ်သောင်းကျပ် ကျော်သည်အထိ ဈေးတက်လာခြင်းလည်း ပါဝင်သည်။
“သန်လျင်မှာ ဆီဈေးက တစ်သောင်းကျော်သွားပြီ၊ အန်တီတို့က စားဖို့ပဲ” ဟု စက်တင်ဘာ ၂ ၌ သာကေတမြို့နယ် တစ်ဈေးအနီးရှိ ဆီအရောင်းဆိုင်တွင် ဆီဝယ်ယူရန်လာတန်းစီသည့် အမျိုးသမီး တစ်ဦးက ဆိုသည်။
“သန်လျင်မှာ ဆီဈေးက တစ်သောင်းကျော်သွားပြီ၊ အန်တီတို့က စားဖို့ပဲ”
၎င်းတို့နှစ်ဦးသည် သန်လျင်သို့ပြန်ရာ လမ်းတွင်ရှိသည့် ထိုဆီဆိုင်၌ ဆီဝယ်ရန်တန်းစီနေသည့် လူတန်းကိုမြင်ရပြီး ဆီရောင်းပေးနေမှန်းသိကာ လာရောက်ဝယ်ယူခြင်းပင်ဖြစ်သည်။ ထိုဆိုင်မှ ဆီငါးဆယ်သားတစ်ဗူး ၂,၂၀၀ ကျပ်ဖြင့် ရောင်းချပေးနေလျက်ရှိသည်။ ၎င်းတို့တွင် ဆီဗူး မပါလာ သဖြင့် တန်းစီရင်းပင် ဆီဝယ်ရန် စုံစမ်းနေသည်။ ဆီဝယ်မရတော့မည်ကိုလည်း စိုးရိမ်နေသည်။
ဆီအရောင်းဆိုင်က ထမင်းစားနားသည့် တစ်နာရီကျော်ခန့်တွင်ပင် ဆက်လက်တန်းစီ စောင့်ဆိုင်းကြ သည်။ နေ့လယ် မွန်းတည့်ချိန် အရိပ်အမိုးမရှိသည့် လမ်းဘေးတွင် တန်းစီနေကြခြင်းဖြစ်သည်။
စစ်ကောင်စီသည် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးနှုန်းတက်ခြင်းအား စားသုံးဆီ ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့ကာ ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်။ ရလဒ်မှာ စစ်အာဏာရှင်ခေတ်၏ ထုံးစံအတိုင်း ပြည်တည်နေသည့်အနာအား ပြည်မဖောက်ဘဲ အရေပြား အနာကျက်အောင် လုပ်သကဲ့သို့ပင်ရှိသည်။
နှစ်သောင်းတန်ငွေစက္ကူများ ထုတ်လုပ်ပြီးကြောင်း စစ်ကောင်စီဘက်မှ ကြေညာပြီးသည့်နောက်တွင် အထွေထွေ ကုန်ဈေးနှုန်းတက်မှု ပိုမိုမြန်ဆန်လာသည်။ အခြေခံအသုံးအဆောင်ပစ္စည်းများနှင့် ပြည် တွင်းထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချီရန်အတွက်လိုအပ်သည့် စက်သုံးဆီသည် နိုင်ငံခြားမှ တင်သွင်း ရသည်။ ထို့အပြင် ပြည်တွင်းတွင် စားသုံးသူများပြားသည့် စားအုန်းဆီအားလည်း ပြည်ပမှ တင်သွင်း ရသည်။
မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်မှုက တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်သာ ရှိပြီး ပြည်တွင်းစားသုံးဆီသုံးစွဲမှုက တစ်နှစ်ကို တန်ချိန် ၁၂ သိန်း ခန့် ရှိသည်ဟု စားသုံးသူရေးရာ ဦးစီးဌာန စာရင်းများကဆိုသည်။
ထို့အတွက် ပြည်တွင်းသုံးစွဲမှုကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်ပမှ နှစ်စဉ် ပဲပုပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ စသည့် ဆီများ တင်သွင်းနေရသည်။
တင်သွင်းမှုများအနက် စားအုန်းဆီသည် ပမာဏအများဆုံးဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၇ သိန်းနီးပါး တင်သွင်းနေရသည်ဟုဆိုသည်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက တရိပ်ရိပ်တက်လာသည့် အထွေထွေကုန်ဈေးနှုန်းသည် ယခုအခါ အရှိန်အဟုန်ဖြင့် မြင့်လာသည်။ ထိုအထွေထွေကုန်ဈေးနှုန်းများတွင် စစ်ကောင်စီဖြေရှင်းရန် ကြိုးစား သည်မှာ စားအုန်းဆီဈေးနှုန်းပင်။
တရိပ်ရိပ်တက်လာသည့် အထွေထွေကုန်ဈေးနှုန်း များတွင် စစ်ကောင်စီဖြေရှင်းရန် ကြိုးစားသည်မှာ စားအုန်းဆီ ဈေးနှုန်းပင်။
ဩဂုတ် ၃၀ တွင် စစ်ကောင်စီသည် စားအုန်းဆီအသင်းဥက္ကဌနှင့် ဆီလုပ်ငန်းရှင်ကြီးလေးဦးကို ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
စစ်ကောင်စီမှာမူ ထိုသတင်းကို ငြင်းဆိုထားသည်။
ဩဂုတ် ၃၁ တွင် စစ်ကောင်စီသည် စားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးနှင့် စပ်လျဥ်းသည့် အစည်းအဝေးခေါ်ခဲ့သည်။
မြန်မာနိုင်ငံသို့စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် လုပ်ငန်းများ၏ တာဝန်ရှိသူများ တက်ရောက် ခဲ့သည့် ထိုအစည်းအဝေးတွင် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အောင်နိုင်ဦးက ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းကျဆင်းရန် ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်း ပါဝင်ကြရန် ပြောဆိုခဲ့သည်။
ထို့အပြင် စားသုံးဆီများအား ၎င်းတို့သတ်မှတ်ထားသည့် ဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် ဆိုင်များကို တိုင်ကြားနိုင်ကြောင်း ၎င်းတို့၏ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
စားအုန်းဆီအား တစ်ဝက်ဈေးနှင့် ရောင်းချပေးမည့်အကြောင်း ကြေညာပြီး ရောင်းချပေးမည့်ဆိုင်များ စာရင်းကိုလည်း ၎င်းတို့ပိုင် လူမှုကွန်ယက်စာမျက်နှာ အသီးသီးတွင် ကြေညာထားသည်။ ထိုစာရင်း များအရ ဩဂုတ် ၂၉ မှစတင်၍ ရောင်းချပေးမည်ဟု ကြေညာထားသည့် ထိုစာရင်းတွင် ရန်ကုန်ရှိ ဆီလက်လီလက်ကားရောင်းချသည့် ဆိုင်ပေါင်း ၁၅၅ ဆိုင်ရှိပြီး ဆီပေပါအလုံးရေပေါင်း ၂,၀၀၀ ခန့် ရှိသည်။
ထို့နောက် စက်တင်ဘာ ၁ တွင် ရန်ကုန်မြို့ရှိ ဆီဆိုင်အချို့တွင် စားအုန်းဆီကို တစ်ပိသာ ၄,၅၀၀ ကျပ်ဝန်းကျင်နှင့် ရောင်းချလာကြသည်။ ရက်အနည်းငယ်အကြာတွင် စားသုံးဆီကို ထက်ဝက် ဈေးလျှော့ရောင်းချခြင်းကို မန္တလေးမြို့တွင်လည်း ဆောင်ရွက်လာသည်။
စစ်ကောင်စီသည် ဆီလုပ်ငန်းရှင်များကို ဆီဝယ်ယူရာတွင် သုံးရမည့် ဒေါ်လာလဲလှယ်ရာတွင်လည်း တစ်ဝက်အား ဗဟိုဘဏ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး ကျန်တစ်ဝက်ကိုလည်း ပြင်ပပေါက်ဈေး ထက် သက်သာစွာ ရောင်းချခဲ့သည့်အပြင် ဗဟိုဘဏ်မှ သီးခြားထောက်ပံ့မှုများလည်း ရှိထားသည်ဟု စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီးက အထက်ပါတွေ့ဆုံပွဲတွင် ဆိုခဲ့သည်။
မြေပြင်တွင်မူ စက်တင်ဘာ ၃ ၌ပင် ဆီအရောင်းဆိုင်အချို့တွင် စားအုန်းဆီရောင်းချမှုရပ်နားခဲ့သည်။ ထို့ကြောင့် စားအုန်းဆီ ဝယ်မရခြင်းများဖြစ်ပေါ်နေသည်။
ထိုစားအုန်းဆီကိုပင် ပဲဆီနှင့်ရောကာ ပဲရောဆီအနေနှင့် ရောင်းချ၍ တစ်ပိသာ ၁၁,၀၀၀ ကျပ်နှင့်ပင် ရောင်းနေကြောင်း စားသုံးသူအချို့က လူမှုကွန်ယက် စာမျက်နှာတွင် ရင်ဖွင့်ကြသည်။
ဆီရောင်းချသူအချို့သည်လည်း အရင်းတစ်ပိသာ ရှစ်ထောင်ကျော်နှင့် ဝယ်ယူရကာ လေးထောင် ကျော်နှင့် ပြန်ရောင်းရသည်ဟု ညည်းညူမှုများလည်း ရှိခဲ့သည်။
နိုင်ငံခြားငွေတန်ဖိုးတက်ခြင်းကြောင့် နိုင်ငံခြားမှတင်သွင်းရသည့် ဆီဈေးနှုန်း အဆမတန် တက်လာ သည့်အပြင် ပြည်သူများ၏ ဝင်ငွေမှာတိုးတက်မှုမရှိသဖြင့် အကျပ်အတည်းဖြစ်ပေါ်လာသည်။ ထိုအကျပ်အတည်းအား စစ်ကောင်စီကိုင်တွယ်သည့်ပုံစံသည် ဈေးရောင်းသည့်လုပ်ငန်းရှင်များနှင့် ကျပ်တည်းနေသည့် စားသုံးသူများအား ပြည်သူအချင်းချင်း ထိပ်တိုက်တွေ့ပေးလိုက်ခြင်းပင်။
စစ်ကောင်စီ ကိုင်တွယ်သည့် ပုံစံသည် ဈေးရောင်း သည့် လုပ်ငန်းရှင်များနှင့် ကျပ်တည်းနေသည့် စားသုံးသူများအား ပြည်သူအချင်းချင်း ထိပ်တိုက် တွေ့ပေးလိုက်ခြင်းပင်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆက်တိုက်ကျဆင်းလာသည့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ များ၏ ဝင်ငွေကြားတွင် ကုန်ဈေးနှုန်းသည် ပိုမိုတက်လာလျက်ရှိသည်။ အာဏာသိမ်း စစ်ကောင်စီ သည် ထိုပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်ခြင်းမရှိကြောင်းကို ၎င်းတို့၏ စားအုန်းဆီ ကျဆင်းရေး ဆောင်ရွက်မှုက သက်သေပြနေသည်။
စစ်ကောင်စီ၏ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် လက်ကားရည်ညွှန်းဈေးသည် စက်တင်ဘာ ၄ မှ ၁၀ အတွင်း စားအုန်းဆီ တစ်ပိသာ ၄,၁၅၀ ကျပ် ဖြစ်သည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူထားသည့် ဆီအရာင်းဆိုင်များသည် လက်ကားရည်ညွှန်းဈေးအပေါ်အသားတင်အမြတ် ၂ ရာခိုင်နှုန်း နှင့် အထွေထွေကုန်ကျစရိတ် ပေါင်းပြီးသောဈေးနှုန်းဖြင့် ရောင်းချရန် ထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်ချက်တွင် အရာင်းဆိုင်များသည် နောက်ဆုံးစားသုံးသူများအထိ အဆင့်ဆင့်လက်လွှဲ ရောင်းချရာတွင်လည်း ရည်ညွှန်းဈေး၏ ၁၀ ရာခိုင်နှုန်း ထက်ကျော်လွန်ရောင်းချခြင်းမပြုရန်လည်း ပါဝင်သည်။
ထို့ကြောင့် စားအုန်းဆီအရောင်းဆိုင်များသည် လက်ကားရည်ညွှန်းဈေး ၄,၁၅၀ ကျပ်အပေါ် အသားတင်အမြတ် ၂ ရာခိုင်နှုန်း အပေါင်း ဖြစ်သည့် ၄,၂၃၁ ကျပ်နှင့် သယ်ယူပို့ဆောင်စရိတ် အပါအဝင် ဆီပေပါဖိုးကဲ့သို့ အထွေထွကုန်ကျစရိတ်ကို ပေါင်းထည့်၍ ရလာသည့် ဈေးနှုန်းဖြင့် ရောင်းချရန်ဖြစ်သည်။
ထို့အပြင် နောက်ဆုံးစားသုံးသူသို့ လက်လီပြန်ရောင်းရသည့်ဈေးနှုန်းသည် ရည်ညွှန်းဈေးနှုန်းအပေါ် ၁၀ ရာခိုင်နှုန်း ပေါင်းခြင်းပမာဏထက် မပိုရပေ။ စားအုန်းဆီအရောင်းဆိုင်များ ပြန်ရောင်းရသည့် ဈေးနှုန်းသည် ၄,၅၆၅ ကျပ်ထက် မကျော်ရနိုင်ပေ။
လက်ရှိတွင် ဆီတစ်ပေပါ ၆၀,၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိပြီး ယင်းကိုသယ်ဆောင်ရန် ကားခသည်လည်း သောင်းဂဏန်းရှိသည်။
ထိုသယ်ယူစရိတ်နှင့် အထွေထွေကုန်ကျစရိတ်ကို အမှန်အတိုင်းထည့်၍ လက်လီဈေးနှုန်း သတ်မှတ်လျှင် စစ်ကောင်စီထုတ်ပြန်ထားသည့် လက်လီရောင်းချရမည့်ဈေးနှုန်းနှင့် ကိုက်ညီရန် မဖြစ်နိုင်တော့ပေ။
မြန်မာနိုင်ငံတွင် လူသုံးများသည့် လူမှုကွန်ယက် facebook စာမျက်နှာမှ စားဆီရောင်းချသူများ ဂရုတွင် ခွဲတမ်းရသည့် ဆီပေပါအား တစ်ပိသာ ၄,၃၀၀ ကျပ်နှုန်းဖြင့်ဝယ်ယူရကာ ၄,၄၀၀ ဈေးဖြင့် ပြန်လည်ရောင်းချရန် ညွှန်ကြားခဲ့သည်ဟု ဆီရောင်းချသည့်လုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့်ထားသည်။
ဆီတစ်ပေပါအတွက် ၁၁,၀၀၀ ကျပ်သာ ပြန်ရနိုင်ပြီး ထိုဆီပေပါအား သယ်ယူရသည့်စရိတ်နှင့် အခြားအထွေထွေ ကုန်ကျစရိတ်များပေါင်းလျှင် အမြတ်မရှိဘဲ အရှုံးပေါ်သည်ဟုဆိုထားသည်။ ၎င်းတွက်ပြထားသည့် သယ်ယူစရိတ်နှင့် ဆီပေပါဖိုးကုန်ကျစရိတ်ပင် တစ်သိန်းတစ်သောင်းကျပ်ခန့် ရှိသည်။ ၎င်းရင်ဖွင့်ထားသည့် တွက်ချက်မှုတွင် အလုပ်သမားခကဲ့သို့သော ဗာဟီရကုန်ကျစရိတ်များ မပါဝင်သေးပေ။
စစ်ကောင်စီ၏ စားသုံးဆီဈေးကျဆင်းရန် ကြိုးပမ်းအားထုတ်မှုသည် စစ်အာဏာရှင်ပီသစွာ ပြည်သူများထဲမှ လူတန်းစားတစ်ရပ်အား လည်ပင်းညှစ်ခြင်းနည်းလမ်း ထပ်မံထွက်ပေါ်လာခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။
စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီမရောင်းဟုဆိုကြသဖြင့် စားအုန်းဆီအသုံးပြုသည့် အကြော်အလှော်လုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင်များသည် နောက်ဆက်တွဲအဖြစ် အခက်အခဲ ဖြစ်ကြရသည်။ ထို့အပြင် ရောင်းချသူများကြားသာမက စားသုံးသူများကြားတွင်လည်း စစ်ကောင်စီ သတ်မှတ်ထားသည့် လျှော့ဈေးဖြင့်ရောင်းချသည့် ဆိုင်များတွင် တစ်ပိသာ ၄,၄၀၀ ကျပ်ဝန်းကျင်ဖြင့် တန်းစီဝယ်ယူကာ ၈,၀၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချခြင်းများလည်း ပေါ်ပေါက်လာပြန်သည်။
ဈေးကွက်တွင် စားအုန်းဆီနေရာ၌ ပဲဆီရောကာ ပဲရောဆီ ဟူ၍ဘတစ်ပိသာ ၁၁,၀၀၀ ကျပ်ဖြင့်ပင် ပြန်လည်ရောင်းချမှုများပြားလာသည်။ ထိုပဲရောဆီသည် အမှန်တကယ် ပဲဆီရောမရော မည်သူမျှ မစစ်ဆေးနိုင်ပေ။
စစ်ကောင်စီသည် စားအုန်းဆီဈေးကျဆင်းရန် ဆီလုပ်ငန်းရှင်များနှင့် အရောင်းဆိုင်များကို ဖိအားပေးသည့် ဤဖြေရှင်းနည်းအား မန္တလေး၊ ပုသိမ်နှင့် နေပြည်တော်မြို့များအထိ ဖြန့်ကျက်နေလျက် ရှိသည်။ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ ဘိတ်၊ ကော့သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့နယ်များတွင် ရောင်းချပေးလျက်ရှိပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆက်လက်ရောင်းချပေးမည်ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကကြေညာ ထားသည်။
Burma Associated Press