Politics
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ သုံးသန်းကျော်ပြီဟု ကုလပြော
လွန်ခဲ့သော ၉ လ က
တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ပြီးခဲ့သည့် ခြောက်လအတွင်း နေရပ်စွန့်ခွာရသူ ၅၀ ရာခိုင်နှုန်း ခုန်တက်သွားသည်ဟု ကုလသမဂ္ဂက ပြောသည်။
ပဋိပက္ခကြောင့် နေအိမ်များမှ အတင်းအကျပ် စွန့်ခွာခဲ့ရသူ အရေအတွက် သုံးသန်းကျော်သွားပြီဖြစ်ပြီး နိုင်ငံအတွက် "မှောင်မိုက်မျှော်လင့်ချက်မဲ့သော မှတ်တိုင်တစ်ခု” အဖြစ် ဖော်ပြခဲ့သည်။
“ပဋိပက္ခ ပိုမိုပြင်းထန်လာနေစဉ်အတွင်း တစ်နိုင်ငံလုံးမှ အရပ်သား သုံးသန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့်အတွက် မြန်မာနိုင်ငံသည် ယခုအပတ်တွင် မှောင်မိုက် မျှော်လင့်ချက်မဲ့သည့် မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ချက်တစ်စောင်၌ ပြောသည်။
“မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကပင် တိုးမြင့် နက်ရှိုင်းလာနေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ၂၀၂၄ ခုနှစ်တွင် ချောက်ကမ်းပါး၌ ရပ်နေသည်။ နိုင်ငံအနှံ့အပြားဖြစ်ပေါ်နေသော ပဋိပက္ခများ၏ အကျိုးဆက်များကြောင့် လူအရေအတွက် စံချိန်တင်၍ ဘေးကင်းရာ ရှာဖွေရန် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရသည်။”
ပြည်တွင်း နေရပ်စွန့်ခွာသူ သုံးသန်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် ထွက်ပြေးခဲ့ရခြင်းဖြစ်သည်ဟု ကုလက ပြောသည်။
နေရပ်စွန့်ခွာသူများ၏ တစ်ဝက်ခန့်မှာ အနောက်မြောက်ဘက် ချင်း၊ မကွေးနှင့် စစ်ကိုင်းဒေသများမှ ဖြစ်ပြီး အရှေ့တောင်ဘက်တွင် ၉၀၀၀၀၀ ကျော် ရှိသည်။
နက်ရှိုင်းလာသော ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှ လူပေါင်း ၁၈.၆ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ လိုအပ်နေကြောင်း၊ ၂၀၂၃ ခုနှစ်ထက် ၁ သန်း ပိုမိုလာကြောင်း ကုလက ပြောသည်။
သို့ရာတွင် ၎င်းလိုအပ်နေသူများထံ ရောက်ရှိကူညီရေး အားထုတ်မှုအတွက် "စုစုပေါင်း ဘဏ္ဍာရေးမလုံလောက်မှု” က အတားအဆီးဖြစ်နေသည်ဟု ပြောသည်။ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေ၏ ၅ ရာခိုင်နှုန်းအောက်သာ ရရှိသေးသည်ဟု ပြောသည်။
“ဆိုင်ကလုံးရာသီ လျင်မြန်စွာ ချဉ်းကပ်လာစဉ် ထိခိုက်ခံစားလွယ်မှု အများဆုံးလူများကို ကာကွယ်ရန်နှင့် အသက်များ ကယ်ဆယ်နိုင်ရန် ထပ်တိုး အရင်းအမြစ်များ လိုအပ်သည်။” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက်ကယ်ဆယ်နိုင်မည့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို စစ်တပ်က ဥပဒေ၊ ဗျူရိုကရေစီနှင့် ဘဏ္ဍာရေးဆိုင်ရာ အတားအဆီးများ ဖန်တီးပြီး လိုအပ်သည့်လူများထံ မရောက်ရှိစေရန် တားဆီးခဲ့သည်ဟု ပြီးခဲ့သည့်နှစ်တွင် ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က စွပ်စွဲခဲ့သည်။
ကိုးကား - Al Jazeera
ပုံစာ - ပြီးခဲ့သည့် နိုဝင်ဘာလက လွိုင်ကော်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသော အရပ်သားများ။ (Reuters)
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၅ ရက် က