bap-logo
Politics

ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ကုလသမဂ္ဂတွင် ကြိုးပမ်းမှု အမေရိကန် ဗီတိုဖြင့် ပယ်ချ

I8jH-2BCnVL1EDL_aSXAD-image

လွန်ခဲ့သော ၅ လ က

 

ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက တားမြစ်လိုက်သည်။

 

၎င်းဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ ဦးက ထောက်ခံခဲ့ပြီး ယူကေနှင့် ဆွစ်ဇာလန်တို့က မဲမပေးဘဲ နေခဲ့သည်။ အမေရိကန်နိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

 

ပါလက်စတိုင်းအာဏာပိုင်အကြီးအကဲ Mahmoud Abbas က အမေရိကန်၏ ဗီတိုအသုံးပြုမှုကို "ကုလသမဂ္ဂတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေး အခိုင်အမာ ထောက်ခံသော နိုင်ငံတကာအသိုင်း အဝိုင်း၏ ဆန္ဒကို မတရားသော၊ အကျင့်ပျက်သော၊ တရားမျှတမှုမရှိသော ဆန့်ကျင်မှု" ဟု ပြတ်သားစွာ ဝေဖန်ခဲ့သည်။

 

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Katz က "အရှက်မဲ့သော အဆိုပြုချက်" ဟု ၎င်းက ခေါ်တွင်သည့် ဆုံးဖြတ်ချက်အပေါ် အမေရိကန်၏ ဗီတိုအသုံးပြုမှုကို ချီးကျူးအားပေးလိုက်သည်။

 

“Holocaust အစုအပြုံလိုက် သတ်ဖြတ်မှုနောက်ပိုင်း အကြီးမားဆုံး ဂျူးလူမျိုး အမြောက်အများ သတ်ဖြတ်ခံရတာ၊ ဟားမက်စ်အကြမ်းဖက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ အခြား ရက်စက်ကြမ်းကြုပ်မှုတွေအပြီး ခြောက်လကျော်အကြာမှာ ပါလက်စတိုင်းနိုင်ငံအသိအမှတ်ပြုရေး အဆိုပြုချက်ဟာ အကြမ်းဖက်ဝါဒအတွက် ဆုလာဘ်တစ်ခုပဲ။ဟု အမေရိကန်ဗီတိုပယ်ချမှုအပြီး Katz က X တွင် ရေးသားသည်။

 

ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ရေး ပါလက်စတိုင်းတို့ ကြိုးပမ်းအားထုတ်မှုမှာ ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားသည့် ဟားမက်စ်စစ်သွေးကြွတို့၏ အစ္စရေးတို့အပေါ် မကြုံစဖူးတိုက်ခိုက်မှုအပြီး ခြောက်လအကြာတွင် ကြိုးပမ်းလာခြင်းဖြစ်သည်။ ၎င်းတိုက်ခိုက်မှုတွင် အစ္စရေး ၁,၂၀၀ ကျော် သေဆုံးခဲ့ကာ ဓားစာခံ ၂၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ အစ္စရေးတို့၏ တုန့်ပြန်မှုကြောင့် ဂါဇာတွင် လူပေါင်း ၃၄,၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ဂါဇာအာဏာပိုင်များအဆိုအရ သိရသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရသူ Vedant Patel က ကြာသပတေးနေ့အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုသည် "နယူးယောက်မြို့တွင် အချိန်မတန်ဘဲ လုပ်ဆောင်မှုများသည် အကောင်းဆုံး ရည်ရွယ်ချက်များဖြင့်ပင် ပါလက်စတိုင်းပြည်သူလူထုအတွက် နိုင်ငံတော်တည်ထောင်ရေးကို မဖြစ်စေနိုင်ကြောင်း စဉ်ဆက်မပြတ် အလွန်ရှင်းလင်းစွာ နားလည်ပါသည်။" ဟု ကုလရုံးချုပ်ကို ရည်ညွှန်း၍ ပြောခဲ့သည်။

 

၎င်းက ပါလက်စတိုင်းတို့သည် ကုလအဖွဲ့ဝင်ဖြစ်ရေ သတ်မှတ်ချက်များ ပြည့်စုံကြောင်း တညီတညွတ်တည်း ဆုံးဖြတ်မှုလည်း မရှိကြောင်း၊ အနာဂတ်တွင် နိုင်ငံဖြစ်ပေါ်ရေးမှာ အစ္စရေးနှင့် ပါလက်စတိုင်းကိုယ်စားလှယ်များ ဆွေးနွေးမှုများအပေါ် မူတည်သည်ဟု အမေရိကန်နိုင်ငံက ယုံကြည်ကြောင်းလည်း ပြောသည်။ ၎င်းဆွေးနွေးမှုများကို အမေရိကန်နှင့် အခြားသော ရည်ရွယ်ချက်တူသည့် မိတ်ဖက်များ၏ ထောက်ခံအားပေးမှုဖြင့် ပြုလုပ်သွားမည့် ဆွေးနွေးမှုများပေါ် မူတည်သည်ဟု ဆိုသည်။

 

ပါလက်စတိုင်းတို့၏ အဖွဲ့ဝင်နိုင်ငံ အပြည့်အဝဖြစ်ရေး အသိအမှတ်ပြုရန် ကြိုးပမ်းမှုမှာ ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်းတို့ကို ယခုအခါ အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် နိုဝင်ဘာလ ၂၀၁၂ ခုနှစ်တွင် ခွင့်ပြုထားသည်။

 

ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသံအမတ် Rihad Mansour က ၎င်းကြိုးပမ်းမှုကို "သမိုင်းဝင်အခိုက်အတန့်ဟု ခေါ်ဆိုလိုက်ပြီး "ပါလက်စတိုင်းကို အပြည့်အဝ အဖွဲ့ဝင်အဖြစ် လက်ခံခြင်းအားဖြင့် နှစ်နိုင်ငံ ဖြေရှင်းချက်အပေါ် ကမ္ဘာ့ သဘောတူညီမှုကို မြှင့်တင်ဖို့ လုံခြုံရေးကောင်စီသည် မိမိကိုယ်ကိုယ် မြှင့်တင်သွားမည်။ဟု မျှော်လင့်ကြောင်း ပြောသည်။

 

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ် Gilad Erdan က သောကြာနေ့လှုပ်ရှားမှုကို "ပါလက်စတိုင်း အကြမ်းဖက်နိုင်ငံအဖြစ် ယူဆကာ ပြစ်တင်ရှုတ်ချခဲ့သည်။

 

ဒါက ပုံမှန် နိုင်ငံ တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက အကြမ်းဖက်မှု ကျူးလွန်ဖို့၊ အစ္စရေး ပျက်သုန်းရေး လုပ်ဆောင်ဖို့ ပါလက်စတိုင်း-နာဇီ နိုင်ငံတစ်ခု ဖြစ်လာလိမ့်မယ်။ဟု ၎င်းက ဖြည့်စွက်သည်။

 

ကိုးကား - CNN

ပုံစာ - ဧပြီလ ၁၈ ရက် ၂၀၂၄ ခုနှစ် အရှေ့အလယ်ပိုင်းအရေး ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး။ (Angela Weiss/AFP/Getty Images)

 

Burma Associated Press

ပါလက်စတိုင်း
ကုလသမဂ္ဂ
အမေရိကန်

Share With
bap-logo