bap-logo
Politics

မြန်မာစစ်အာဏာရှင်တို့အပေါ် ကန့်သတ်အရေးယူမှုများ ပိုမိုချမှတ်ရန် ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူတိုက်တွန်း

BLEHlh4I7gMZFQ-LD8g3_-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်အုပ်ချုပ်သူများ၏ အဓိကဝင်ငွေရလမ်းဖြစ်သော နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းအပေါ်တွင် ပိုမိုတင်းကျပ်သော ကန့်သတ်အရေးယူမှုများ ချမှတ်ရန် အမေရိကန်နိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်သည်။

 

ယခင် အမေရိကန် ဥပဒေပြုလွှတ်တော် အဖွဲ့ဝင်ဟောင်းဖြစ်သူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က အမေရိကန်အစိုးရအနေဖြင့် အနိမ့်ဆုံးအားဖြင့် မြန်မာနိုင်ငံအတွင်းနှင့် အပြင်ရှိ စစ်အာဏာရှင်တို့၏ ဖိနှိပ်ရက်စက်မှုကျူးလွန်ခံရသူတို့ကို လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်သည့် အဆင့်များ ထိန်းသိမ်းထားရန် အရေးတကြီးလိုအပ်ကြောင်းလည်း ပြောကြားသည်။

 

Andrews က အမေရိကန် ဥပဒေပြုလွှတ်တော်၏ လူ့အခွင့်အရေးကော်မရှင် Tom Lantos ကို ကြားနာရပြီးနောက် အမေရိကန်အပါအဝင် အလှူရှင်အချို့ အစီရင်ခံစာများအရ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာဒုက္ခသည်များအပေါ် ထောက်ပံ့မှု လျော့ချကောင်း လျော့ချနိုင်ကြောင်း သိရှိရသည့်အတွက်လည်းကောင်း၊ ပူးတွဲတုံ့ပြန်မှုအစီအစဉ်တွင် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာကလေးငယ်များ အတွက် အစားအသောက်ခွဲတမ်းပါဝင်သော ရန်ပုံငွေမှာ ယခုနှစ်အထိ ၃၂ % သာ ရရှိကြောင်း ဖော်ပြထားသည့်အတွက် "ထိတ်လန့်မိကြောင်းပြောကြားသည်။

 

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဘဏ်တို့အပေါ် ဂျွန်လက ကန့်သတ်အရေးယူမှုများ ပြုလုပ်ခဲ့သည့်အတွက် Andrews က အမေရိကန်အစိုးရကို ချီးကျူးခဲ့သော်လည်း ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

 

ကန့်သတ်အရေးယူမှုတွေ ပိုမိုချမှတ်ဖို့ လိုအပ်ပါတယ်။ အမေရိကန်အစိုးရကို ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ရဲ့ အကြီးမားဆုံးဝင်ငွေရလမ်းဖြစ်တဲ့ မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကို ကန့်သတ်အရေးယူဖို့ တိုက်တွန်းပါတယ်။” ဟု Andrews က ပြောသည်။

 

ဝင်ငွေကို ဖြတ်တောက်နိုင်ရင် အကြမ်းဖက်ရက်စက်မှုတွေ ဆက်လက် လုပ်ဆောင်နိုင်စွမ်းကို ဖြတ်တောက်နိုင်တာပဲ။” ဟု စစ်တပ်ကြောင့် အရပ်သား သေဆုံးရမှုများကို ရည်ညွှန်းပြောဆိုသည်။

 

အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများနှင့် အတူတကွ လုပ်ဆောင်ကာ စစ်အာဏာရှင်တို့အတွက် လက်နက်ရယူပိုင်ခွင့်များကို ပိတ်ဆို့ရန်လည်း Andrews က တိုက်တွန်းလိုက်သည်။

 

ပြီးခဲ့သည့်လတွင် အမေရိကန်အစိုးရက စစ်အာဏာရှင်များ လေကြောင်းတိုက်ခိုက်မှုပြုရာတွင် အသုံးပြုနေ သော ဂျက်လေယာဉ်ဆီ ဝယ်ယူရန် ကူညီပေးနေသည့် ကုမ္ပဏီများနှင့် တစ်သီးပုဂ္ဂလများပါဝင်သည့် မြန်မာအပေါ် ကန့်သတ်အရေးယူမှုများ တိုးချဲ့ချမှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သား ၃ ၉၀၀ ကျော် သတ်ဖြတ်ခဲ့ကြောင်း ခန့်မှန်းထားကြသည်။

 

ဇန်နဝါရီလတွင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် လက်ထောက် ဦးဆောင် ညွှန်ကြားရေးမှူးတို့အပေါ်တွင် အမေရိကန်နိုင်ငံက ပစ်မှတ်ထား ကန့်သတ်အရေးယူမှု ပြုလုပ်ခဲ့သည်။ သို့ရာတွင် အခွင့်အရေးလှုပ်ရှားမှုအဖွဲ့များနှင့် အတိုက်အခံများက တိုက်တွန်းနေသည့်ကြားမှ အဖွဲ့အစည်းအလိုက် ကန့်သတ်အရေးယူရန် ကျန်ရှိနေသေးသည်။

 

မြန်မာစစ်တပ်အရာရှိများသည် ကန့်သတ်အရေးယူမှုများကို အရေးမပါကြောင်း၊ ၎င်းတို့ ပစ်မှတ်ထားသည်မှာ သောင်းကျန်းသူများကိုသာ ဖြစ်ကြောင်း ပြောဆိုထားသည်။

 

မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်နှင့် အခြား ပစ္စည်းကိရိယာများ အနည်းဆုံး တန်ဖိုး ဒေါ်လာ ၁ ဘီလီယံခန့် တင်သွင်းခဲ့ကြောင်း Andrews က မေလ အစီရင်ခံစာတွင် ဖော်ပြထားပြီး အတိုက်အခံများကို ချေမှုန်းရန် ကူညီပေးနေသော ရုရှားနှင့် တရုတ်တို့ကို ကန့်ကွက်ဖော်ပြထားသည်။

 

ကိုးကား - Reuters

ပုံစာ - ဂျူလိုင်လ ၁၁ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် လစ်လပ်နေသော မြန်မာနိုင်ငံ၏ ထိုင်ခုံနေရာ။ (Photo: REUTERS/Ajeng Dinar Ulfiana/Pool/File Photo)

 

UN
ပိတ်ဆို့အရေးယူမှု
အထူးကိုယ်စားလှယ်
Tom Andrews
မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း

Share With
bap-logo