War
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် အကျုံးဝင်သည့် စစ်ရာဇဝတ်မှုများ
လွန်ခဲ့သော တစ်နှစ် က
ဟားမက်စ်စစ်သွေးကြွတို့၏ ပြီးခဲ့သည့် ရက်သတ္တပတ်ကုန် တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ပဋိပက္ခကြောင့် နှစ်ဘက်လုံးတွင် သေဆုံးမှုများ မြင့်တက်လာနေခဲ့သည်။
စစ်ပွဲဆိုသည်မှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့သည့် အချိန်ကပင် စတင်၍ ရှုပ်ထွေးသည့် နိုင်ငံတကာ တရားရေးစနစ်အောက်တွင် ကျရောက်နေခဲ့သည်။
ပဋိပက္ခကို မည်သည့်ဥပဒေဖြင့် စီရင်သနည်း။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုခဲ့သည့် ၁၉၄၉ ခုနှစ် ဂျီနီဗာ သဘောတူညီချက်များဖြင့် လက်နက်ကိုင်ပဋိပက္ခများကို စီရင်ရန် နိုင်ငံတကာက လက်ခံထားခဲ့ကြပြီး နိုင်ငံတကာ စစ်ရာဇ၀တ်မှု ခုံရုံးများတွင် စီရင်ထုံးများဖြင့် ဖြည့်စွက်ထားသည်။
အရပ်သားများ၊ စစ်သားများနှင့် စစ်ပွဲအတွင်းမှ အကျဉ်းသားများအပေါ် ဆက်ဆံရေးကို သဘောတူချက်များ အစဉ်လိုက်ရေးဆွဲစီရင်ခဲ့ပြီး "လက်နက်ကိုင်ပဋိပက္ခ ဥပဒေ” သို့မဟုတ် "နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ" စုပေါင်းဖွဲ့စည်းထားသည့် စနစ်တစ်ခုအဖြစ် အများသိရှိကြသည်။ ၎င်းဥပဒေသည် အစိုးရတပ်ဖွဲ့များ၊ ဟားမက်စ် စစ်သွေးကြွများအပါအဝင် လက်နက်ကိုင်အစုအဖွဲ့များအားလုံးအတွက် အကျုံးဝင်သည်။
အစ္စရေးတွင် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့် သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများအတွင်း ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများအားလုံးသည် သက်ဆိုင်ရာနယ်မြေများတွင် တရားစီရင်ခံရမည်မဟုတ်ဘဲ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာရာဇဝတ်မှုတရားရုံး International Criminal Court (ICC) ကသာ စွဲချက်တင်နိုင်သည့် တစ်ခုတည်းသော နိုင်ငံတကာတရားရုံးဖြစ်သည်။
ပြည်တွင်းတရားရုံးများသည် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာစီရင်မှုများ မည်ကာမတ္တမျှသာ လုပ်ဆောင်နိုင်ပြီး ကျယ်ပြန့်စွာစီရင်နိုင်မှု အကန့်အသတ်ရှိသည်
ပြည်တွင်းတရားရုံးများသည် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာစီရင်မှုများ မည်ကာမတ္တမျှသာ လုပ်ဆောင်နိုင်ပြီး ကျယ်ပြန့်စွာစီရင်နိုင်မှု အကန့်အသတ်ရှိသည်။
ပြည်တွင်းအာဏာပိုင်များက ၎င်းတို့၏ နိုင်ငံသားများ စွပ်စွဲခံရသည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် "ဆန္ဒ မရှိလျှင်သော်လည်းကောင်း စုံစမ်းစစ်ဆေးခြင်း မပြုလုပ်နိုင်လျှင်သော်လည်းကောင်း" ရောမ သဘောတူ ညီချက်အရ ဖွဲ့စည်းထားသည့် ICC ကို ၎င်းသဘောတူညီချက်က တရားရေးစီရင်နိုင်ရန်အခွင့် ပေးအပ်ထားသည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် ကျူးလွန်နိုင်ချေရှိသော ရာဇဝတ်မှုများသည် လုပ်ပိုင်ခွင့်အတွင်း အကျုံးဝင် ကြောင်း၊ အချက်အလက်များ ဆက်လက်စုဆောင်းနေကြောင်း အင်္ဂါနေ့တွင် ICC တရားလိုရှေ့နေရုံးမှ ပြောကြားသည်။
ICC ၏ အခန်းကဏ္ဍ
နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) သည် စစ်ရာဇဝတ်မှုဆိုင်ရာ အမြဲတမ်း ကမ္ဘာ့ခုံရုံးဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် သည်ဟိဂ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်း၏ အဖွဲ့ဝင် ၁၂၃ ခုသော နိုင်ငံများမှသော်လည်းကောင်း၊ ၎င်းနိုင်ငံများ၏ နိုင်ငံသားများကသော်လည်းကောင်း ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ICC က စီရင်ခွင့်ရှိသည်။
တရုတ်၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယနှင် အီဂျစ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံအများအပြားမှာ အဖွဲ့ဝင် နိုင်ငံများ မဟုတ်ကြပေ
တရုတ်၊ အမေရိကန်၊ ရုရှား၊ အိန္ဒိယနှင် အီဂျစ်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံအများအပြားမှာ အဖွဲ့ဝင် နိုင်ငံများ မဟုတ်ကြပေ။ ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ICC မှ အသိအမှတ်ပြုထားပြီး အစ္စရေးက ၎င်းတရားရုံး၏ စီရင်မှုကို ငြင်းပယ်ကာ တရားဝင်ဆက်ဆံခြင်းမပြုပေ။
လုပ်ငန်းလည်ပတ်ရေး ငွေကြေး သုံးစွဲနိုင်မှုနှင့် ဝန်ထမ်းအကန့်အသတ်ရှိသည့်အတွက် ICC တရားလို ရှေ့နေများသည် လက်ရှိတွင် ယူကရိန်း၊ အာဖဂန်နစ္စတန်၊ ဆူဒန်နှင့် မြန်မာအပါအဝင် အမှု ၁၇ ခုကို စုံစမ်း စစ်ဆေးနေသည်။ ၂၀၂၃ ခုနှစ် ပါလက်စတိုင်းနယ်မြေအတွင်း စုံစမ်းစစ်ဆေးရန်အတွက် ICC ၏ လုပ်ငန်း လည်ပတ်ရေး သုံးစွဲနိုင်မှုမှာ ယူရိုငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၀၆ သန်း) အောက်သာ လျာထားခံရပြီး အရင်းအမြစ်များ ပိုမိုရရှိလာရန် ရှာဖွေနေရသည်။
ICC သည် ပါလက်စတိုင်း နယ်မြေများအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခံရမှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၂၀၂၁ ခုနှစ်ကစတင်၍ ယခုအချိန်ထိ ဆက်လက် စုံစမ်းစစ်ဆေးနေသည်။
၎င်းတရားရုံးက မည်သည့် ဖမ်းဝရမ်းမျှ ထုတ်ပြန်ခဲ့ခြင်း မရှိပါ။
ပြစ်မှုဆိုင်ရာ ချိုးဖောက်မှုများကို အစ္စရေးတပ်ဖွဲ့များ၊ ဟားမက်စ်စစ်သွေးကြွများနှင့် အခြား လက်နက်ကိုင် ပါလက်စတိုင်းအစုအဖွဲ့များအားလုံးက ကျူးလွန်နေသည်ဟု ယုံကြည်ရကြောင်း ၂၀၂၁ ခုနှစ်တွင် တရားလို ရှေ့နေက ပြောကြားခဲ့သည်။
ဘယ်လိုလုပ်ဆောင်မှုတွေက စစ်ရာဇဝတ်မှုဥပဒေကို ကျူးလွန်ချိုးဖောက်မှု မြောက်သလဲ။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များ၏ ရည်ရွယ်ချက်ရှိရှိ အရပ်သားများကို ပစ်မှတ်ထားခြင်း၊ အရပ်ဘက် စစ်ဘက် မခွဲခြားသည့် ဒုံးကျည်ပစ်ခတ်မှုများ၊ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းယူခြင်းများသာမက ဂါဇာတွင် ပါလက်စတိုင်း ရာချီ၍ သေဆုံးစေခဲ့သည့် အစ္စရေး၏ တန်ပြန် တိုက်ခိုက်မှုတို့သည် စစ်ရာဇဝတ်မှု မြောက်နိုင်သည်ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဖော်ထုတ်ပြောဆိုထားသည်။
“ရည်ရွယ်ချက်ရှိရှိ အရပ်သားများကို သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းယူခြင်း၊ ရောထွေးပြစ်ဒဏ် ပေးခြင်းတို့သည် ခွင့်လွှတ်ဖွယ်မရှိသည့် စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုများဖြစ်ကြောင်း” ၎င်းအဖွဲ့၏ အစ္စရေးနှင့် ပါလက်စတိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Omar Shakir က ပြောကြားသည်။
ဓားစာခံဖမ်းယူခြင်း၊ သတ်ဖြတ်မှုနှင့် နှိပ်စက်မှုများသည် ဂျနီဗာသဘောတူညီချက်များအရ အတိအလင်း တားမြစ်ထားပြီး ဖြစ်ကာ အစ္စရေး၏ တုံ့ပြန်မှုသည်လည်း စစ်ရာဇဝတ်မှုအရ စုံစမ်းစစ်ဆေးခံရနိုင်သည်။
လူဦးရေ ၂.၃ သန်းရှိသည့် ဂါဇာကမ်းမြှောင်သို့ အစားအသောက်နှင့် လောင်စာဆီများ မရောက်ရှိစေရန် တားမြစ်ပိတ်ဆို့ခဲ့သည့်အတွက် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ကုလသမဂ္ဂအရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့များကို ချေမှုန်းရန် အစ္စရေးက မြေပြင် ထိုးစစ်ပြုလုပ်မည်ဟု မျှော်မှန်းချက်များ ထွက်ပေါ်နေသည့်အချိန်တွင် Gallant က ဟားမက်စ်များကို “ကမ္ဘာပေါ်က ပျောက်ကွယ်သွားစေရမည်" ဟု ကတိပြုခဲ့သည်။
ဂျနီဗာသဘောတူညီချက် အကျုံးဝင်သလား။
အစ္စရေးသည် တုံ့ပြန်ရန် အခွင့်အရေးနှင့် တာဝန်ရှိသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့တွင် ပြောကြားလိုက်ပြီး ၎င်းနှင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုတို့သည် "ဥပဒေစိုးမိုးရေးနှင့်အညီ ကျွန်ုပ်တို့ ဆောင်ရွက်လျှင် ဒီမိုကရေစီနိုင်ငံများဖြစ်သော အစ္စရေးနှင့် အမေရိကန်တို့ မည်သို့ ပိုမိုခိုင်မာ လုံခြုံလာနိုင်ကြောင်း” ဆွေးနွေးခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
စစ်ရေးရည်မှန်းချက်များကို တိုက်ခိုက်ရာတွင် နိုင်ငံတကာဥပဒေအရ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ဆိုင်မှု အထိအခိုက်များသည် မျှော်မှန်းထားသည့် စစ်ရေးအားသာချက်နှင့် တိုက်ရိုက်အချိုးကျ ခြင်းသော်လည်းကောင်း အလွန်အကျွံဆုံးရှုံးခြင်းသော်လည်းကောင်း မရှိစေရပေ။
ရာချီသည့် အကပွဲတော်သို့ ပျော်ရွှင်စွာ လာရောက်ကြသူများ နှင့် ဂါဇာနယ်စပ်အနီး စုပေါင်းစိုက်ပျိုး နေထိုင်ကြသည့် အရပ်သားအခြေချနေထိုင်သူ အသိုင်းအဝိုင်းများ (Kibbutz)ကို ဟားမက်စ်စစ်သွေးကြွများ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုအတွက် သိသာထင်ရှားစွာ အာရုံစိုက်ရမည့် အချက် ဖြစ်ကြောင်း ဗြိတိသျှတွင် မွေးဖွားသည့် အစ္စရေးလူမျိုး ICC မှ ခုခံချေပမှုဆိုင်ရာ ဥပဒေသမား Nick Kaufman က ဖော်ထုတ်ပြောဆိုသည်။
(အမေရိကန် ၁ ဒေါ်လာ = 0.9424 ယူရို )
ကိုးကား - Reuters
ပုံစာ - အောက်တိုဘာ ၁၁ ရက် ၂၀၂၃ ခုနှစ် ဂါဇာမြို့တော်ကို အစ္စရေးတိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများ။ (Photo: REUTERS/Saleh Salem)