bap-logo
Politics

မြဝတီကို အကြမ်းဖက်တိုက်ခိုက်မှု မပြုရန် မြန်မာစစ်တပ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

VX-zWWy19VKPk7RPRvDic-image

လွန်ခဲ့သော ၁၀ လ က

အရေးကြီး နယ်စပ်ကုန်သွယ်ရေးမြို့ကို ဆုံးရှုံးခဲ့သည့် မြန်မာစစ်တပ်အာဏာပိုင်များအား အကြမ်းဖက်တုန့်ပြန်မှု မပြုလုပ်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့တွင် တောင်းဆိုလိုက်သည်။

 

Parnpree Bahiddha-Nukara က မြန်မာစစ်တပ်က ကြာသပတေးနေ့ အစောပိုင်းတွင် စွန့်ခွာခဲ့သော မြဝတီမြို့နှင့် မြစ်တစ်ခုသာ ခြားသည့် မဲဆောက်မြို့သို့ လာရောက်စဉ် ထိုသို့ ပြောခြင်းဖြစ်သည်။

 

နယ်မြေစစ်ဆေးမှုများအပြီး သတင်းထောက်များနှင့် ပြောဆိုစဉ် နိုင်ငံခြားရေးဝန်ကြီး Parnpree က ထိုင်းနိုင်ငံသည် မြန်မာစစ်တပ်နှင့် စကားပြောဆိုထားကြောင်း၊ ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုများ မမြင်တွေ့လိုဟု ပြောထားကြောင်း၊ ထိုင်းနိုင်ငံမှ အကူအညီပေးရန် ကမ်းလှမ်းထားကြောင်း ပြောသည်။

 

အခု ကျွန်တော်တို့ အပူပန်ဆုံးကိစ္စက မြဝတီမှာ ငြိမ်းချမ်းမှု မြင်တွေ့လိုခြင်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးအတွက်သာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်ပါတယ်။ အကြမ်းဖက်မှု တစုံတရာ ဖြစ်ပွားမှာ မလိုလားပါဘူး။ သူတို့ရဲ့ အဖွဲ့တွေအကြား ပြောဆိုဆွေးနွေးဖို့ ဖြစ်နိုင်ရင် ကျွန်တော်တို့ အလွန်ကို ကြိုဆိုမှာပါ။ ကျွန်တော်တို့ကို ကြားဝင်ဆောင်ရွက်စေချင်ရင် ပူးပေါင်းညှိနှိုင်းရာမှာ ကူညီဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ။

 

အခု ကျွန်တော်တို့ အပူပန်ဆုံးကိစ္စက မြဝတီမှာ ငြိမ်းချမ်းမှု မြင်တွေ့လိုခြင်း ဖြစ်ပါတယ်။ ကုန်သွယ်ရေးအတွက်သာ မဟုတ်ပါဘူး

 

 

လက်တုန့်ပြန်တိုက်ခိုက်မှုများကို ကာကွယ်ရန် ဆန့်ကျင်ဘက် အဖွဲ့များအကြား ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

 

ကျွန်တော်တို့ ပြောဆိုဆွေးနွေးဖို့ လူတွေ လွှတ်ပြီးပါပြီ။ ဒီနေ့ အခြေအနေကတော့ အကြမ်းဖက် လက်တုန့်ပြန်မှု တစုံတရာ မရှိသေးဘူးလို့ သူတို့ ပြောပြီးပါပြီ။ သူတို့ အကြမ်းဖက်ချင်တယ်ဆိုရင် အရင်ရက်တွေက လုပ်နှင့်ပြီး ဖြစ်မှာပါ။

 

သို့ရာတွင် သောကြာနေ့ ညနေပိုင်းက မြဝတီနှင့် မဲဆောက်ကို ဆက်သွယ်ထားသည့် တံတားနှစ်စင်းအနက် တစ်စင်း၏ မြန်မာဘက်ခြမ်းမှ ကျယ်လောင်သည့် ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာသည်။ အကြောင်းရင်းကို ချက်ချင်း မသိရှိနိုင်ခဲ့ပါ။

 

ဘန်ကောက်မြို့၊ Thammasat တက္ကသိုလ်မှ အရှေ့တောင်အာရှ လေ့လာရေး တွဲဖက်ပါမောက္ခ Dulyapak Preecharush က မြန်မာစစ်တပ်သည် လေကြောင်းထောက်ကူမှုဖြင့် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။ "ဒီတော့ လာမယ့်ရက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်မလားဆိုတဲ့ မေးခွန်းတစ်ခု ရှိတာပေါ့။ဟု ၎င်းက ပြောသည်။

 

တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ယခုအပတ်အတွင်း မြဝတီမှ မဲဆောက်သို့ ဝင်ရောက်လာသူ နှစ်ဆ များပြားလာပြီး တစ်ရက်လျှင် ၄,၀၀၀ ခန့် ရှိသည်။

 

မဲဆောက်ခရိုင်အကြီးအကဲ Sanya Phetset က ဒေသတွင်း ဘုရားကျောင်း လေးခုတွင် တိုက်ပွဲများမှ ထွက်ပြေးလာသူ မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်အတွက် ယာယီနားခိုရာများ စီစဉ်ထားသည်ဟု ဆိုသည်။

 

မဲဆောက်မြို့မှ အားကစားကွင်းတစ်ခုကိုလည်း နားခိုနိုင်ရန် ပြင်ဆင်ထားသည်ဟု ၎င်းက ပြောသည်။

 

ထိုင်းဝန်ကြီးချုပ် Srettha Thavisin က မြန်မာနယ်စပ် လုံခြုံရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း၊ အိမ်နီးချင်းနိုင်ငံမှ မည်သည့် စစ်တပ်လေယာဉ်ကိုမျှ ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်ရန် ခွင့်မပြုကြောင်း ပြောသည်ဟု Bangkok Post တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံက ပဋိပက္ခ ထိုင်းဘက်ကို ပျံ့နှံ့လာမယ်ဆိုရင် ဒါဟာ လက်ခံဖွယ်ရာ မဟုတ်ပါဘူး။ ထိုင်းလေပိုင်နက်အတွင်း စစ်လေယာဉ်တွေ ကျူးကျော်လာမယ်ဆိုရင်လည်း လက်ခံဖွယ်ရာ မဟုတ်ပါဘူး။ဟု ၎င်းက ပြောသည်။

 

ထိုင်းလေတပ်ဦးစီးချုပ် Phanpadkee က မြန်မာလေတပ်ဦးစီးချုပ်ကို မြန်မာနိုင်ငံမှ စစ်လေယာဉ်များ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် တောင်းဆိုထားသည်ဟု ပြောသည်။

 

မြန်မာလေတပ်ဦးစီးချုပ်သည် နောက်လတွင် ထိုင်းနိုင်ငံသို့ လာရောက်မည့်အစီအစဉ်ရှိကြောင်းလည်း Phanpadkee က ပြောသည်ဟု Bangkok Post တွင် ဖော်ပြထားသည်။

 

Nakhon Sawan ပြည်နယ် Takhli ခရိုင်ရှိ F-16 ဂျက်တိုက်လေယာဉ်တပ်ခွဲတစ်ခုကို အရေးပေါ်အခြေအနေတွင် ၁၅ မိနစ်အတွင်း ပျံတက်နိုင်ရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းက ပြောသည်။

 

နှစ်ဘက်လုံးတွင် နေထိုင်သူများက ပြီးခဲ့သည့် ရက်များတွင် မြဝတီမြို့ အပြင်ဘက် သိမ်းပိုက်ခံရသည့်နေရာများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မကြာခဏ ပေါက်ကွဲမှုများ ရှိကြောင်း၊ သို့သော် သောကြာနေ့တွင် ငြိမ်သက် နေကြောင်း ပြောကြသည်။

 

အချို့အတွက်မူ ငြိမ်သက်နေခြင်းသည် ပြဿနာဖြစ်သည်။ မြဝတီမြို့ခံ Sulai က The Associated Press ကို ကြောက်လန့်သည့်အတွက် ထွက်ပြေးခဲ့ရကြောင်း ပြောသည်။

 

သူတို့ ငြိမ်နေတာကို ကြောက်တယ်။ တိုက်ပွဲသံတွေ မကြားရဘဲ တိတ်ဆိတ်နေတာကို သူတို့ ကြောက်တယ်။ အတွေ့အကြုံရှိသူတွေ ပြောတာက ဒါဟာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့်ပုံရတယ်လို့ ဆိုလိုတယ်။ဟု ၎င်းက ပြောသည်။

 

ထိုင်းတပ်ဖွဲ့များက အထူးသဖြင့် တံတားများအနီးတွင် စောင့်ကြည့်နေကြသည်။ ဒေသခံများ၏ လုံခြုံရေးနှင့် မြန်မာစစ်သားများ နယ်စပ်ဖြတ်ကျော်၍ ခိုးဝင်မလာစေရန် တာဝန်ယူထားကြသည်။

 

မြန်မာဘက်ခြမ်းတွင်မူ အလွန်ပူပြင်းသည့် အပူဒဏ်အောက်တွင် လူတစ်စု လေးတိလေးကန် ရှိနေကြသည်။ ထိုင်းတပ်ဖွဲ့များက ပြောသည်မှာ ၎င်းတို့သည် မြန်မာစစ်တပ်နှင့် တစ်ဘက်တည်း ရှိခဲ့ပြီး မကြာသေးခင်က ချိတ်ဆက်မှု ဖြတ်တောက်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

 

သူတို့ ငြိမ်နေတာကို ကြောက်တယ်။ တိုက်ပွဲသံတွေ မကြားရဘဲ တိတ်ဆိတ်နေတာကို သူတို့ ကြောက်တယ်။ အတွေ့အကြုံရှိသူတွေ ပြောတာက ဒါဟာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့်ပုံရတယ်လို့ ဆိုလိုတယ်

 

ကရင်တိုင်းရင်းသားများ၏ နိုင်ငံရေးဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့သည် မြဝတီမြို့တွင် လုံခြုံရေး စီစဉ်ပြီးသည်နှင့် စီမံအုပ်ချုပ်ရေးယန္တယား တည်ထောင်သွားမည်ဖြစ်ကြောင်း၊ တရားမဝင်စီးပွားရေးများ၊ မှောင်ခိုများ၊ လူကုန်ကူးမှုများ မပြုလုပ်နိုင်ရန် ကာကွယ်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်ရေးနှင့် ဥပဒေစိုးမိုးရေးသာမက ကုန်သွယ်မှုပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ facebook တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

KNU က နှစ်ဘက်လုံးတွင် နေထိုင်သည့် လူထု၏ လုံခြုံရေးကို စိုးရိမ်ပါကြောင်း၊ တည်ငြိမ်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်းအစိုးရ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အဓိပ္ပါယ်ပြည့်ဝသော ပူးပေါင်းဆောင်ရွက်မှု ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

ကရင်တိုင်းရင်းသားများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တိုက်ပွဲဝင်နေသည်မှာ ဆယ်စုနှစ် ခုနှစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အခြားတိုင်းရင်သားအစုအဖွဲ့များနှင့် ဒီမိုကရေစီလိုလားသော တိုက်ခိုက်ရေးသမားများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပိုမိုကျယ်ပြန့်စွာ ရုန်းကန်လှုပ်ရှားနေကြသည်။

 

ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးလာရသူ ကရင်လူမျိုး ၉၀,၀၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းရှိ ရေရှည် ဒုက္ခသည်စခန်း ကိုးခုတွင် နေထိုင်နေကြသည်။

 

စစ်တပ်၏ ပြီးခဲ့သည့် လများအတွင်း ဆုံးရှုံးမှုများကို အကျပ်အတည်းအတွင်း ကြားမဝင်လိုကြသည့် အိမ်နီးချင်းနိုင်ငံများက သတိပြုမိကြကြောင်း စင်ကာပူနိုင်ငံ ISEAS-Yusof Ishak အင်စတီကျုမှ အကြီးတန်း ပညာရှင် ဒေါ်မိုးသူဇာက ပြောသည်။

 

ထိုင်းဝန်ကြီးချုပ်က မြန်မာစစ်တပ် အားနည်းနေပြီဆိုတာကို အသိအမှတ်ပြုကြောင်း ကျွန်မတို့ ကြားခဲ့ရပြီးပါပြီ။ အမျိုးစုံသော ဆန့်ကျင်ဘက် အင်အားစုတွေက ဘယ်လို ပူးပေါင်းညှိနှိုင်းပြီး နိုင်ငံရဲ့ နိုင်ငံရေအနာဂတ်အတွက် ခုခံတော်လှန်ရေးဘက်က ဖော်ပြထားတဲ့ ရည်မှန်းချက်ကို ရယူသွားမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ဟု သူမက The Associate Press ကို အီးမေးလ်ဖြင့် ပြောသည်။ "အိမ်နီးချင်းတွေက အဲဒီ နယ်စပ်ဖြတ်ကျော်ရာနေရာတွေမှာ အခွန် ပြောင်းလဲခြင်းရဲ့ အကျိုးဆက်တွေ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို ဘယ်လို တုန့်ပြန် ဆောင်ရွက်မလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

 

ကိုးကား - AP Bangkok Post

 

ပုံစာ - ဧပြီလ ၁၂ ရက်၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံဘက်အခြမ်း တက်ခရိုင်၊ မဲဆောက်မြို့ အမှတ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး သောင်ရင်းမြစ်ကို ဖြတ်ကူးနေကြသည့် မြန်မာဒေသခံများ။ (AP)

 

Burma Associated Press

မြန်မာ
ထိုင်း
နိုင်ငံခြားရေးဝန်ကြီး
မြဝတီမြို့

Share With
bap-logo