Politics
ထိုင်းမှ မြန်မာသို့ ပထမအသုတ် အထောက်အပံ့များပေးပို့၊ စစ်အာဏာရှင်ကိုသာ ကူညီရာရောက် မည်ဟု ဝေဖန်သူများပြော
လွန်ခဲ့သော ၁၀ လ က
ထိုင်းနိုင်ငံက စစ်ဘေးသင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပထမအသုတ်ကို တနင်္လာနေ့တွင် ပေးပို့ခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ သန်းပေါင်းများစွာအတွက် ဆင်းရဲဒုက္ခများ သက်သာစေရန် ဆက်လက် အားထုတ်နိုင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်နေကြသည်။
သို့သော် ဝေဖန်သူများက ၎င်းအကူအညီများသည် တိုက်ပွဲဖြစ်ပွားနေသည့်နေရာများမှ နေရပ်စွန့်ခွာခဲ့ရသည့် လူအများစုကို အထောက်အပံ့ မဖြစ်စေဘဲ မြန်မာစစ်တပ်အုပ်ချုပ်သည့် နယ်မြေဒေသများမှ လူများအတွက်သာ အကျိုးရှိမည်ဖြစ်ကာ ဝါဒဖြန့်ချိရေး မြှင့်တင်ပေးမည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ထိုင်းနိုင်ငံက မြောက်ပိုင်း Tak ပြည်နယ် နယ်စပ်မှတဆင့် ကရင်ပြည်နယ်ရှိ မြို့သုံးမြို့မှ နေရပ်စွန့်ခွာရသူ လူဦးရေ ၂၀၀၀၀ အတွက် အထောက်အပံ့ အထုပ် ၄၀၀၀ ကို ထရပ်ကား ၁၀ စီး ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
၎င်းအထုပ်များတွင် ဘတ် ငါးသန်း (ဒေါ်လာ ၁၃၈၀၀၀) တန် အစားအစာ၊ အသင့်သောက်သုံးနိုင်သည့် ဖျော်ရည်များနှင့် အခြားသော အခြေခံ သန့်စင်ခန်းသုံးပစ္စည်းများ ပါဝင်သည်။
ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် လုပ်ငန်းအကြီးအကဲ Carl Skau က နေရပ်စွန့်ခွာရသူ လေးဦးလျှင် တစ်ဦး အစားအစာမလုံလောက်မှု အန္တရာယ်ကြုံတွေ့နေရသည်ဟု ယခုလအစောပိုင်းက ပြောသည်။
လူသားချင်းစာနာမှုစင်္ကြံဟု ခေါ်တွင်သည့် အစီအစဉ်သည် ထိုင်းကြက်ခြေနီမှ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဘဏ္ဍာရေးထောက်ပံ့မှု၊ စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ထောက်ပံ့မှုတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်တို့မှ တာဝန်ရှိသူများ ပေးပို့ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuanketkeow က ဂုဏ်ပြုခဲ့သည်။ မြန်မာကြက်ခြေနီအဖွဲ့က အထောက်အပံ့များ ဖြန့်ဝေခြင်းကို ကိုင်တွယ်မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ယာဉ်မောင်းများက ထရပ်ကားများကို နယ်စပ်ရှိ သောင်ရင်းမြစ်ကို ဖြတ်ကျော်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဖြတ်ကျော်၍ ကားများကို မောင်းနှင်ယူဆောင်သွားသည်။
“ဒီစင်္ကြံက စစ်အာဏာရှင်ရဲ့ လက်ထဲကို အထောက်အပံ့တွေ ထည့်ပေးမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင် ထိန်းချုပ်မှုအောက်က မြန်မာ ကြက်ခြေနီအဖွဲ့ရဲ့ လက်ထဲကို အထောက်အပံ့တွေ ရရှိသွားမှာကြောင့် ဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂ လွတ်လပ်သော လူ့အခွင့်အရေး ကျွမ်းကျင်သူ တွမ် အင်ဒရူးက ပြီးခဲ့သည့် အပတ်တွင် ပြောသည်။
“လူသားချင်းစာနာမှုအရင်းအမြစ်တွေ အပါအဝင် ဒီအရင်းအမြစ်တွေကို စစ်အာဏာရှင်တွေ ရယူသွားမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ဒါတွေကို လက်နက်သဖွယ် အသုံးချမယ်၊ သူတို့ရဲ့ စစ်ရေး မဟာဗျူဟာ အသာစီးရဖို့အတွက် အသုံးချမယ်။ အရေးကြီးတာက လူသားချင်းစာနာမှုအထောက်အပံ့တွေ အရေးတကြီး လိုအပ်နေရခြင်း အကြောင်းရင်းက စစ်တပ်ကြောင့်ဆိုတာပဲ။”
အရေးတကြီးလိုအပ်နေသော ဒေသများမှာ "စစ်အာဏာရှင် လုံးဝ လွှမ်းမိုးနိုင်မှုမရှိတဲ့ ထိန်းချုပ်နိုင်မှု မရှိတဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်ပါတယ်။ အဲဒီနေရာဒေသတွေဟာ ကျွန်တော်တို့ အာရုံစိုက်ရမယ့် ဒေသတွေ ဖြစ်ပါတယ်။" ဟု အင်ဒရူးက ပြောသည်။
ထိုင်းတာဝန်ရှိသူများ ဖြန့်ချိရေးလုပ်ငန်းစဉ်ကို လူများထံသို့ ညီညွတ်မျှတစွာ ရောက်ရှိရေး သေချာစေရန် အာဆီယံ ကပ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အထောက်အပံ့ ပူးပေါင်းညှိနှိုင်းရေး စီမံခန့်ခွဲမှုမှ စောင့်ကြည့်သွားမည်ဟု ပြောသည်။
အကူအညီများသည် တစ်ရက်တည်းတွင် မြို့သုံးမြို့သို့ ပေးပို့သွားမည်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံမှ ပေးပို့ပြီးဖြစ်ကြောင်း သက်သေ ဓာတ်ပုံများ ပြန်လည် ပေးပို့သွားမည်ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sihasak က အခမ်းအနားအပြီးတွင် ပြောသည်။
“ကျွန်တော် အလေးပေးပြောလိုတာကတော့ ဒါတွေက စစ်မှန်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ဖြစ်ပြီးတော့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံကလူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေး စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ အစီအစဉ် ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ရင် ရည်ရွယ်ချက်တွေ ပြည်မီခဲ့ရင် ထိုင်းနိုင်ငံက အိမ်နီးချင်းတစ်ဦးအနေနဲ့ အခြားဒေသတွေကိုပါ အကူအညီတွေ ဘယ်လို တိုးချဲ့ လုပ်ဆောင်သွားနိုင်တယ်ဆိုတာကို လေ့လာစဉ်းစားသွားပါမယ်။” ဟု ၎င်းက ပြောသည်။
လူသားချင်းစာနာမှုစင်္ကြံစီမံကိန်းကို ဇန်နဝါရီလ လာအိုနိုင်ငံ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုတို့ဖြင့် ထိုင်းနိုင်ငံမှ စတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
၎င်းအစီအစဉ်သည် မြန်မာ့အရေး တိတ်ဆိတ်နေပြီး လှုပ်ရှားသက်ဝင်မှု မရှိသည့် ထိုင်းနိုင်ငံအတွက် ကောင်းမွန်သော အစပြုမှုဖြစ်ကြောင်း ဘန်ကောက်မြို့ Thammasat တက္ကသိုလ်မှ အရှေ့တောင်အာရှလေ့လာရေး ပါမောက္ခဖြစ်သူ Dulyapak Preecharush က ပြောသည်။
“အကူအညီတွေ ပေးပို့ဖို့ ထိုင်းနိုင်ငံရဲ့ အဆင်သင့်ဖြစ်နေမှုက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အထောက်အပံ့တွေ မြန်မာကို ပေးပို့တဲ့အခါ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရရှိမှု၊ ဆုံးရှုံးမှုတွေ ကြုံတွေ့ရမယ့် မတူညီတဲ့ သက်ဆိုင်ရာပါဝင်သူတွေရဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်ရပါမယ်။”
ထိုင်းနိုင်ငံက အထောက်အပံ့များ ညီမျှစွာ၊ ပွင်းလင်းမြင်သာမှုရှိစွာ ဖြန့်ချိနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အထောက်အပံ့များ ပေးပို့မှုသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည့် “ကောင်းမွန်သည့် အငွေ့အသက်ဝန်းကျင်” တစ်ခု ဖန်တီးရာတွင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း Sihasak က ပြောသည်။
ကိုးကား - AP
ပုံစာ - မတ်လ ၂၅ ရက် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ Tak ပြည်နယ် မဲဆောက်မြို့ မြန်မာနယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်အနီး အထောက်အပံ့များ သယ်ဆောင်လာသည့် ထရပ်ကားတစ်စီးပေါ်မှ မြန်မာထရပ်ကားမောင်းသူတစ်ဦး။ (AP Photo/Sakchai Lalit)
Top News
လွန်ခဲ့သော ၁၄ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က