bap-logo
Weekly

တစ်ပတ်တာ သတင်းကောက်နုတ်ချက်

CVspnQWkpy7o3bZNPrtSZ-image

လွန်ခဲ့သော ၂ နှစ် က

ဘီအေပီရဲ့ တစ်ပတ်တာ သတင်း ကောက်နုတ်ချက်တွေကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ထန်တလန်မြို့ အကြောင်းအပါအ၀င် ထူးခြားသတင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

ပြန်ရုန်းထလာတဲ့ ထန်တလန်

 

ထန်တလန် ဆိုတာနဲ့ မီးခိုးတလူလူထွက်နေတဲ့ ချင်းပြည်နယ်က တောင်ပေါ်မြို့ကလေးရဲ့ မြင်ကွင်းဆိုးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ တချိန်က အေးချမ်းသာယာခဲ့တဲ့ ထန်တလန် မြို့လေးဟာ စစ်ကောင်စီတပ် အာဏာသိမ်းချိန်မှာတော့ အာဏာရူးတွေရဲ့ လက်ချက်ကြောင့် မီးခိုးငွေ့တွေ၊ ပြာပုံဖြစ်နေတဲ့ အဆောက်အအုံတွေနဲ့ လူသူကင်းရှင်းခဲ့ရတာဟာ တစ်နှစ်ကျော်ခဲ့ပါပြီ။

 

အာဏာရှင်စစ်ကောင်စီတပ်သားတွေက မြို့ပေါ်အဆောက်အအုံတွေကို ဆက်တိုက် မီးရှို့ခဲ့တာ ကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေသာမက ဘုရားကျောင်းနဲ့ အစိုးရအဆောက်အအုံတွေပါ ပျက်စီးခဲ့ရပါတယ်။ ဒေသခံတွေလည်း စစ်ဘေးလွှတ်ရာတိမ်းရှောင်ခဲ့ကြပြီး၊ မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်သားတွေကသာ လှုပ်ရှားမှုရှိခဲ့ပါတယ်။ ရန်ဖန်ရန်ခါ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြားမှာ နှစ်ဖက်ထိတွေ့မှုတွေရှိခြေပေမယ့် ပြင်းပြင်းထန်ထန် မဖြစ်ခဲ့တာကြာ ခဲ့ပါပြီ။

 

ဒါပေမယ့် ဒီတစ်ပတ်မှာတော့ စစ်အုပ်စုဆီမှာ ဆိုးဆိုးရွားရွာ ဖိနှိပ်ခံခဲ့တဲ့ တောင်ပေါ်မြို့ကလေး ထန်တလန်ဟာ ဖီးနစ်ငှက်သဖွယ် ပြန်လည်နိုးထလာခဲ့ပါသည်။ အဲဒါကတော့ ဖေဖော်၀ါရီ ၈ရက် ညက ထန်တလန်မြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းကာကွယ်ရေးအဖွဲ့တွေက စီးနင်း တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်၀ါရီ ၉ရက် နံနက် ၁နာရီလောက်မှာ စခန်းနဲ့အတူ စစ်ကောင်စီတပ်ဘက်က လက်နက် ၄၀ ကျော်၊ ဗုံးနဲ့ ဒရုန်းပစ်ချတဲ့ လက်နက်တွေကို သိမ်းဆည်း နိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်သား ၄ယောက်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပါတယ်။

 

အထိနာတဲ့ စစ်ကောင်စီတပ်ကတော့ လုပ်ရိုးအတိုင်း ဖေဖော်၀ါရီ ၉ရက်က ဂျက်ဖိုက်တာ နှစ်စင်းနှင့်  CNA ဌာနချုပ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လေကြောင်း၊ လက်နက်ကြီး အကူအညီတွေနဲ့ ရဲစခန်းကိုပြန်သိမ်းယူမယ့်အကြောင်းအပါအ၀င် စစ်အင်းအားကိုလည်း တိုးမြင့်ထားတယ်လို့ သူတို့ရဲ့ ၀ါဒဖြန့်မီဒီယာတွေကတဆင့် ကြေညာခဲ့ပါတယ်။

 

ဂျာယန် ပြည်သူ့စစ်စခန်းက လွတ်မြောက်လာတဲ့ စစ်သားစုဆောင်းခံရသူများ  

 

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းယော်တိုက်နယ်၊ ဂျာယန်ကျေးရွာအနားမှာရှိတဲ့ ဂျာယန်ပြည်သူ့စစ်က အသက်မပြည့်သေးတဲ့ တအာင်း (ပလောင်) လူမျိုးများ ကလေးတွေနဲ့ အမျိုးသမီးတွေအပါအ၀င် လူအယောက်တစ်ရာကျော်ကို စစ်သားအဖြစ် စုဆောင်းခဲ့ပါတယ်။ ပြည်သူ့စစ်တွေက ဒေသခံတွေကို  ခြိမ်းခြောက်မှု မျိုးစုံနဲ့ အတင်းအဓမ္မ ခေါ်ဆောင်ထားတယ်လို့ ရွာသားတွေက တိုင်ကြားခဲ့တာကြောင့် ဖေဖော်၀ါရီ ၄ရက်မှာ ပြန်လည် ကယ်ထုတ်ခဲ့တယ်လို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLAက  ပြောရေးဆိုခွင့်ရှိသူ ဒု – ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောထားပါတယ်။ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေထဲမှာ အသက် ၁၈နှစ် မပြည့်သေးတဲ့ ကလေးသူငယ် (၂၀) ဦးပါဝင်ခဲ့ပြီး၊ TNLA တပ်ဖွဲ့မှ ဂျာယန်ပြည်သူ့စစ် တပ်စခန်းထဲသို့ ၀င်ရောက်ပြီး တအာင်း (ပလောင်) လူမျိုးတွေကို ပြန်လည်ကယ်ထုတ်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီတပ်က ဂျာယန်ပြည်သူ့စစ်ဘက်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပေးခဲ့ပါတယ်။

 

တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်

 

ဖေဖော်၀ါရီ ၄ရက်က လွိုင်ကော်မြို့နယ်တစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ဦး သေဆုံးခဲ့ ပါတယ်။ KNDFနဲ့ PDF ဘက်ကလည်း တစ်ယောက်ကျပြီး၊ တစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။  တစ်ယောက် ကျဆုံးပြီး တစ်ယောက် ဒဏ်ရာရတယ်။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။ အဲဒီအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ နေအိမ် ၂၀ကျော်နဲ့  “ ဝမ်းနည်းသောမယ်တော် “ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

 

ဆာဆာကာဝါရဲ့ ရခိုင်ခရီးစဥ်

 

ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် နှစ်ဖက်တပ်တွေအကြား နားလည်မှုနဲ့ ရပ်တန့်ထားတဲ့ တည်ငြိမ်မှုကာလကို ဆက်ပြီး ထိန်းသိမ်းထား ကြဖို့ ဂျပန်နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဆာဆာကာဝါက ပြောထားပါတယ်။ ‌ဒေါက်တာ ဆာဆာကာ၀ါက ဖေဖော်၀ါရီ ၄ရက်က ရခိုင်ပြည်နယ်သို့ တတိယအကြိမ်မြောက် ရောက်လာတာဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစောနဲ့ တွေ့ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်စစ်ရှောင်စခန်းက ကလေးတွေကို ပညာဆက်သင်နိုင်ဖို့ ကြိုးပမ်းကူညီမယ့်အကြောင်းနဲ့  မြောက်ဦးမြို့မှာရှိတဲ့ မြတန်ဆောင်း စစ်ဘေးရှောင်စခန်း၊ မြို့သစ်စစ်ဘေးရှောင်စခန်း၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းနဲ့  တိမ်ညိုစစ်ဘေးရှောင်စခန်းတို့ကို သွားခဲ့ပြီး၊ စစ်ရှောင်တစ်ယောက်ကို စောင်တစ်ထည်နှုန်းနဲ့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

 

အရေအတွက်တိုးလာတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူများ

 

စစ်ကောင်စီတပ် အာဏာသိမ်းချိန်ကစပြီး အခုအချိန် (ဇန်န၀ါရီ ၃၀)ထိ  ပြည်တွင်းပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေ ၁.၂ သန်းအထိရှိလာတယ်လို့ UNOCHA Myanmar က ဒီတစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုးလာတဲ့ စစ်ရှောင်လူဦးရေထဲမှာမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက  အိုးအိမ်စွန့်ခွာနေထိုင်ရသူ လူဦးရေက ၃၆၁,၀၀၀ အထိများပြားလာ‌နေတာကို တွေ့ရှိရပါတယ်။

 

အခုလိုမျိုး အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးသူ လူဦးရေဟာ အာဏာရှင်မချုပ်ငြိမ်းသမျှ လျော့နည်း ရပ်တန့်သွားမှာမဟုတ်ဘဲ၊ အခုအချိန်ထိ စစ်ကောင်စီတပ်က ဒေသခံတွေကို လေကြောင်းနဲ့တဖုံ၊ လက်နက်ကြီးနဲ့တမျိုး အကြောင်းမဲ့ ပစ်ခတ်ဗုံးကြဲတာတွေ၊ စားနပ်ရိက္ခာ၊ နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒေသခံကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ကြောင့် ဒါတွေကို လျော့နည်းရပ်တန့်ဖို့က အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ပင် ဖြစ်ပါတော့တယ်။

 

ပုံစာ - လူသူကင်းမဲ့နေသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့ မြင်ကွင်း (ဓာတ်ပုံ- Salai Tial Hram Ling)

Burma Associated Press

 

 

ချင်း
ထန်တလန်
ဒုက္ခသည်
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်
KNDF

Share With
bap-logo