Weather
အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်တွင် ဆူနာမီသတိပေးချက်များထုတ်ပြန်၍ ဘေးလွတ်ရာသို့ရွှေ့
လွန်ခဲ့သော တစ်နှစ် က
စနေနေ့ ညပိုင်း ဖိလစ်ပိုင်နိုင်ငံ Mindanao တောင်ပိုင်းတွင် အင်အား အနည်းဆုံး ၇.၅ မက်ဂနီကျုရှိသည့် ငလျင်လှုပ်မှုကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေကြပြီး ဆူနာမီသတိပေးချက်များလည်း ဖိလစ်ပိုင်၊ ဂျပန်တို့တွင် ထုတ်ပြန်ခဲ့ကြသည်။ အမေရိကန်အေဂျင်စီတစ်ခုကမူ လှိုင်းလုံးကြီးများ အန္တရာယ်ကျော်လွန်ခဲ့ပြီဟု ဆိုသည်။
အမေရိကန် ဆူနာမီသတိပေးစနစ်က ပုံမှန် ဒီရေလှိုင်းအမြင့်ထက် ပိုသော ၃ မီတာ (၁၀ပေ) အထိ ရှိနိုင်သော လှိုင်းလုံးများအန္တရာယ်ကို ကနဦး သတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆူနာမီအန္တရာယ် မရှိတော့ဟု ဆိုသည်။
ဖိလစ်ပိုင်တွင် ဘေးကင်းရာသို့ ဆက်လက်ရွှေ့ပြောင်းနေကြပြီး သိသာထင်ရှားသည့် လှိုင်းဒဏ်ခံရမှု သို့မဟုတ် ထိခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရမှုများကို ကနဦးအစီရင်ခံမှုများ မရှိပေ။
Phivolcs ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရပ်များဆိုင်ရာ အင်စတီကျူက ဆူနာမီအန္တရာယ်ရှိနေဆဲဟု သတ်မှတ်ထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တောင်ဘက် ၁၈၀ မိုင်အကွာရှိ Hachijojima ကျွန်းတွင် ၁.၃ ပေ ရှိသော လှိုင်းများ တွေ့ရှိရသည်ဟု ဂျပန် မိုးလေဝသအေဂျင်စီ၏ အဆိုအရ သိရပြီး ကနဦးတွင် ၎င်းလှိုင်းလုံးများသည် ၃ ပေအထိ ရောက်ရှိနိုင်သည်ဟု ပြောခဲ့သည်။
ဖိလစ်ပိုင်တွင် Phivolcs က Surigao Del Sur ပြည်နယ် ကမ်းရိုးတန်းအနီးနှင့် Davao ပြည်နယ်မှ လူများကို ပိုမိုဝေးလံသော ကုန်းတွင်းပိုင်သို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။
တုန်လှုပ်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုအချို့ ကြုံတွေ့ရနိုင်သည်ဟုလည်း ၎င်း၏ အစောပိုင်း လမ်းညွှန်မှုကို ပြင်ဆင်ဖြည့်စွက်ခဲ့သည်။
သို့ရာတွင် ၎င်းပြည်နယ်နှစ်ခုမှာ ကျယ်ပြန့်သည့် ကျေးလက်ဒေသများဖြစ်ပြီး အခြားသော ဖိလစ်ပိုင်နိုင်ငံ အစိတ်ပိုင်းများကဲ့သို့ လူဦးရေ သိပ်သည်းမှု မရှိပေ။
နောက်ဆက်တွဲငလျင်များ နှစ်ဒါဇင်မက လျင်မြန်စွာ လှုပ်ခတ်ခဲ့ပြီး အကြီးဆုံးလှုပ်ခတ်မှုမှာ ၆.၅ မက်ဂနီကျုရှိသည်ဟု ဥရောပ-မြေထဲပင်လယ် ဗဟိုငလျင်ဌာန European-Mediterranean Seismological Centre (EMSC) က ထုတ်ပြန်သည်။
ငလျင်လှုပ်ပြီးနောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ငလျင်ဗဟိုချက်မှ ၃၀ ကီလိုမီတာ (၁၉ မိုင်) ဝေးကွာပြီး လူဦးရေ ၄၄၀၀၀ ရှိသည့် ကမ်းရိုးတန်းမြို့ Hinatuan မှ ရဲတပ်ဖွဲ့အကြီးအကဲ Raymark Gentallan က ပြောသည်။
“ကျွန်တော်တို့ လူတွေကို ကမ်းရိုးတန်းဒေသတွေကနေ ရွှေ့ပြောင်းပေးနေပါတယ်။” ဟု Reuters ကို ပြောပြီး ဘေးအန္တရာယ်တုန့်ပြန်ရေးအဖွဲ့များက ဒဏ်ရာရရှိမှုနှင့် ထိခိုက်ပျက်စီးမှု တစုံတစရာ မတွေ့ရသေးဟုလည်း ပြောသည်။
Hinatuan မှ ဟိုတယ်အငယ်စားပိုင်ရှင် James Soria က ၎င်း၏ အိမ်တွင် သိသာထင်ရှားသော ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။
နောက်ဆက်တွဲငလျင်တစ်ခုအပြီး ဖုန်းခေါ်ဆိုမှု မပြတ်တောက်မီ “အခုကို ထပ်လှုပ်နေပြန်ပြီ။” ဟု Reuters ကို ပြောသည်။
Hinatuan ဒေသဆိုင်ရာအုပ်ချုပ်ရေးက တင်ပြခဲ့သည့် လူမှုမီဒီယာ ဓာတ်ပုံများတွင် ဒေသခံများလူစုများနှင့် ယာဉ်တန်းများ ဒါဇင်ပေါင်းများစွာ ဝင်ရောက်နေနိုင်သည့် ကြီးမားသည့်အဆောက်အအုံတစ်ခုရှိရာ ပိုမိုမြင့်မားသည့် ကုန်းမြေရှိရာသို့ ပြောင်းရွှေ့နေကြပုံများ ဖော်ပြခဲ့သည်။
ငလျင်ဗဟိုချက်မှ ၁၈၅ ကီလိုမီတာ (၁၁၅မိုင်) အကွာရှိ Surigao မြို့တွင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ်ရှိ Cosme Calejesan က ၎င်း၏ အိမ်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း ခိုင်မြဲနေဆဲဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော် အိပ်ပျော်နေပြီဗျ။ ဒါပေမယ့် တုန်ခါမှုကြောင့် ဗီရိုတွေ လှုပ်ခတ်သံတွေကြားပြီး နိုးလာတာ။” ဟု ပြောသည်။
“ကြောက်စရာကြီးဗျာ။ ရုတ်တရက် ဖြစ်လာတာ။ ကလေးတွေအတွက် စိုးရိမ်သွားတယ်။”
ငလျင်လှုပ်ခတ်မှုများ ခံစားရနိုင်သည့် ပစိဖိတ်သမုဒ္ဒရာကို ဝန်းရံထားသည့် မီးတောင်များ "မီးစက်ကွင်း” Ring of Fire ပေါ်တွင် တည်ရှိသည့် ဖိလစ်ပိုင်တွင် ငလျင်များမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။
အနက် ၆၃ ကီလိုမီတာ (၃၉မိုင်) တွင် မက်ဂနီကျု ၇.၅ ရှိသည့် ငလျင်လှုပ်ခြင်းဟု EMSC က ပြောပြီး အမေရိကန် ပထဝီတိုင်းတာရေးအဖွဲ့ကမူ ပြင်းအား ၇.၆ ရှိပြီး အနက် ၃၂ ကီလိုမီတာ (၂၀ မိုင်)တှငျ ည ၁၀း၃၇ အခြိနျတှငျ (1437 GMT) လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။
ကိုးကား - Reuters
ပုံစာ - ဒီဇင်ဘာ ၂ ရက် ၂၀၂၃ ခုနှစ် ငလျင်လှုပ်ခတ်အပြီး လူများ စုဝေးနေသည့် ဖိလစ်ပိုင်နိုင်ငံ Hinatuan၊ Surigao del Sur ရှိ ဘေးကင်းရာသို့ရွှေ့ပြောင်းနေထိုင်ရန်စင်တာတစ်ခု။ (Photo: Hinatuan LGU/Handout via REUTERS)
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က