bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၁)

8lHc7wlgvV-sv9JlQfBUf-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

 

၇၅ နှစ် တိုင်ခဲ့ပြီဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့ဆိုတာကြီးဟာ ဆွေစဉ်မျိုးဆက် အာဏာရူးသူတွေထံကနေ အခုထိကို မကျွတ်မလွတ်ရှိနေသေးတဲ့ သောက်ကျိုးနည်းနေ့ကြီးဖြစ်ပါကြောင်း ကျနော် မောင်စက အဆွေတော် ဗိုလ်ချုပ်မှူးကြီးဥက္ကဌရရှိတဲ့ တစ်ကမ္ဘာလုံးမှာ လေးစောင်မြောက်သဝဏ်လွှာ ဖြစ်စေဖို့ စာရေးသား ပေးပို့လိုက် ပါတယ်။

 

အဆွေတော် ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ ဖထီးတို့ အတီးတို့ကို ဘွဲ့ပေးလိုက် သူတို့အိမ်လေး ဗုံးသွားကြဲလိုက် ဆိုတော့ စိန်ရတုတိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့ဆိုတာကြီးက စည်စည်ကားကားပါပဲလားခင်ဗျာ။ လွတ်လပ်ရေးနေ့ ကို နေပြည်တော်မှာ အခမ်းအနားကျင်းပပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရဲ့ စတန်းဒက် အာမီကြီးရဲ့ တပ်ရင်း ခုက မုန့်ဟင်းခါးနဲ့ ဧည့်ခံလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ဖတ်မိပါတယ်။

 

ရပ်ကွက်ရုံးရဲ့ ပြာတာကနေ၊ ဘုန်းကြီးအထိ နိုင်ငံတော်အဆင့်ဘွဲ့တွေ ပေးနေတာမြင်တော့ အပတ်စဉ် စာရေး နေတဲ့ မောင်စကလည်း သီရီပျံချီလေးဖြစ်ဖြစ်၊ ဝဏ္ဏကျော်ထင်လေးဖြစ်ဖြစ် ဘွဲ့လေးတစ်ခုခုကို မော်ရေးရှင်းနဲ့ ဖြစ်ဖြစ် လိုချင်မိပါရဲ့။

 

မောင်စကကို မပေးရင်လည်း ဘွဲ့မရဘဲကျခဲ့ရင် စိတ်မကောင်းဖြစ်နေတဲ့ အစုအဖွဲ့တွေရှိနေသေးလို့ သူတို့ကို ဦးစားပေးလိုက ပေးနိုင်ပါတယ်။ ဥပမာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဆိုရင်ရော ခင်ဗျာ။

 

ဘောမနိုင်သူတွေကို (ဘော နိုင် လို့ ခွဲ မဖတ်ဘဲ တစ်ဆက်ထဲဖတ်ပါ ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ) ဘွဲ့ထူး ဂုဏ်ထူးတွေ ပေးနေတော့ ဘောဆိုတစ်ပွဲမှ မနိုင်တဲ့ မြန်မာ့လက်ရွေးစင်အသင်းကလည်းဘောမနိုင်တာချင်း တူတူ သူတို့တော့ ဘွဲ့မပေးဘူးလို့ဆိုလာပါတယ်။

 

ဆိုတော့ ပရက်ဆီးဒင့်အိမ်တော်ကနေ ဘုံးထားတဲ့ ရွှေစလွယ်ကြီး ပြန်မထားရသေးဘူးဆိုရင် မြန်မာ့လက်ရွေး စင် ဘောလုံးအသင်းအတွက်လည်း သီရိပျံချီ ဘောမနိုင်ဘွဲ့ကို ပေးအပ်သင့်ပါတယ်ခင်ဗျာ။

 

ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးဥက္ကဌလည်း အလုပ်ရှုပ်သက်သာအောင် တစ်နိုင်ငံလုံးကို ဘွဲ့တွေပေးလိုက်မယ် ဆိုရင် လည်း ကန့်ကွက်စရာမရှိပါဘူး။ သူလည်း သီရိပျံချီ၊ ကိုယ်လည်း သီရိပျံချီဆိုတော့ ပြည်ထောင်စုသမ္မတ သီရိပျံ ချီနိုင်ငံတော်ကြီးဆိုရင် နိပ်သဟ မဟုတ်လားခင်ဗျာ။

 

မောင်စကလည်း မစ္စတာ သီရိပျံချီကြီး ဖြစ်ရသေးပေါ့လေ။

 

ဒါနဲ့ နေပြည်တော် ရုံးချုပ်မှာ ဒုက္ခသည်စခန်းဖွင့်ထားတဲ့ ပါတီကြီးက နိုင်ငံတော်ကို ကူညီဦးမယ်ဆိုပြီး လူတွေ စုလာတော့ ရုံးထဲက ဒုက္ခသည်တွေကိုပဲ အရင်ကယ်တင်ဖို့ ပြောလိုက်ပါဦးခင်ဗျာ။ အကြိမ်ကြိမ် ကယ်တင် ခံနေရတဲ့ နိုင်ငံတော်ကတော့ သူတို့ ထပ်မံ ကယ်တင်ခြင်းခံရမှာကို ကြောက်နေပါပြီလို့ ပြောရင်း နိဂုံးချုပ် လိုက်ပါတယ်။

 

ပြည်သူထောင်စုသမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

 

သရော်စာ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo