bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၇၉ )

I4CIMN6-JpNuY3Y_p66Sc-image

လွန်ခဲ့သော ၃ နှစ် က

မယ်ရီခရစ်စမတ်ပါ ဗိုလ်ချုပ်မှုးကြီးဥက္ကဌခင်ဗျာ

 

မယ်ရီခရစ်စမတ်ကို ဒစ်ရှင်နရီထဲ မရှာကြည့်ပါနဲ့ခင်ဗျာ ခရစ်စမတ်အတွက် အရိုးရှင်းဆုံး ဆုတောင်းပေးတာပါ။

 

ခရစ်စမတ်ကာလမှာ အန်ကယ်လ်ဆန်တို့ ယူအဲန်စကေထရီကောင်ဆယ်တို့ကြောင့် စိတ်သောကတွေ များနေမှာပေါ့။ နောက်ထပ် စိတ်ဆင်းရဲရဦးမှာမို့ အကြိုစိတ်ဆင်းရဲထားတယ်လို့ပဲ သဘောထားလိုက်ပါ ခင်ဗျာ။

 

ခရစ်စမတ်နဲ့အတူ မကြာခင်မှာ ပြက္ခဒိန်နှစ်တစ်ခုကုန်ဆုံးပြီး အသစ်တစ်ခုကို ရောက်တော့မှာပါ။

 

တစ်နှစ်စာ ပြက္ခဒိန်စာမျက်နှာတွေကို လှန်ကြည့်ရင် နိုင်ငံတော်ဟာ အာဏာရှင်တွေလက်ထက်မှာ ဆင်ဖြူဆိုတဲ့ အရာတွေ ထွက်ပေါ်လာတတ်တာကို တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့လက်ထက် ဒီအန်အေစစ်ဖို့မလို မိုးပွင့်စီမံချက်မလိုဘဲ နေပြည်တော်အရောက် အလွယ်တကူ တော်ကောက်ခံရတော့ အခြားဆင်တွေခင်ဗျာ ခရုသင်းတောင် မစွဲရဲအောင်ပါပဲ။

 

တူးသောင်ဇင် တွမ်တီတူးမှာတော့ နြူကလီးယားတွေ၊ မိုးပျံရထားတွေ လျှပ်စစ်ကားတွေထက် လက်ဆွဲမီးစက်၊ ဆိုလာဘက်ထရီနဲ့ ဖယောင်းတိုင်တွေ ရောင်းအားပိုကောင်းလာတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။

 

တိုင်းပြည်ဟာ သာသနာရောင်ဝါထွန်းလင်းရုံမက အရုပ်မစင်စစ်ကပါ တမဟုတ်ချင်း နတ်ဖြစ်လောက်အောင် သိဒ္ဓိမြောက်ကုန်ပြီး အရထူးတဲ့လူတွေလည်း တစ်စခန်းထလာခဲ့ပါတယ်။ ဒါ့အပြင် လူမင်းဘုန်းကြီးတော့ ကာဘော်လစ် ဆပ်ပြာဟာလည်း ပြည်တန်ပတ္တမြား ဖြစ်ခဲ့ရပါသေးတယ်။

 

အိမ်သုံးဆေးဝါးအစ၊ စက်သုံးဆီအလယ်၊ စားအုံးဆီအဆုံး တန်းစီနေရလို့ မြန်မာပြည်သူတွေဟာ မတ်တပ်ရပ် ရင်း အိပ်တတ်လာကြပါပြီ။

 

အလယ်ပိုင်းဒေသရဲ့ မီးခိုးငွေ့တွေကြောင့်လည်း ကမ္ဘာကြီးဟာ ပိုလို့ ပူနွေးလာရပါတယ်ခင်ဗျာ။

 

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးဥက္ကဌလက်ပါးစေတွေ လက်ချက်နဲ့ နေ့တိုင်း သေချင်းဆိုးနဲ့ ကြုံနေရတဲ့ တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းသစ်ရသူဆိုလို့ သုဘရာဇာတွေပဲ ရှိပါလိမ့်မယ်။

 

ရွှေရောင်ပြောင်ဝင်းနေတဲ့ ရာဇပုလ္လင်ကနေ မော်ဒယ်လ်မမတွေရဲ့ အဖော်အချွတ်အထိပါတဲ့ မဟာသား ရေစီသူ ဘွဲ့များရှင် ဗိုလ်ချုပ်မှူးကြီး ဥက္ကဌအတွက် လာမယ့်နှစ်သစ်မှာ အလုပ်သစ်တစ်ခုက စောင့်ကြိုနေပါတယ်။

 

အဲဒါကတော့ အမျိုးသမီးအိမ်သာတွေရှေ့မှာသင့်အား နိင်ငံတော်က အမြဲတစေစောင့်ကြည့်နေသည်ဆိုတဲ့ ဆိုင်းပုဒ်လေး ကိုင်ပြီး ရပ်နေပေးဖို့ပါခင်ဗျာ။ ဒါဟာလည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပဲ မဟုတ်လား ခင်ဗျာ။

 

အလုပ်ရှာပေးတဲ့ မောင်စကကို ပွဲစားခ ပေးဖို့မလိုသလို ပြည်တွင်းအလုပ်အကိုင် စစ်စစ်ဖြစ်တာကြောင့် ပတ်စပို့စ်ရုံးမှာ ချွေးတလုံးလုံးနဲ့ သွားတိုးဖို့လည်း မလိုပါဘူးလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

 

 

သရော်စာ
မြန်မာ

Share With
bap-logo