bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၈၀)

D3VZgzToJJw_sSW2Cb9SK-image

လွန်ခဲ့သော ၃ နှစ် က

ဗဲရီး ဂွတ်တမောနင်းပါ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌခင်ဗျာ။

 

ဟက်ပီး မဟုတ်သော်လည်း နယူးရီးယားကတော့ ရောက်ခဲ့ပါပြီ။ နယူးရီးယားကို မြို့ကြီးသားတွေ ကြိုစေချင်လွန်းလို့ နင်းထားတဲ့ စစ်ဖိနပ်ကိုတောင် အသာအယာခဏလေး ကြွပေးခဲ့တယ်မဟုတ်လား။

 

ပြီးခဲ့တဲ့ တူးသောင်ဇင် တွမ်တီတူးမှာတော့ ယာဘက်လက်နဲ့ အိမ်တွေကို မီးရှို့ရင်း ဘယ်ဘက်လက်က ဟုမ်းဆွိဟုမ်းဆိုပြီး ကုန်ဆုံးခဲ့ပါပြီ။ လူတွေကိုတင်မက ရှိသမျှဘုရားတွေပါ လှည့်စားနိုင်လွန်းတဲ့ တတ်လည်း တတ်နိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌပါပဲခင်ဗျာ။

 

မြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီးဥက္ကဌထက် တက်နိုင်တာဆိုလို့ ကုန်ဈေးနှုန်းပဲရှိပါလိမ့်မယ်။

 

ကုန်ဈေးနှုန်းဆိုလို့ လွန်ခဲ့တဲ့ နှစ်တွေကဆို သွားလေရာ လက်ကိုင်ဖုန်းလေး ဟန်ပါပါချိတ်သွားတတ်တဲ့ မြန်မာ ပြည်သူတွေက ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာ ဟမ်းဖုန်းအစား ရေသန့်ဗူးအလွတ်တွေကို ကိုင်ပြီး သွားနေကြပါပြီ။ ဈေးသက်သာတဲ့နေရာမှာ တန်းစီတိုးကြိတ်ဝယ်ဖို့အတွက် အသင့်ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။

 

နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးဥက္ကဌဆီရေးတဲ့ မောင်စက စာတွေမှာ ဘိုလိုညှပ်ညှပ်ရေးတာကလည်း တိုင်းတစ်ပါး ကို အားကျလွန်းလို့တော့ မဟုတ်ပါဘူး။

 

ဗိုလ်ချုပ်မှူးကြီးဥက္ကဌတို့ လူတစ်စု သံရုံးရှေ့မှာ ဆန္ဒလေးဘာလေးသွားပြတဲ့အခါ စာလုံးပေါင်း မှန်စေချင်လို့ပါ။ တော်နေကြာ ပုံတွေက ဝါရှင်တန်က ဘဲဥဆိုလား ကြက်ဥဆိုလား အဲဒီရုံးခန်းအထိ ရောက်ပြီးကာမှ စာလုံးပေါင်း မမှန်လို့အမှန်ပြင်ပြီးမှ ဆန္ဒထပ်ပြပါရန်လို့ အကြောင်းပြန်လာမှာ အထူးစိုးရိမ်မိလို့ပါ။ ဗိုလ်ချုပ်မှူးကြီးဥက္ကဌ နေ့စားခ နှစ်ခါကုန်နေပါ့မယ်။

 

ဒါနဲ့ ဆန္ဒပြသူတွေ သံရုံးရှေ့အထိ တကူးတကကိုင်သွားတဲ့ဟာတွေထဲမှာအမေရိကန် ချီးထုပ်ဆိုတာကြီးကို ကိုင်သွားရတာ မနံဘူးလားလို့ သိချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ ချီးထုပ်ကိုင်သွားတဲ့ လူကိုတော့ နေ့တွက်ခ လေး ပိုပေးလိုက်ပါခင်ဗျာ။ ကုန်ဈေးနှုန်းတွေကလည်း တက်နေတယ် မဟုတ်လား။

 

မောင်စကတော့ ဟောလိဝုဒ်က အမေရိကန် ဓာတ်ရှင်တွေ ကြိုက်ပေမဲ့အမေရိကန် ချီးထုပ်ကတော့ မွှေး မမွှေးမသိပါဘူး။ နေပြည်တော်ချီးထုပ်တွေကတော့ တစ်တိုင်းပြည်လုံးကို နံစော်ပုပ်စပ်စေခဲ့တာ နှစ်တိုင်ခဲ့ပါပြီ။

 

ဘယ်အစိုးရလက်ထက်ဖြစ်ဖြစ် ပုံတိုပတ်စ၊ ဥပမာ၊ ဥပမေယျလေးတွေနဲ့ လေသံအေးအေးနဲ့ ပြောတတ် ဟောတတ်တဲ့ ဘန်တလေ ဆရာတော်ဘုရားကြီးကတော့ နှာစေးနေလို့ နေပြည်တော်ချီးထုပ်အနံ့ တင်မက မီးခိုးနံ့၊ အလောင်းကောင်တွေဆီက အနံ့ စတဲ့ ဘာအနံ့မှရမယ်မထင်ပါဘူး။

 

လမ်းကြုံရင် ဆရာတော်ကြီးအတွက် ရှုဆေးလေး ဘာလေး ဝင်ရောက်လို့ နှစ်သစ် ဒါနပြုလိုက်ပါဦး ခင်ဗျာလို့ ပြောရင်းစာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

 

Burma Associated Press

 

မင်းအောင်လှိုင်
မြန်မာ

Share With
bap-logo