bap-logo
Politics

ပုသိမ်ထောင်ဆူပြီးနောက် အင်းစိန်ထောင်တွင် လုံခြုံရေးပိုမိုတင်းကြပ်လာ

700R7jtQ6_7zvUs3zL29A-image

လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်၊ ဇန်နဝါရီ ၁၂။



ပုသိမ်အကျဥ်းထောင်မှာ ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ရှိနေတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက စည်းကမ်းတင်းကြပ်ထားပြီး အကျဥ်းသား သုံးဦးထက် ပိုမိုစုစည်းခွင့်မပြုဘဲ အချိန်ပြည့်နီးပါးစောင့်ကြည့်နေတယ်လို့ နိုင်ငံရေး အကျဥ်းသား မိသားစုဝင်အချို့ဆီက သိရပါတယ်။


"
အဲဒီလိုတင်းကြပ်နေတာတစ်ပတ်နီးပါးရှိပြီတဲ့ထောင်ဆူတာတွေ ဖြစ်မှာစိုးလို့ တင်းကြပ်ထားတာ လို့ပြောတယ်ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသားသေဆုံးတဲ့သတင်းတွေ ရိုက်နှက်ခံရတဲ့ သတင်းတွေကြားတော့ သေဆုံး ဒဏ်ရာရသူတွေအတွက် ဒီမှာရှိနေတဲ့အကျဥ်းသားတွေ ဝမ်းနည်း စိတ်မကောင်း ဖြစ်နေကြတယ်ဆိုပြီး ပြောလာတယ်"လို့ အင်းစိန်ထောင်အတွင်း အကျဥ်းကျ ခံနေရတဲ့ နိုင်ငံရေးကျဥ်းသား တစ်ဦးရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။

 

ယခုလ ၅ ရက် ညနဲ့ ၆ ရက် မနက်အစောပိုင်းတွေမှာ စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်း တွေရဲ့ အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံရေး အကျဥ်းသား ၆၀ ကျော် ကိုလည်း ထောင်၀န်ထမ်းများမှ ရိုက်နှက်ခဲ့တာကြောင့် ခြေကျိုး၊ လက်ကျိုး၊ ဦးခေါင်ကွဲဒဏ်ရာရှိခဲ့တာ ဖြစ်ပါတယ်။



ဒီနေ့တရားရုံးထုတ်သွားတော့ သားက အင်းစိန်ထောင်မှာ အရမ်းတင်းကြပ်ထားတယ်လို့ပြောတယ်။ အထင်ကရ နိုင်ငံရေးအကျဥ်းသားတွေကိုဆိုရင် တအားဖိထားတာ။ ထောင်ဆူပူဖို့ ဦးဆောင်မှာ စိုးလို့ ။ အချင်းချင်း စကားစု ပြောနေရင် လူစုခွဲခိုင်းတယ် ကျမတို့လို ပြင်ပမှာ နေနေရတဲ့ မိသားစု၀င်တွေလဲ အထဲကရှိနေတဲ့ သူတို့ကိုစိုးရိမ်ရတာပဲ။ သူတို့ကသတ်ပြီးရင် အလောင်းပြန် မပေးဘူး၊ သဂြိုလ်တဲ့အချိန်မှာတောင် အသိပေးတာ မဟုတ်ဘူးလေ”လို့ အကျဥ်းသားတစ်ဦးရဲ့ မိသားစု၀င်တစ်ဦးက ပြောပါတယ်။

 

ပုသိမ်ထောင်အတွင်းပစ်ခတ်မှုမတိုင်မီ အကျဥ်းထောင်၀န်ထမ်းတွေခေါ်ဆောင်သွားတဲ့ နိုင်ငံရေး အကျဉ်းသား ၈ အနက် ၇ ဦးကိုသာ ပြန်ပို့ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပျောက်ဆုံး နေသူရဲ့ သတင်းကို ဒီနေ့အထိ မကြားရသေးဘူးလို့ သိရပါတယ်။

 

ပုသိမ်အကျဥ်းထောင်ဖြစ်စဥ်မှာ သေဆုံးသူ ၁ ဦး ၊ ပျောက်ဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ  ၇၀ ခန့် ရှိနေပြီး ၉ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက  ဇန်နဝါရီလ ၈  ထုတ်ပြန်ထားပါတယ်။

 

ပုသိမ်ထောင် အကြမ်းဖက်ခံရမှု ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းမဟုတ်ဘဲ ရဲနဲ့ စစ်တပ်က အကျဉ်းကျ နေသူ ၂၀ ဦးခန့် ပါဝင်နေတယ်လို့ အမျိုးသားညီညွှတ်ရေး အစိုးရကပြောပါတယ်။



ပုသိမ်ထောင်ဖြစ်စဥ်အပြီး ဒီနေ့အချိန်ထိ အင်းစိန်ထောင်အတွင်း ဆူပူမူတွေမရှိသေးဘဲ ပြင်ပက သတင်းတွေကိုသာ အကျဥ်းသားတွေနားစွင့်နေတယ်လို့ အကျဥ်းသားမိသားစု၀င်တွေဆီက သိရ ပါတယ်။

 

Burma Associated Press

ပုသိမ်
အင်းစိန်
ထောင်
နိုင်ငံရေးအကျဉ်းသား
ညှင်းပမ်းနှိပ်စက်
အမျိုးသားညီညွတ်ရေးအစိုးရ

Share With
bap-logo