bap-logo
Politics

စစ်ကောင်စီစစ်ကြောင်းနှစ်ခုနှင့်တိုက်ခိုက်မှု ဆားလင်းကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖောက်ထွက်နိုင်

6AH-LU74g02vzmSQLY5VR-image

လွန်ခဲ့သော ၃ နှစ် က

ဆားလင်းကြီး၊ ဇန်နဝါရီ ၁၄

 

 

ဆားလင်းကြီးမြို့နယ်၊ ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောင်းမှော်ရွာများထံ ရွာမီးရှိူ့ရန်သွားနေသည့် စစ်ကြောင်းကို ဆားလင်းကြီးပြည်သူကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က နှစ်ဖက်ညှက်တိုက်သော်လည်း ဖောက်ထွက်နိုင်ကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

 

 

စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကိုဇန်နဝါရီ ၁၂ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်စောင့်ချိန်တွင် စစ်ကောင်စီဘက်ကစတင်တွေ့ရှိသွားပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

 

"ကျွန်တော်တို့က သူတို့ထွက်လာတာသိတော့မိုင်းထောင်ဖို့လုပ်တယ်။ အဲဒီမှာ သူတို့ကအရင်တွေ့ပြီး စပစ်ပါတယ်။ ကျွန်တော်တို့ကညဆုတ်ပြေးတယ်။ သူတို့ကထပ်လိုက်လာတယ်။ ကျွန်တော်တို့က အကူ စောင့်ရင်း သူတို့က အရှေ့နဲ့အနောက်နှစ်ဖက်ညှက်ပိတ်ဆို့တိုက်ပါတယ်။ ကျွန်တော်တို့က ကားနဲ့ဖောက်ထွက် လိုက်ပြီး ကားဘေးဆွဲချပြီး တောထဲလျိုထဲပုန်းခိုနေလိုက်ပါတယ် " ဟု ရဲဘော် တစ်ဦးက ပြောကြားသည်။

 

 

ထို့အပြင် နှစ်ဖက်ထိပ်တိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များတွင် မောင်းပြန်သေနတ် တစ်လက်သာ ပါဝင်ပြီး လက်လုပ်သေနတ်များဖြင့် ပြန်လည်တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

"သူတို့နဲ့က သိပ်မဝေးဘူး။ ဒါကို ကျွန်တော်တို့မသေခဲ့တာပါ။ သူတို့ကလဲ အပိုင်ပစ်တယ်။ ကျည်တွေဘေးကနေ တောက်လျောက်ဖြတ်နေတာကို ကျွန်တော်တို့မထိဘူး" ဟု ရဲဘော်တစ်ဦးက ဆိုသည်။

 

ဆားလင်းကြီးရှိပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်မှူကြောင့် စစ်ကောင်စီတပ်သား တစ်ဦးကျပြီး နှစ်ဦးဒဏ်ရာရကြောင်း သိရသည်။

 

 

"သူတို့က ကားလမ်းတစ်လျှောက် ၃၀ လောက်ရှိတယ်။ သူတို့ဇွတ်လိုက်တဲ့ အချိန်ပြန် စောင့်ပစ်လိုက်တာ ဆိုတော့ သူတို့လည်းထိလို့အတင်းမလိုက်တော့တာ။ ကျွန်တော်တို့ ကားထဲမှာလဲ သူတို့လူလို့ ယူဆရတဲ့ မီးမလောင်တဲ့ အရိုးတွေ့တယ် ။ အဲဒီနားက ဇရပ်မှာလည်း သွေးကွက်တွေတွေ့တယ်"ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်သူ ရဲဘော်တစ်ဦးက ဆိုသည်။

 

 

စစ်ကောင်စီတပ်များအရှေ့နှင့် အနောက်နှစ်ဖက်ပိတ်ဆို့ထားသည့်ကြားမှ ကားဖြင့်နောက်ဆုတ်ချိန်တွင် pdf ရဲဘော်တစ်ဦး​​​​ခြေထောက်သေနတ်ထိမှန်သွားကြောင်း သိရသည်။

 

 

ဆားလင်းကြီးမြို့ရှိ သေမင်းတမန်ပြောက်ကျားအဖွဲ့၊ ရွှေညီကိုပြောက်ကျားတပ်ဖွဲ့ နှင့် Salingyi Revolution Army မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခြင်းဖြစ်သည်။

 

 

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကျန်ခဲ့သော ကားနှစ်စီးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး လိုက်ပြီး ဆိုင်ကယ် တစ်စီး၊ လက်လုပ်ရှေ့ဂန်းများ၊ မိုင်း၊ တစ်ဖက်ပွင့်ရှော့တိုက်ပြောင်းများ၊ ၆၀ မမ၊ ၄၀ မမ၊ ၁၆၀ မမ ဗုံးသီးပစ်လက်နက်အပါအဝင် မိုင်းနှင့်ဆက်စပ်ပစ္စည်းများဆုံးရှုံးရကြောင်း သိရသည်။

 

 

"တော်လှန်ရေးလုပ်တာတစ်နှစ်ကျော်ခဲ့ပြီး အခုထိလက်နက်အစစ်တစ်လက်မှ မဝယ်နိုင်သေးဘူး။ ဒါတွေ ကျွန်တော်တို့ဆုံးရှုံးသွားလို့ ရပ်တန့်မသွားပါဘူး။ စစ်အာဏာရှင်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ တော်လှန်တိုက်ခိုက် မှာပါ" ဟု သေးမင်းတမန်ပြောက်ကျားအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောကြားသည်။ 

 

 

Burma Associated Press

 

ဆားလင်းကြီး
ဒေသကာကွယ်ရေးတပ်ဖွဲ့

Share With
bap-logo