bap-logo
Urban Life

ဘုရားတပြီး YBS စီးပါ

5_XconJkJ1m8YSxhQ1HWQ-image

လွန်ခဲ့သော တစ်နှစ် က

နိုဝင်ဘာ ၁၆။

 

ကားမောင်းရင်းဖုန်းပြောနေတဲ့ ယာဥ်မောင်းရဲ့စကားသံတွေကြောင့် ထိုင်ခုံလက်တန်းကို မဝေဝေ တစ်ယောက် တင်းကြပ်စွာ ကိုင်ထားလိုက်ပါတယ်။

 

ကားရဲ့အရှိန်က ပုံမှန်ထက်မြန်နေတာကြောင့်ရော လက်တစ်ဖက်ထဲနဲ့ မောင်းနေတဲ့ ယာဉ်မောင်းသူ ဆီက ဖုန်းပြောနေတဲ့ စကားကြောင့် သူ ဘုရားပင် တမိလိုက်ပါသေးတယ်။

 

ယာဉ်မောင်းက တစ်ဖက်ကလူကို ပြောနေတဲ့စကားထဲမှာ" ကားဟာဘရိတ်မမိဘူး၊ ညာဖက် ဘရိတ်က ဘယ်လိုဖြစ်တယ်၊ သူဘာလုပ်ရမလဲဆိုတဲ့" စကားသံကို ပီပီသသကြားလိုက်ရလို့ ကားသမားနဲ့ နီးတဲ့ ခုံကနေ အနောက်ဘက် ခုံတန်းဘက်ကို အမြန်ရွှေ့ထားလိုက်တာပါ။

 

"အနောက်ဘက်ကိုရွှေ့လိုက်တာက တခုခုအက်စီးဒန့်ဖြစ်ရင် အထိခိုက်နည်းအောင်လို့လေ၊ ၈ မိုင် တံတားပေါ်ကလည်း ဆင်းရော ရိုလာကိုစတာစီးနေရသလိုပဲ၊ ဒါကြောင့် အနီးဆုံးမှတ်တိုင်မှာ အမြန် ဆင်းလိုက်ရတာ တစ်လမ်းလုံး ဘုရားတပြီး စီးလာရတာ"လို့ မဝေဝေက တုန်ရီနေတဲ့ အမူအရာနဲ့ သူ့ရင်ဘတ်ကိုဖိရင်း ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက YBS-43 ယာဥ်လိုင်းက ကားတစ်စီးဟာ တက္ကစီတစ်စီးရဲ့ နောက်ပိုင်းကို ဝင်ရောက် တိုက်မိခဲ့ပါတယ်။ ဒီလိုတိုက်မိတာကြောင့် တက်စီယာဥ်မောင်းနဲ့ စကားများခဲ့ပါတယ်။

 

အဲဒီလိုစကားများတာကို မကျေနပ်လို့ကားနဲ့တိုက်သတ်ပြီး တရွှတ်တိုက်ဆွဲသွားတာကြောင့် တက္ကစီ သမားရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွားဖြစ်လောက်အောင် ကြွေမွပြတ်ထွက်ကုန်တဲ့ ရုပ်ခန္ဓာ ကိုယ်ကို ပရဟိတ အသင်းတစ်ခုက ကောက်ယူနေတဲ့ ဗီဒီယိုဖိုင်ဟာ ပြန့်နှံခဲ့ပါတယ်။

 

အနောက်ဘက်ကိုရွှေ့လိုက်တာက တခုခု အက်စီးဒန့် ဖြစ်ရင် အထိခိုက်နည်းအောင်လို့လေ၊ ၈ မိုင် တံတား ပေါ်ကလည်း ဆင်းရော ရိုလာကိုစတာ စီးနေရသလိုပဲ

 

 

"အလုပ်သွားရင်းနဲ့ ဖယ်ရီပေါ်ကနေ လှမ်းကြည့်မိတာ ----လိုက်ကြီးပဲ၊ ကျန်တာတော့ အုပ်ထားတယ်" လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။

 

ကားနဲ့တိုက်ခဲ့တယ်ဆိုတဲ့ YBS ယာဉ်မောင်းက ခရီးသည်တွေကို ဆယ်မိုင်ကုန်း မှတ်တိုင်အကျော်မှာ ဆင်းခိုင်းကာ ကားနဲ့အတူ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက် တစ်နေရာမှာ ကားကို ထားခဲ့ကာ ထွက်ပြေးသွားတယ်လို့ ကားပေါ်ပါလာသူတွေက ပြောပြထားပါတယ်။

 

လက်ရှိအချိန်မှာတော့ YBS စနစ်ဟာ အုပ်ချုပ်သူတွေပေါ့လျော့မှုကြောင့် ဘတ်စ်ကားစီးသူတွေ အချိန်မရွေး အသက်အန္တာရယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ထိ ဖြစ်နေတာပါ။

 

လူဦးရေ ၁၀ သန်းနီးပါးရှိတဲ့ ရန်ကုန်မြို့ကပြည်သူတွေဟာ နေ့စဥ်လုပ်ငန်းဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ဖို့ လိုင်းကားတွေကိုသာ အဓိကထား အားကိုးနေကြရတာပါ။

 

ရန်ကုန်တိုင်း၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ စာရင်းဇယားအရ ရန်ကုန်မြို့က ပြည်သူ ၂ သန်းနီးပါးဟာ YBS ကားတွေကို နေ့စဥ်အသုံးပြုနေကြရတာပါ။

 

YRTC ကတော့ သူတို့အဖွဲ့အစည်းက ယာဥ်မောင်းတွေဟာ လောဘနဲ့ စည်းကမ်းမဲ့ အတင်းအကြပ် မောင်းနှင်တာ၊ လမ်းပေါ်အဆင်မပြေ ပိတ်မိနေပါကလည်း ယာဉ်မောင်းအချင်းချင်း ဒေါသနဲ့အော်ဟစ် ဆဲဆိုတာ၊ ခရီးသည်တွေကို မချေမငံ ဆက်ဆံတာတွေ တွေ့ရှိထားတယ်လို့ ပြောဆိုထားပါတယ်။

 

"မောဟတရားများ ဖုံးလွှမ်းကာ အမှားအမှန်ကို ပိုင်းခြားမသိနိုင်တော့ဘဲ မီးနီဖြတ်ခြင်း၊ လုယက် မောင်းနှင်ခြင်းများ ရှိလာတယ်၊ ယာဉ်တစ်စီးချင်း စနစ်တကျ ကြပ်မတ်နိုင်ရေး YRTC မှ တစ်ဦးချင်း ပိုင် ယာဉ်များအား အများပိုင်ကုမ္ပဏီအဖြစ်သို့ စနစ်တကျဖွဲ့စည်းကြရန် တိုက်တွန်းထားပါတယ်လို့" တာဝန်ရှိသူတစ်ဦးက ယာဥ်မောင်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုထားပါတယ်။

 

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် YBS ယာဉ်လိုင်းတွေမှာ ယာဉ်စီးခ ပိုမိုကောက်ခံတဲ့ အစီးရေ ၁၀၀ ကျော်ကို CNG လုပ်ငန်းလိုင်စင် ပိတ်သိမ်းထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က မကြာသေးခင်က ပြောဆိုထားပါသေးတယ်။

 

၂၀၂၃ ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဥ် စီးရေ တစ်သောင်းခုနှစ်ထောင်ကျော် (၁၇,၀၀၀) ကို အရေးယူမှုများ ပြုလုပ်ထားပြီး သုံးကြိမ်နဲ့ အထက် စည်းကမ်းဖောက်ဖျက်ပါက ယာဥ်လိုင်းပြေး ဆွဲခွင့်ကိုပါ ပိတ်မယ်လို့ အသိပေးထားပါတယ်။

 

"အခု ဘယ်လောက်တောင် ပျက်နေသလဲဆို လူတိုက်သတ်ပြီး ထွက်ပြေးတဲ့ယာဥ်မောင်းရဲ့ ဓာတ်ပုံ မရှိဘူးတဲ့ဗျာ၊ YBS ယာဥ်လိုင်းက ဟိုးအရင် မထသ လို ပျက်ချင်တိုင်း ပျက်နေတာတွေ ပြောရရင် အများကြီးပဲ"

 

 

ဒီလို အသိပေးထားပေမယ့် တက္ကစီယာဥ်မောင်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တဲ့ YBS -43 ရဲ့ ယာဥ် မောင်းဓာတ်ပုံကို အခင်းဖြစ်ပြီး တစ်ပတ်ကြာတဲ့အထိ YRTC က ထုတ်ပြန်မပေးနိုင်တာကြောင့် ပြည်သူတွေရဲ့ဝေဖန်မှု ခံနေရပါတယ်။

 

"အခု ဘယ်လောက်တောင် ပျက်နေသလဲဆို လူတိုက်သတ်ပြီး ထွက်ပြေးတဲ့ယာဥ်မောင်းရဲ့ ဓာတ်ပုံ မရှိဘူးတဲ့ဗျာ၊ YBS ယာဥ်လိုင်းက ဟိုးအရင် မထသ လို ပျက်ချင်တိုင်း ပျက်နေတာတွေ ပြောရရင် အများကြီးပဲ" လို့ ဘတ်စ်ကားစီးသူတစ်ဦးက ဝေဖန်ပါတယ်။

 

လက်ရှိအချိန် ယာဥ်လိုင်းအများစုက ဘတ်ကားတွေဟာ အဲကွန်းမရတာ၊ တံကားပေါက်တွေ ပျက်နေတာ၊ ကြမ်းခင်းကျွံနေတာ၊ မိုးရွာရင် မိုးရေကျတာ၊ ယာဥ်မောင်းက ငွေကောက်ရင်း ကားမောင်းတာ၊ ကားမောင်းနေရင်း တန်းလန်းနဲ့ငွေကောက်၊ အကြွေပြန်အမ်းနေတာ၊ ခါးပိုက်နှိုက် ရန်ပြုတာ ခံနေရတဲ့ အခြေနေတွေကြောင့် ဘတ်စ်ကားစီးနေကြတဲ့ ပြည်သူတွေဟာ အန္တရာယ်ရှိတဲ့ အခြေနေတွေနဲ့ နေ့စဉ် ကြုံတွေ့နေကြရတာပါ။

 

သတ်မှတ်ထားတဲ့ မှတ်တိုင်မှာမရပ်တာ၊ ကားလမ်းယာဥ်ကြောလုမောင်းတာ၊ မီးနီဖြတ်မောင်းတာ၊ ညဘက်ဆို ဂိတ်အစအဆုံး မမောင်းပေးတာ၊ ယာဥ်စီးခပိုကောက်တာ၊ တက္ကစီယာဥ်၊ အိမ်စီးကား စတဲ့ ကားတွေနဲ့ ပြိုင်လုမောင်းတာတွေအပြင် ခရီးသည် အဆင်းအတက်မပြီးသေးခင် ကားကိုမောင်းထွက် သွားလို့ ကားတံခါး ညှပ်တာ၊ ကားပေါ်ကပြုတ်ကျတာ၊ ကားဘီးအောက်ပြုတ်ကျ ကြိတ်မိပြီး သေဆုံးဒဏ်ရာရှိတာတွေရှိနေပါတယ်။

 

ဒီလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ YBS တွေပေါ်မှာ ကပ်ထားတဲ့ ယာဥ်မောင်းဓာတ်ပုံနဲ့ အမှန်တကယ် ကားမောင်းသူ မတူညီတာတွေလဲ ရှိနေပါသေးတယ်။

 

ဒီလိုဖြစ်နေပေမယ့် ခရီးသွားပြည်သူတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးတာ၊ ထောက်ပံ့ကူညီ ပေးတာတွေ တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ YBS အသုံးပြုသူတွေက ပြောပါတယ်။

 

"အသက်ကြီးသူတစ်ဦး ကားပေါ်က မဆင်းခင် ကား​က မောင်းထွက်သွားတော့ ကားပေါ်က ပြုတ်ကျတယ်၊ ကားသမားက ဆင်းမကြည့်ဘူး၊ မြင်တော့ မနေနိုင်သူတွေက ကူညီရတာပေါ့၊ ခေတ်ပျက်ကြီးထဲ သေဖို့ အရမ်းလွယ်ကူနေတာ" လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

"ပရမ်းပတာနဲ့ လုပ်ချင်ရာလုပ်ပြီး ထွက်ပြေးနေကြတာတွေ များတော့ ဖမ်းမိတာလည်း တစ်ခါမှမတွေ့၊ YBS ကားသမားတွေ လုပ်ချင်တိုင်း လုပ်နေကြတာ၊ မိုက်ရိုင်းလွန်းတယ်၊ ယာဥ်လိုင်းတွေရော ကြီးကြပ်မှု လုံးဝ မရှိဘူး"

 

 

YBS ကားတွေ ပေါ်ထိ သံတုတ်တွေ ကိုင်ဆောင်ကာ ခရီးသည်တွေကို ရိုက်နှက်ဖုန်းလုယူတဲ့ ဖြစ်စဥ်တွေ၊ အုပ်စုလိုက်တက်လာတဲ့ ခါးပိုက်နှိုက်တွေကို ယာဉ်မောင်းသူတွေကိုယ်တိုင်က ကားပေါ် ပေးတက်တာ၊ ခါးပိုက်နှိုက်နေတာမြင်လို့ သတိပေးသူကို ရန်ပြုခံနေရရင်လည်း ယာဉ်မောင်းက မသိကျိုးကျွံပြုကာ ကူညီပေးတာတွေ မပြုလုပ်ပေးဘူးလို့ ပြည်သူအချို့က ဝေဖန်ပါတယ်။

 

"ပရမ်းပတာနဲ့ လုပ်ချင်ရာလုပ်ပြီး ထွက်ပြေးနေကြတာတွေများတော့ ဖမ်းမိတာလည်း တစ်ခါမှမတွေ့၊ YBS ကားသမားတွေ လုပ်ချင်တိုင်း လုပ်နေကြတာ၊ မိုက်ရိုင်းလွန်းတယ်၊ ယာဥ်လိုင်းတွေရော ကြီးကြပ်မှု လုံးဝ မရှိဘူး" လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း ဂျပန်-မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှာ YBS ယာဥ်လိုင်းနဲ့ အမြန် ချောပို့ စက်ဘီးသမားတို့ တိုက်မိပြီး စက်ဘီးမောင်းသူ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

 

အဲဒီဖြစ်ရပ်ကြောင့် အသက်၂၇ နှစ် အရွယ် စက်ဘီးမောင်းသူ အမျိုးသားဟာ နေရာမှာပဲ သေဆုံးခဲ့ ရပါတယ်။

 

"ဒီယာဥ်လိုင်းက ကျမစီးနေကျနံပါတ်၊ ညပိုင်းအလုပ်အပြန် မိုးချုပ်ရင်ရွေးချယ်စရာမရှိတော့ စီးရ တယ်၊ ရင်တလှပ်လှပ်ပဲ၊ အပြိုင်လုမောင်းတာ၊ မြန်ချက်က ကျည်ဆံရထားအတိုင်းပဲ နေ့တိုင်း ဘုရားတစီးနေရတယ်" လို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

  

 

တက္ကစီယာဉ်မောင်းကို တိုက်ခဲ့တဲ့ YBS- 43 ယာဥ်မောင်းနဲ့ ပတ်သက်တဲ့အခြေနေကို စုံခုံဖွဲ့ စစ်ဆေးသွားမယ်ဆိုပြီး YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြည်တွင်းသတင်းဌာန တစ်ချို့ကို ပြောထားပါတယ်။

  

တိုက်ခံရတဲ့ တက္ကစီယာဥ်မောင်းမိသားစုကို YRTC ဘက်က သွားရောက်တွေ့ဆုံတာမျိုး မရှိသေးပါဘူး။

 

သေဆုံးခဲ့တဲ့ တက္ကစီယာဥ်မောင်းရဲ့ ကားအာမခံထားတဲ့ကုမ္ပဏီက ကျန်ရစ်သူမိသားစုကို  ထောက်ပံ့ ငွေ သွားရောက် ပေးအပ်ခဲ့ပြီး၊ ထိခိုက်သွားတဲ့ မော်တော်ယာဉ် ပြုပြင်ပေးနေတယ်ဆိုပြီး အသိပေး ထားပါတယ်။

 

အရင် YBS ယာဥ်လိုင်းတစ်ခုရဲ့ ကြီးကြပ်ရေးမှူးလုပ်ခဲ့ဖူးသူ တစ်ဦးကတော့ လက်ရှိအချိန်ယာဥ်လိုင်း အများစု ကိုယ်တိုင်က ကာမောင်းသူတွေကို လစာပုံစံမျိုးမပေးနိုင်ပဲ ပုတ်ပြတ်သဘောမျိုး၊ အခေါက်ရေ သဘောနဲ့သာ ပေးနိုင်လို့ အခြေနေတွေ ဆိုးသွားတာလို့ ပြောပါတယ်။

 

" မထသ ခေတ်အတိုင်း ပြန်လုပ်နေတာ၊ ယာဥ်မောင်းက သူ့အတွက် ကိုက်အောင်ဆွဲရတယ်၊ စနစ်နဲ့ အမှန်အကန် မောင်းနေတဲ့လိုင်းတွေက မောင်းသူတွေကျတော့ လုပ်မစားတတ်ကြတော့ဘူး၊ တစ်စီးနဲ့ တစ်စီး လုယက် ရှာဖွေမစားတတ်ကြတော့ ဒီလောကထဲက ထွက်ကုန်ကြတယ်" လို့ သူ့အမြင်ကို ပြောပါတယ်။

 

အာဏာမသိမ်းခင်အချိန်က YBS ယာဥ်လိုင်းတွေနဲ့ပတ်သက်ပြီး အဆင်မပြေပါက တိုင်ကြားရင် အရေးယူပေးတာမျိုးတွေ ရှိခဲ့ပြီး၊ ယာဥ်စီးရေအရေအတွက် အလုံအလောက်ပြေးဆွဲတာမျိုး ရှိခဲ့ပါတယ်။

 

မထသ ခေတ်အတိုင်း ပြန်လုပ်နေတာ၊ ယာဥ်မောင်းက သူ့အတွက် ကိုက်အောင်ဆွဲရတယ်၊ စနစ်နဲ့ အမှန်အကန် မောင်းနေတဲ့လိုင်းတွေက မောင်းသူတွေ ကျတော့ လုပ်မစားတတ်ကြတော့ဘူး

 

 

လက်ရှိအချိန်မှာ ယာဉ်လိုင်း ၁၃၃ လိုင်း၊ ယာဉ်စီးရေ ၃,၆၉၃ စီး ပြေးဆွဲပေးနေတယ်လို့ YRTC က အသိပေးထားပါတယ်။

 

YRTC က သူတို့ဟာ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို အသိပညာပေး ဆွေးနွေးပွဲတွေ ကျင်းပပေးနေတယ်လို့ ပြောဆိုထားပါတယ်။

 

"သူတို့အရေးယူမှုက ဘာနဲ့တူလဲဆို အရင်ကအမှုလိုလို့ ဖမ်းရတဲ့ နှစ်လုံးထီ၊ ချဲထီရောင်းသူ ဒိုင်ကြီး တွေကို အမှုလိုရင် ဘယ်နှစ်မှုပေးပါဆိုပြီး လက်အောက်က အသေးသမားတွေကိုဖမ်းခိုင်းသလို YBS လည်း ဒီအတိုင်းပဲ၊ ဘယ်ယာဥ်လိုင်းက ဘယ်နှစ်မှုပေး ပြီးရင် ဒဏ်ငွေကို စားရိတ်မျှခံမယ် ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်" လို့ YBS ယာဥ်လိုင်းတစ်ခုရဲ့ ကြီးကြပ်ရေးမှူးလုပ်ခဲ့ဖူးသူ တစ်ဦးက ဝေဖန်ပါတယ်။

 

မဝေဝေကတော့ သူစီးခဲ့တဲ့ ဘရိတ်ပျက်နေတဲ့ကားက ကားမောင်းသူယာဥ်မောင်းအနေနဲ့လည်း ကားကို မပြုပြင်ဘဲ ခရီးသည်တွေတင်ပြီး မမောင်းသင့်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

 

"ပြန်တွေးမိတိုင်း ကြောက်နေမိတာ ကားက ဘရိတ်ပေါက်ပြီး သူများကို တိုက်မိမလား၊ စီးလာတဲ့ ကားက တံတားပေါ်က ပြုတ်ကျမလားနဲ့ တွေးလာမိတာ ရင်တထိတ်ထိတ်နဲ့" လို့  ပြန်ပြောပြပါတယ်။

 

Burma Associated Press

အာဏာသိမ်းမှု
တက္ကစီ
ရန်ကုန်
ယာဉ်တိုက်မှု
YBS ဘတ်စ်ကား

Share With
bap-logo