bap-logo
Politics

ကန့်ဘလူမှာ စစ်ကောင်စီက မြွေဆိပ်ဖြေဆေးသယ်ယူခွင့် ကန့်သတ်၊ ဆေးဝါးမလုံလောက်မှုဖြစ်ပြီး သေဆုံးမှုတွေရှိနေ

4YlUEryoyWzEZdg7vMRwp-image

လွန်ခဲ့သော တစ်နှစ် က

ကန့်ဘလူ၊ စက်တင်ဘာ ၁၀။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီက မြွေဆိပ်ဖြေဆေး သယ်ယူတင်ပို့ခွင့်တွေ ကန့်သတ်ထားတာကြောင့် ဆေးဝါးမလုံလောက်မှုဖြစ်ပြီး အသက်သေဆုံးတာတွေရှိနေတယ်လို့ ကျွန်းလှ တတ်ကြွလှုပ်ရှား သူများ အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

စစ်ကောင်စီဘက်က ထိန်းချုပ်တာကန့်သတ်တာတွေ လုပ်နေတာပေါ့။ တချို့ မြွေဆိပ်ဖြေဆေး ရောင်းတဲ့ ဆိုင်တွေတောင် ဖမ်းတယ်လို့သိရတယ်။ လမ်းကြောင်းပေါ်မှာလည်း ဖမ်းဆီးတာတွေ ရှိတယ်။ ဆေးဝါးတွေက တော့ အခုထိ လုံလုံလောက်လောက်ဝယ်ယူလို့မရဘူး။ မြွေဆိုးကိုက်ခံရတဲ့ စစ်ရှောင်အချို့လည်း အချိန်မီ ဆေးဝါးကုသခွင့်မရတာနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် အသက်ဆုံးရှုံးနေရတာတွေ ရှိနေတာ ဟုတ်ပါတယ်“လို့ သူကဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကန့်ဘလူခရိုင်ထဲမှာ စစ်ရှောင်ပြည်သူ ၁၁ ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး ၃ ဦး သေဆုံးခဲ့ရပါသေးတယ်။

 

အဆိုပါ သေဆုံးသူတွေထဲမှာ ဆေးဝါးမလုံလောက်မှုကြောင့် ဆေးကုသခွင့်မရဘဲသေဆုံးရသူတွေ၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ သွားလာလို့မလွယ်ကူတာကြောင့် သေဆုံးခဲ့ရသူတွေ အပါအဝင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အချိန်မီဆေးဝါးကုသခွင့်မရလို့ သေဆုံး ခဲ့ရသူတွေလည်း ပါဝင်ပါတယ်။

 

ကန့်ဘလူမြို့နယ်အတွင်း မြွေဆိုးကိုက်ခံရသူအများစုဟာ စစ်ဘေးရှောင်ပြည်သူတွေဖြစ်ပြီး ညနေခင်း နွားသွင်းချိန်တွေမှာ အများဆုံး မြွေဆိုးကိုက်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

မြွေဆိပ်ဖြေဆေးတွေဟာ မြန်မာ့ဆေးဝါးလုပ်ငန်း BPI ဆေးတလုံးကို ကျပ် တသိန်းကနေ တသိန်း သုံးသောင်း ဝန်းကျင်ထိ ရှိနေပါတယ်။ တခါတရံဆေးဝါးလိုအပ်ချက်ပေါ် မူတည်ပြီး ရှားလာတဲ့ အခါမှာတော့ BPI ဆေးတလုံးကို တသိန်း ရှစ်သောင်းဝန်းကျင်၊  အိန္ဒိယနိုင်ငံထုတ် ဆေးတစ်လုံးကို သုံးသောင်းနှစ်ထောင်ကနေ လေးသောင်းကျပ်အထိပေးရနေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

 

ကိုက်ခံရတဲ့ မြွေဆိပ်ပမာဏပေါ်မူတည်ကာ သုံးစွဲရတဲ့ ဆေးပမာဏလည်း ကွာခြား‌တယ်လို့ ဆေးဝါးကုသမှု ပေးနေတဲ့ ဆရာဝန်တွေထံက သိရပါတယ်။

 

လက်ရှိအခြေနေအရ အခုလို မြွေဆိုးကိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ဆရာဝန်တွေနဲ့ ပညာပေး သဘောမျိူး လုပ်ခဲ့တာတွေရှိပေမယ့် လူတွေအကုန်လုံး စုစုစည်းစည်းနဲ့ ပညာပေးဟောပြောပွဲတွေ လုပ်ဖို့အတွက်တော့ ယခုကာလ နယ်မြေအနေအထားအရ လုံခြုံမှုမရှိတာကြောင့် အဆင်မပြေဘူးလို့လည်း သိရပါတယ်။

 

ကန့်ဘလူမြို့နယ်ထဲမှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ မြွေဆိုးကိုက်ခံရသူ ၉၃ ဦးထိ ရှိနေပြီး ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ မြေပြင်မှာ ဆေးဝါးကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်းထမ်းတွေက စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

 

Burma Associated Press

ကန့်ဘလူ
စစ်ကိုင်း
မြွေဆိုးကိုက်ခံရ

Share With
bap-logo