bap-logo
International

မြန်မာ့သံတမန်အခန်းကဏ္ဍ ဗိုလ်ချုပ်များကို အသိအမှတ်မပြုဘဲ ဥရောပသမဂ္ဂ ငြင်းဆန်

2vwpO9Pu0QawzTf1kvBnB-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၃။

 

၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းတို့ကို ကြီးကြပ်ရ မည့် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell က ပြောဆိုလိုက်ပြီး စစ်ဘေးဒဏ်သင့်နိုင်ငံ၏ စစ်အုပ်ချုပ်ရေးကို အသိအမှတ်မပြုကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။ 

 

            ၎င်းမှတ်ချက်က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ မြန်မာစစ်တပ်က အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ပြီး တိုင်းပြည်ကို အပြင်းအထန် ယိုယွင်းစေခဲ့သည့်အတွက် နောက်ဆုံးထွက်ပေါ်လာသော သံတမန်ရေးရာ ကျဆင်းမှုကို ထင်ဟပ်ဖော်ပြခြင်းဖြစ်သည်။ 

 

            Josep Borrell သည် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်နေသော အစည်းအဝေးတွင် ၎င်းအရေးကို မြှင့်တင်ပြောဆိုလိုက် ခြင်းဖြစ်သည်။ 

 

            မြန်မာနိုင်ငံက ဥရောပသမဂ္ဂနဲ့ဆက်ဆံရေးအတွက် အာဆီယံရဲ့ ညှိနှိုင်းရေးမှူး ဖြစ်လာနိုင်ချေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ စိန်ခေါ်မှုတွေ ရင်ဆိုင်ရပါတယ်။ဟု Borrell က အစည်းအဝေးအစတွင် အာဆီယံမှ သက်ဆိုင်ရာဆွေးနွေးသူများကို ပြောကြားသည်။ 

 

            ကျွန်တော်တို့ စစ်အာဏာရှင်တွေကို အသိအမှတ်မပြုပါဘူး။ ဒီအရေးကို ကျော်လွှားဖို့ နည်းလမ်း ရှာသင့်ပါတယ်။ဟု ၎င်းက ပြောသည်။ 

 

            နိုင်ငံခြားရေးဝန်ကြီးများထံမှ ရုတ်တရက် တုံ့ပြန်မှုမရသော်လည်း အစည်းအဝေးတက်ရောက်နေသော အရှေ့တောင်အာရှ သံတမန်တစ်ဦးက ဥရောပသမဂ္ဂက မြှင့်တင်ပြောဆိုလာသည့် အရေးသည် ခိုင်မာသည့် ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေး ဆက်ဆံမှု ရှိသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းနှစ်ခုအကြား အနှောင့် အယှက်တစ်စုံတစ်ရာ မဖြစ်စေရန် ကာကွယ်ရေး အာဆီယံအဖွဲ့ဝင်များအကြား ဆွေးနွေးနေသည်ဟု Associated Press ကို ပြောကြားခဲ့သည်။ 

 

            ဖွင့်ဟပြောပြသည့် သံတမန်က ၎င်းအရေးကို လူအများသိစေရန် ဆွေးနွေးခွင့် မရှိသည့်အတွက် အမည်လျှို့ဝှက် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

            ဥရောပသမဂ္ဂ၊ အမေရိကန်နင့် အခြားအနောက်နိုင်ငံအစိုးရများသည် မြန်မာစစ်အစိုးရကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ 

 

            အာဆီယံသည် ၎င်းနှင့် ဆက်စပ်နေသော ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာများကို ကြီးကြပ်ရန် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို သတ်မှတ်ပေး ရသည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ ဖိလစ်ပိုင်က လက်ရှိ အာဆီယံ-အီးယူ ဆက်ဆံရေးကို ညှိနှိုင်းဆောင်ရွက်နေပြီး လာမည့်နှစ်တွင် မြန်မာက ဆက်လက်ဆောင်ရွက်ရန် စီစဉ်သတ်မှတ် ထားခြင်းဖြစ်သည်။ 

 

            အာဆီယံဝန်ကြီးများက စဉ်းစားရွေးချယ်စရာများအနက် တစ်ခုမှာ လာမည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန် ရယူမည့် လာအိုကို အီးယူနှင့် ညှိနှိုင်းရေးမှူးအဖြစ် သတ်မှတ်ရန် ဖြစ်သည်ဟု အထက် ဖော်ပြပါ အမည်မဖော်လိုသည့် သံတမန်က ပြောဆိုသည်။ 

 

            အာဆီယံသည်လည်း မြန်မာစစ်အစိုးရကို အသိအမှတ်မပြုဘဲ အင်ဒိုနီးရှားတွင် ယခု ရက် သတ္တပတ်အတွင်း ကျင်းပနေသည့် အစည်းအဝေးများအပါအဝင် အဖွဲ့၏ ထိပ်သီး အစည်း အဝေးများသို့ စစ်တပ်ခန့်အပ် သော ကိုယ်စားလှယ်များကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ 

 

 

ကိုးကား - ABC News

ပုံစာ - အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၊  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Josep Borrell(AP Photo/Achmad Ibrahim, Pool)

 

ဥရောပသမဂ္ဂ
စစ်ကောင်စီ
အာဆီယံ

Share With
bap-logo