Education
ရွှေ့ပြောင်းနေထိုင်မှုများကို ဖြိုခွင်းရန် ဩစတြေးလျက နိုင်ငံခြားကျောင်းသားဗီဇာကြေးများ နှစ်ဆကျော် တိုးမြှင့်
လွန်ခဲ့သော ၇ လ က
ဩစတြေးလျ အစိုးရက နိုင်ငံတကာ ကျောင်းသားများ၏ ဗီဇာကြေးများကို နှစ်ဆကျော် တိုးမြှင့်လိုက်သည်။ အိမ်ယာဈေးကွက်တွင် ဖိအားများ တင်းကျပ်နေခြင်းကြောင့် စံချိန်တင် ပြောင်းရွှေ့ဝင်ရောက်မှုများကို ထိန်းချုပ်ရန် အစိုးရ၏ နောက်ဆုံး ကြိုးပမ်းမှုဖြစ်သည်။ (ကျောင်းသားများ ပိုမိုဝင်ရောက်လာ၍ အိမ်ယာလိုအပ်ချက်များ တိုးမြင့်လာခြင်းကို ဆိုလိုသည်။)
ဂျူလိုင်လ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတကာ ကျောင်းသား ဗီဇာကြေးမှာ ဩစတြေးလျ ဒေါ်လာ ၇၁၀ မှ ဩစတြေးလျ ဒေါ်လာ ၁၆၀၀ (အမေရိကန်ဒေါ်လာ ၁၀၆၈) သို့ တိုးမြှင့်သွားမည်ဖြစ်သည်။ ဩစတြေးလျတွင် ပညာသင်ယူ၍ ဘွဲ့ရရှိပြီး အလုပ်အတွေ့အကြုံယူရန် ယာယီနေထိုင်လိုသော ဘွဲ့ရကျောင်းသားများအတွက် ယာယီ ဗီဇာများရရှိထားသူများကိုလည်း ပြည်တွင်းမှ ကျောင်းသားဗီဇာ လျှောက်ထားခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။
“ယနေ့တွင် ယင်း ပြောင်းလဲချက်များ အသက်ဝင်လာခြင်းသည် ကျွန်ုပ်တို့၏ နိုင်ငံတကာ ပညာရေးစနစ် ခိုင်မာတည်ကြည်မှု ပြန်လည်တည်ဆောက်ရန်နှင့် ဩစတြေးလျနိုင်ငံအတွက် ပိုမို မျှတသော၊ ပိုမို ငယ်ရွယ်သော၊ ပိုမို ကောင်းမွန်သော ရွှေ့ပြောင်းနေထိုင်မှုစနစ်တစ်ခု ဖန်တီးရန်ကူညီပေးသွားမည်ဖြစ်သည်။” ဟု ပြည်ထဲရေးဝန်ကြီး Clare O’Neil က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
တရားဝင်အချက်အလက်များအရ မတ်လတွင် ရွှေ့ပြောင်းနေထိုင်မှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့် နှိုင်းယှဉ်လျှင် ၆၀% အထိ၊ လူဦးရေ စံချိန်တင် ၅၄၈၈၀၀ သို့ မြင့်တက်လာခဲ့သည်။
ဩစတြေးလျ ကျောင်းသားဗီဇာကြေး မြင့်တက်လာခြင်းသည် ပြိုင်ဘက်နိုင်ငံများဖြစ်သော အမေရိကန် (၁၈၅ ဒေါ်လာ)နှင့် ကနေဒါတို့ (ကနေဒါ ဒေါ်လာ ၁၅၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၁၀)ထက် ဈေးနှုန်း ပိုမိုကြီးမြင့်လာသည်။
ကျောင်းသားဗီဇာ ဒုတိယအကြိမ် သို့မဟုတ် အကြိမ်ကြိမ်ရယူခဲ့သူများ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၃၀ % ကျော် မြင့်တက်လာပြီးနောက် နိုင်ငံခြား ကျောင်းသားများ ဩစေတြးလျတွင် ဆက်လက် သက်တမ်းတိုး နေထိုင်နိုင်စေသည့် ဗီဇာစည်းမျဉ်းစည်းများမှ လစ်ဟာမှုများကို ပြင်ဆင်သွားမည်ဟုလည်း အစိုးရက ပြောသည်။
၂၀၂၂ ခုနှစ်ကိုဗစ် ၁၉ ထိန်းချုပ်မှုများ ဖြေလျော့ပြီးနောက် နှစ်စဉ် ရွှေ့ပြောင်းနေထိုင်မှု စံချိန်တင် မြင့်တက်လာသည့်အတွက် ပြီးခဲ့သည့်နှစ်တွင် ကျောင်းသားဗီဇာ စည်းမျဉ်း တင်းကျပ်မှုများပြုလုပ်ခဲ့ကာ ယခု ထပ်မံ တင်းကျပ်လာခြင်းဖြစ်သည်။
မတ်လတွင် အင်္ဂလိပ်ဘာသာစကား လိုအပ်ချက် ပိုမို တင်းကျပ်ခဲ့ပြီး နိုင်ငံတကာကျောင်းသားများ ဗီဇာရရှိရန် စုဆောင်းငွေမှာ မေလတွင် ဩစတြေးလျဒေါ်လာ ၂၄၅၀၅ မှ ၂၉၇၁၀ (အမေရိကန်ဒေါ်လာ ၁၉၈၂၃) သို့ ခုနှစ်လအတွင်း ဒုတိယအကြိမ် မြင့်တက်သွားသည်။
ဩစတြေးလျ တက္ကသိုလ်များ အမှုဆောင်အရာရှိချုပ် Luke Sheehy က အစိုးရ၏ မူဝါဒအရ ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံ၏ ခိုင်မာ အားကောင်းမှု အန္တရာယ်ကျရောက်စေနိုင်သည်ဟု ပြောသည်။
“ဒါက ကျွန်တော်တို့ရဲ့ စီးပွားရေး၊ ကျွန်တော်တို့ရဲ့ တက္ကသိုလ်တွေအတွက် မကောင်းပါဘူး။ ဒီနှစ်ခုလုံးက နိုင်ငံတကာ ကျောင်းသားတွေရဲ့ အခကြေးငွေတွေအပေါ် အများကြီး မှီခို ထားရတာပါ။” ဟု Sheehy က အီးမေးလ်ဖြင့် တုန့်ပြန်ဖြေကြားသည်။
နိုင်ငံတကာ ပညာရေးသည် ဩစတြေးလျ၏ အကြီးမားဆုံး နိုင်ငံတကာ ပို့ကုန်လုပ်ငန်း ဖြစ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဩစတြေးလျ ဒေါ်လာ ၃၆.၄ ဘီလီယံ တန်ဖိုး ရှိသည်။
(အမေရိကန် တစ်ဒေါ်လာ = ၁.၄၉၈၈ ဩစတြေးလျ ဒေါ်လာ)
(အမေရိကန် တစ်ဒေါ်လာ = ၁.၃၆၆၄ ကနေဒါ ဒေါ်လာ)
ကိုးကား - Reuters
ပုံစာ - ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၂၃ ခုနှစ် ဩစတြေးလျနိုင်ငံ Camperdown ရှိ ဆစ်ဒနီ တက္ကသိုလ် လမ်းညွှန်ရက်သတ္တပတ်အတွင်း ဓာတ်ပုံရိုက်ရန် ကိုယ်ဟန်ပြနေသည့် မိန်းကလေးတစ်ဦး။ (REUTERS/ Stella Qiu/File Photo)
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၇ ရက် က