bap-logo
Urban Life

ခေတ်ရေစီးကြောင်းထဲက ဆိုက်ကားဆရာကြီးများ

0fNBoR7_x-w-ABbKBhrMG-image

လွန်ခဲ့သော ၆ လ က

နိုဝင်ဘာ ၂၃။

 

ရန်ကုန်နဲ့ ဆိုက်ကားဆိုတာ တွဲလျှက်ရှိနေပြီး “ဆိုက်ကားဆရာ” ဆိုတာက အခြေခံလူတန်းစားကနေ အထက်တန်းလွှာအထိ ရင်းနှီးနေတဲ့ အခေါ်အဝေါ်တစ်ခုပါ။

 

ခုတော့ ပြောင်းလဲလာတဲ့ခေတ်ရေစီးအောက်မှာ ကလင်ကလင်ဆိုပြီး အသံပေးတတ်တဲ့ ဆိုက်ကားတွေလည်း မျောပါဖို့ရှိနေပါပြီ။

 

သာကေတမြို့နယ်ထဲမှာနေထိုင်တဲ့ ဦးမောင်ကတော့ သူအနှစ် ၂၀ ကျော် နင်းလာတဲ့ ဆိုက်ကားလေးကို အုံနာဆီပြန်အပ်ပြီး ဘေးတွဲဆိုင်ကယ်မောင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

 

ဟိုနားဒီနား ဆိုက်ကားစီးနင်းခ ၁၀ ကျပ် ‌ခေတ်ကတည်းက နင်းလာတဲ့သူ့အဖို့ ဒီလို မဆုံးဖြတ်လို့ကလည်း မရတော့ပေ။ ဆိုက်ကား ၁၀ စီးခန့်ရှိသည့် ဂိတ်တွင် အားလုံးနီးပါးက ဘေးတွဲအဖြစ် ပြောင်းလိုက်ကြလို့ပါ။

 

 

 

"မပြောင်းရင် ငုတ်တုတ်ထိုင်နေရမှာပေါ့၊ လူတွေကဘေးတွဲနဲ့ပဲ စီးချင်ကြတော့တာ၊ လူနင်းရတဲ့ ဆိုက်ကားနဲ့ဆို အားနာတာနဲ့၊ အချိန်လည်းကြာနဲ့ စီးတဲ့သူတွေရဲ့ သဘောအရ မပြောင်းမဖြစ်ကို ပြောင်းကြရတယ်"လို့ သူကပြောပါတယ်။

အရင်က လုငှားရတဲ့ဆိုက်ကား ခုငှားသူမရှိလို့ ရပ်ထားရတယ်၊ ဘေးတွဲ ဆိုင်ကယ် ပြောင်းဖို့ကလည်း ငွေ မတတ်နိုင်သေးတော့ လက်ရှိ ဆိုင်ကယ်တစ်စီးပဲ အငှားချထားရတယ်၊ ဆိုက်ကားတွေက ရပ်ထားရတယ်

 

 

ဆိုင်ကယ်စီးခွင့်မရှိတဲ့ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့လတွေကစပြီး မြို့တွင်းကလွဲလို့ မြို့နယ်အများစုမှာ ဘေးတွဲ ဆိုင်ကယ်တွေ အတွေ့များလာကြပါတယ်။

 

ဆိုက်ကားစီးရင်ပေးရတဲ့ စီးခတန်ဖိုးနဲ့ ဘေးတွဲဆိုင်ကယ် စီးခတန်ဖိုး တူညီတာကြောင့်လည်း ဘေးတွဲကို စီးသူများနေတာလို့ ဆိုပါတယ်။

 

လက်ရှိကာလမှာ ဆိုက်ကားတွေ စျေးနှုန်းချရောင်းတာတောင် ဝယ်သမားမရှိသလို အငှားလည်း မရှိတော့ဘူးလို့ အခြေနေကို ရှင်းပြပါတယ်။

 

ဘေးတွဲတစ်စီးတန်ဖိုးက ဆိုင်ကယ်အမျိုးအစားပေါ် မူတည်ပီး ၅ သိန်းကျပ်ကနေ ၁၂ သိန်းထိသာ အများဆုံး ရှိကြတယ်လို့ ဆိုပါတယ်။

 

"အရင်က လုငှားရတဲ့ဆိုက်ကား ခုငှားသူမရှိလို့ ရပ်ထားရတယ်၊ ဘေးတွဲဆိုင်ကယ် ပြောင်းဖို့ကလည်း ငွေ မတတ်နိုင်သေးတော့ လက်ရှိဆိုင်ကယ်တစ်စီးပဲ အငှားချထားရတယ်၊ ဆိုက်ကားတွေက ရပ်ထားရတယ်" လို့ ဆိုက်ကား ၁၀ စီး ပိုင်ဆိုင်ထားသူတစ်ဦးက ပြောပါတယ်။

 

 

 

ဆိုက်ကားနင်းသူတွေ တစ်ရက်ဝင်ငွေ ငါးထောင်ရဖို့တောင် မသေချာတော့တဲ့ အချိန် ဘေးတွဲဆိုင်ကယ် မောင်းသူတွေ တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးလောက် ဝင်ငွေ ရနေတယ်လို့ဆိုပါတယ်။

နေပူတဲ့ချိန် ဆိုက်ကားနင်းရတာ လျှာထွက်မတတ် ပင်ပန်းတာ၊ နှစ်ခေါက် လောက် ဆက်နင်းပြီးရင် ထပ်မနင်းနိုင်တော့ဘူး

 

 

"ဂိတ်မှာဘေးတွဲမရှိတော့တဲ့အချိန်မှ ဆိုက်ကားကိုစီးကြတာ၊ အချို့သက်ကြီးပိုင်းလောက်ပဲ ဆိုင်ကယ် မစီးရဲလို့ ဆိုက်ကားငှားစီးကြတာဘေးတွဲဆိုင်ကယ်ပြောင်းချင်ပေမယ့် ဆိုင်ကယ်မမောင်းတတ်လို့သာ ဆိုက်ကားဆက်နင်းနေရတာ" လို့ ဆိုက်ကားနင်းသူတစ်ဦးက ပြောပါတယ်။

 

" နေပူတဲ့ချိန် ဆိုက်ကားနင်းရတာ လျှာထွက်မတတ် ပင်ပန်းတာ၊ နှစ်ခေါက်လောက် ဆက်နင်းပြီးရင် ထပ်မနင်းနိုင်တော့ဘူး၊ ခုဂိတ်မှာ ဘေးတွဲမောင်းသူတွေက ခရီးသိပ်မဝေးဘဲ ပစ္စည်းနည်းတဲ့ ခေါက်တို တွေဆို ဦးစားပေးလို့သာ ဝင်နေသေးတာ၊ လူတိုင်းက ဘေးတွဲပဲ ငှားချင်ကြတော့တာ" လို့ သန်လျင် မြို့နယ်ကနေ သာကေတမြို့နယ်အထိလာရောက်ပြီး ဆိုက်ကားနင်းသူတစ်ဦးက ပြောပါတယ်။

 

မြို့နယ်အလိုက် ဆိုက်ကားပိုင်ရှင်ဆီက ဆိုက်ကားငှားနင်းရင် တစ်ရက်ကိုတစ်ထောင်နှုန်း၊ လိုင်စင်ရှိတဲ့ ဆိုက်ကားဆိုရင် နှစ်ထောင်ကျပ်သာ အများဆုံးပေးကြရပါတယ်။

 

ဆိုင်ကယ်ဘေးတွဲငှားရင် ငှားသူက ကိုယ်တိုင်ဆီဖြည့်ကြရပြီး ပိုင်ရှင်တွေကို အုံနာကြေးအဖြစ် တစ်ရက်ကို ၃ ထောင်ကျပ်၊ ၅ ရက်တစ်ခါပေးစနှစ်နဲ့ ငှားနေကြရတယ်လို့ ဘေးတွဲမောင်းသူ အချို့က ပြောပါတယ်။

 

အရင်က ဆိုင်ကယ်စီးနင်းခွင့်မပြုထားတဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာလူကြီးတွေက နားလည်မှုနဲ့ ခွင့်ပြု ပေးတာကြောင့် ဘေးတွဲဆိုင်ကယ်တွေ တစ်စတစ်စများလာတာလို့ ဘေးတွဲဆိုင်ကယ် မောင်းသူတွေက ပြောပါတယ်။

 

"လမ်းမကြီးတွေဘက် မမောင်းဖို့၊ မဖြစ်မနေ လမ်းမတွေဘက်သွားရရင် အလယ်ကြောကို မယူဖို့ လမ်းစည်းကမ်း လိုက်နာဖို့ပေါ့၊ ရပ်ကွက်ထဲတော့ စိတ်ကြိုက်မောင်းလို့ရတယ်" လို့ ဘေးတွဲဆိုင်ကယ် မောင်းတဲ့ဦးမောင်က ပြောပြပါတယ်။

 

 

 

သာကေတ၊ ဒေါပုံ၊ သန်လျင်၊ သုဝဏ္ဏ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ယုဇနဥယျာဥ်မြို့တော်အပါဝင် အခြားဆိုင်ကယ်စီးခွင့်မရှိတဲ့ မြို့နယ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို ခုနောက်ပိုင်းလတွေမှာ အတွေ့ များလာကြပါတယ်။

 

ဘေးတွဲမောင်းသူတွေကလည်း သူ့ဂိတ်အလိုက် ရပ်ကွက်နာမည်၊ လမ်းနာမည်ပါတဲ့ အပေါ်ထပ်ဝတ် စကုတ် လက်ပြတ်တွေ ထပ်ဝတ်ထားကြပါတယ်။

လိုရာခရီးရောက်တာရော၊ လူဆံ့တာရော၊ ပစ္စည်းအများအပြား အားမနာတမ်း တင်လို့ရတော့ ဘေးတွဲပဲ စီးလိုက်ကြတော့တယ်၊ စီးနေကျ ဆိုက်ကား တွေလည်း ဘေးတွဲဖြစ်ကုန်ကြပြီ

 

 

ဒီလိုဝတ်စုံတွေကြောင့် ငှားစီးသူတွေအဖို့ စိတ်ချရတဲ့အနေအထားဖြစ်စေတဲ့အတွက် ဘေးတွဲကို ပိုပြီး ငှားစီးလာကြတာလို့ ဒေါပုံမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

 

သူက "လိုရာခရီးရောက်တာရော၊ လူဆံ့တာရော၊ ပစ္စည်းအများအပြား အားမနာတမ်းတင်လို့ရတော့ ဘေးတွဲပဲ စီးလိုက်ကြတော့တယ်၊ စီးနေကျဆိုက်ကားတွေလည်း ဘေးတွဲဖြစ်ကုန်ကြပြီ" လို့ ပြောပါ တယ်။

 

ဆိုက်ကားထက် ဘေးတွဲဆိုင်ကယ်က စက်သုံးဆီဖိုး၊ အုံနာကြေးစတဲ့ ကုန်ကျစားရိတ်တွေ ပိုကုန်ပေမယ့် ဝင်ငွေက ၄ ဆလောက် ပိုရတယ်လို့ ဆိုက်ကားကနေ ဘေးတွဲပြောင်းမောင်းသူတွေက နှိုင်းယှဥ် ပြပါတယ်။

 

 ဦးမောင်ကတော့ သူ လွန်ခဲ့တဲ့ ၃ လကျော်အချိန် ဆိုက်ကားကနေ ဆိုင်ကယ်ဘေးတွဲ ပြောင်းမယ် ဆိုတုန်းက ဆိုက်ကားအုံနာကို အားနာနေရလို့ အတော်ကြာအောင် ပြောမထွက်ဘူးလို့ သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

 

 

 

"ဆိုက်ကားကို ပြန်မအပ်ဘူးလို့ တင်းခံနေတာအကြာကြီး အုံနာဆီမှာလည်း ပြန်အပ်ထားတဲ့ ဆိုက်ကားတွေက ပုံနေပြီ၊ စီးသူတွေက ဘေးတွဲကို ရွေးချယ်လာကြတော့ မဖြစ်မနေ ချိန်းရတော့တာပေါ့၊ မိသားစုစားအိုးက ရှိသေးတယ်လေ" လို့ ပြောပြပါတယ်။

 

ရန်ကုန်မြို့ရဲ့ ရှေးကျတဲ့ ခေါက်တို သယ်ယူပို့ဆောင်ရေးစနစ်ကတော့ တဖြည်းဖြည်းနဲ့ မှေးမှိန်လို့လာနေပါပြီ။

 

Burma Associated Press

ဆိုက်ကား
ရန်ကုန်

Share With
bap-logo