bap-logo
Opinion

ရွေးကောက်ပွဲ၊ စစ်တပ်နှင့် ပဋိပက္ခ မီးတောက်များ

zjBFTiKJDV3gDcRpouZlX-image

လွန်ခဲ့သော ၂ နာရီ က

BAP၊ ဒီဇင်ဘာ ၂၆။

ရွေးကောက်ပွဲများသည် လူမှုအဖွဲ့အစည်းများကို တည်ငြိမ်စေရေး ရည်ရွယ်၍ လူထု၏ ဆန္ဒကို ကောက်ယူရန်ကျင်းပခြင်းဖြစ်သည်။ သို့သော် စစ်တပ်များက ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်ခြင်း သို့မဟုတ် ဒီမိုကရေစီဖြစ်စဉ်များကို ပျက်ပြားစေခြင်းတို့ ပြုလုပ်သောအခါ ၎င်းတို့သည် နိုင်ငံရေးအငြင်းပွားမှုများ ရေရှည်ဖြစ်ပွားစေပြီး သေကျေပျက်စီးမှုများပြားသော ပြည်တွင်းစစ်နှင့် ပဋိပက္ခများအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ လမ်းကြောင်းသည် ဤကမ္ဘာလုံးဆိုင်ရာပုံစံကို သက်သေပြလျက်ရှိသည်။

 

ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းနှင့် ပြည်တွင်းစစ်

 

ကျယ်ပြန့်သော ဒေတာအစုအဝေးများ (Large-N datasets) အရ ပယ်ဖျက်ခံရသော သို့မဟုတ် စစ်တပ်မှလွှမ်းမိုးထားသော ရွေးကောက်ပွဲများသည် ရေရှည် ပြည်တွင်းပဋိပက္ခဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေကြောင်း ဖော်ပြနေသည်။ Cline Center Coup d’État Project ၏ မှတ်တမ်းများအရ ၁၉၄၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အာဏာသိမ်းမှုဖြစ်စဉ်ပေါင်း ၁,၀၉၄ ခုရှိခဲ့ပြီး ၄၅၈ ခုမှာ အောင်မြင်ခဲ့သည်။ အာဏာသိမ်းမှုများ ဆယ်စုနှစ်များစွာ ကျဆင်းနေခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှစတင်၍ ပြန်လည်မြင့်တက်လာခဲ့သည်။ အာဖရိကနှင့် လက်တင် အမေရိကတို့မှာ သမိုင်းတစ်လျှောက် အဓိကဖြစ်ပွားရာဒေသများဖြစ်သော်လည်း အာရှနှင့် အရှေ့အလယ် ပိုင်းဒေသတို့တွင်လည်း ရွေးကောက်ပွဲနှင့်ဆက်စပ်သော စစ်တပ်၏ ကြားဝင်စွက်ဖက် မှုများ ပိုမိုကြုံတွေ့ လာရသည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် စစ်တပ်၏ အုပ်ချုပ်ရေးက အရပ်သားများအပေါ် အင်အားသုံး ဖိနှိပ်လုပ်ဆောင်လေ့ရှိသောကြောင့်လည်းကောင်း၊ ပယ်ဖျက်ခံရသော ရွေးကောက်ပွဲများသည် နိုင်ငံ ပြောင်းလဲရေးအတွက် ငြိမ်းချမ်းသောလမ်းကြောင်းများကို ဖျက်ဆီးပစ်လိုက်ရာ လက်နက်ကိုင်တော် လှန်ရေးဘက်သို့ ပိုမိုဦးတည်သွားစေသည်။

 

ရွေးကောက်ပွဲ အကြောင်းပြ အာဏာသိမ်းမှုကြောင့် တစ်နိုင်လုံး ပျံ့နှံ့သွားစေသည့် ပြည်တွင်းစစ်

 

မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခသည် ၁၉၄၈ ခုနှစ်ကတည်းက တည်ရှိနေခြင်းဖြစ်ရာ ခေတ်သစ် နိုင်ငံတကာစနစ်တွင် သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ဖြစ်သည်။

 

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၆၂၇) ဦး ရှိခဲ့ပြီဖြစ်သည်။” ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၅ ခုနှစ် ရက်စွဲဖြင့် ဖော်ပြထားသည်။ အရေအတွက်မှန်မှာ ၎င်းထက် ပိုမိုများပြားနိုင်ကြောင်းလည်း ဖော်ပြထား သည်။

 

လက်နက်ကိုင်ပဋိပက္ခများ တိုးပွားလာခြင်း၊ အကြိမ်ကြိမ်ဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေးပြိုလဲမှုတို့၏ ဖိစီးမှုများကြောင့် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၃ ဒသမ ၆ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လာမည့်နှစ်တွင် လေးသန်းခန့်အထိ မြင့်တက်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ စစ်အုပ်ချုပ် ရေးလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် လူဦးရေ ထက်ဝက်ကျော်မှာ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းအောက်၌ နေထိုင်နေကြရသည်ဟုလည်း ဖော်ပြထားသည်။

 

ရွေးကောက်ပွဲမဲလိမ်မှု အကြောင်းပြချက်ဖြင့် ပြုလုပ်ခဲ့သော ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် ကာလ ရှည်ကြာတည်ရှိခဲ့သော လက်နက်ကိုင်ပဋိပက္ခများမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျက်နှာစာစုံ ပြည်တွင်းစစ်အဖြစ်သို့ ကူးပြောင်းသွားစေခဲ့သည်။

 

ရွေးကောက်ပွဲနှင့် ဆက်စပ်နေသော ပဋိပက္ခများ

 

အယ်လ်ဂျီးရီးယားနိုင်ငံ

 

လက်နက်ကိုင် အစ္စလာမ္မစ်အုပ်စု အားလျော့သွားမှုနှင့်အတူ ၂၀၀၂ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် အယ်လ်ဂျီးရီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ၁၉၈၀ ပြည့်လွန် နှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဒီမိုကရေစီ ဖော်ဆောင်ရန် ကြိုးပမ်းမှု ပျက်ပြားခဲ့ရာမှ မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေအနေမှာ စီးပွားရေး ကျပ်တည်းမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲများဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း Oxford Political Review ၏ တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်။

 

သမ္မတ Chadli Bendjedid ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် နားလည်မှု လွဲမှားခဲ့ကြသလို အကောင်အထည်ဖော်မှုလည်း အားနည်းခဲ့ကြောင်း၊ ထို့အပြင် အစ္စလာမ္မစ် ကယ်တင်ရေးတပ်ဦး (FIS) က ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ခြင်းသည် နိုင်ငံရေးအထက်တန်းလွှာများ၊ စစ်တပ်နှင့် အတိုက်အခံများအကြား သဘောထားကွဲလွဲမှုကို ပိုမိုနက်ရှိုင်းစေခဲ့ကြောင်း ဖော်ပြထားသည်။ ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် ဒီမိုကရေစီ ဖော်ဆောင်မှု ရပ်တန့်သွားခဲ့ရပြီး စစ်အစိုးရနှင့် အစ္စလာမ္မစ် အုပ်စုများအကြား အပြန်အလှန် အလွန်အကျွံ ယုံကြည်မှုလွန်ကဲခြင်းက အလျှော့အတင်းပြုလုပ်မှုကို ဟန့်တားခဲ့ကာ GIA ကဲ့သို့သော လက်နက်ကိုင် အစ္စလာမ္မစ် အုပ်စုအမျိုးမျိုး ပါဝင်သည့် ပြည်တွင်းပဋိပက္ခကို ပေါ်ပေါက်စေခဲ့သည်။ နိုင်ငံတော် ပြိုလဲသွားရခြင်းကို နိုင်ငံရေးအရ စွမ်းဆောင်နိုင်သည့် အာဏာရှိသူများ၏ မှားယွင်းသော ဆုံးဖြတ်ချက်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အာဏာဟာကွက်များ ဖြစ်ပေါ်ကာ မရည်ရွယ်ဘဲ စစ်ပွဲအတွင်းသို့ ကျရောက်သွားခဲ့ခြင်းဖြစ်ကြောင်း အလေးပေး ဖော်ပြထားသည်။

 

Côte d’Ivoire နိုင်ငံ

 

အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်သော Côte d’Ivoire နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သော အကျပ်အတည်းကို United States Institute of Peace က ဆန်းစစ်တင်ပြထားရာ အဆိုပါရွေးကောက်ပွဲတွင် Alassane Ouattara နှင့် လက်ရှိသမ္မတ Laurent Gbagbo တို့နှစ်ဦးစလုံးက အသီးသီးအနိုင်ရရှိကြောင်း ကြေညာခဲ့ကြရာမှ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာနိုင်သည့် အခြေအနေနှင့် ကာလရှည်ကြာ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီး အာဖရိကတစ်ဝှမ်းရှိ ဒီမိုကရေစီအဖွဲ့အစည်းများ၏ အားနည်းချက်များကို မီးမောင်းထိုးပြခဲ့သည်။

 

အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်များ၊ ရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီတို့၏ အပြန်အလှန် အဆိုပြုချက်များ၊ ခေါင်းဆောင်နှစ်ဦးစလုံးအပေါ် လက်နက်ကိုင် အင်အားစုများ၏ ထောက်ခံမှုများကြောင့် Alassane Ouattara ၏ အနိုင်ရမှုကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော်လည်း Laurent Gbagbo သည် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ရာမှ အရေးယူပိတ်ဆို့မှုများနှင့် ဒေသတွင်း တုံ့ပြန်မှုများ ကွဲပြားခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ရှင်းလင်းတင်ပြထားသည်။

 

လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံရေးနှင့် ကင်းရှင်းအောင် လုပ်ဆောင်ခြင်း၊ လက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်သိမ်းခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လွတ်လပ်စွာ စစ်ဆေးခြင်းနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကြမ်းဖက်မှုများအပေါ် အရေးယူနိုင်သည့် ခိုင်မာသော ယန္တရားများ မရှိမချင်း အလားတူ အကျပ်အတည်းများ ထပ်မံဖြစ်ပွားနိုင်ခြေရှိကြောင်း ဤဆန်းစစ်ချက်က တင်ပြထားသည်။ ထို့အပြင် နိုင်ငံရေးအရ ကွဲပြားမှုများကို ပေါင်းကူးပေးနိုင်ရန်နှင့် နောက်ထပ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် အတွက် နိုင်ငံတကာ၏ ရေရှည်ဖိအားပေးမှုနှင့် ပိုမိုအားကောင်းသော အရပ်ဘက်လူ့အဖွဲ့အစည်းများ လိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။

 

Côte d’Ivoire နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ၏ နောက်ဆက်တွဲ အခြေအနေများမှ ဆက်လက်ရုန်းထွက်နေရဆဲဖြစ်ပြီး လူမျိုးစုနှင့် ဒေသဆိုင်ရာ တင်းမာမှုများ၊ မြေယာအငြင်းပွားမှုများ၊ အဂတိလိုက်စားမှုနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်နေမှုများ အပါအဝင် အဆိုပါပဋိပက္ခ၏ အခြေခံအကြောင်းရင်းများစွာမှာ ကျန်ရှိနေဆဲဖြစ်သည်ဟု Freedom House က ၂၀၂၄ ခုနှစ်တွင် တင်ပြထားသည်။

 

ဒေတာအစုအဝေးများနှင့် သမိုင်းဆိုင်ရာ နှိုင်းယှဉ်ချက်များအရ ရွေးကောက်ပွဲကာလတွင် ကြားဝင် စွက်ဖက်သော စစ်တပ်များက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းသည် ငြိမ်းချမ်းစွာ အာဏာလွှဲ‌ ပြောင်းရေးကို မဖြစ်‌ပေါ်စေဘဲ ရေရှည်ပဋိပက္ခဖြစ်နိုင်ခြေကို အဆမတန် မြင့်တက်စေကြောင်း တွေ့ရှိရသည်

 

ဇင်ဘာဘွေနိုင်ငံ

 

၂၀၀၉ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ အစီရင်ခံစာတွင် ၂၀၀၈ ခုနှစ် ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲများကြောင့် ပြင်းထန်သော နိုင်ငံရေးနှင့် လူ့အခွင့်အရေး အကျပ်အတည်းများ မည်သို့ဖြစ်ပွားခဲ့သည်ကို ဖော်ပြထားသည်။

 

ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ရန် အချိန်ကြာမြင့်စွာ ကြန့်ကြာခဲ့ပြီးနောက် သမ္မတ Robert Mugabe ဦးဆောင်သည့် အုပ်ချုပ်သူ ZANU-PF ပါတီသည် မဲရှုံးနိမ့်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေးလှုပ်ရှားမှု (MDC) ပါတီအား ထောက်ခံသူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဖိနှိပ်မှုများကြောင့် MDC ခေါင်းဆောင် Morgan Tsvangirai မှာ နောက်ဆုံးအဆင့် ရွေးကောက်ပွဲမှ နုတ်ထွက်ခဲ့ရပြီး မူဂါဘီမှာ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။

 

ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ပါတီလက်ဝေခံ ပြည်သူ့စစ်များ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံရေး အတိုက်အခံများကို ရက်ရက်စက်စက် ပစ်မှတ်ထားကာ ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အင်အားသုံး ပြောင်းရွှေ့ခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဖျက်စီးခြင်းတို့ကို အာဏာတည်မြဲရေးအတွက် နိုင်ငံတော် အဆင့် ကျူးလွန်ခဲ့ကြပြီး ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်ခွင့်ကို အပြည့်အဝနီးပါး ရရှိခဲ့ကြသည်။ ထို့အပြင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာများသည်လည်း နှောင့်ယှက်ခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းများကို ရင်ဆိုင်ခဲ့ကြရသည်။

 

ထိုနှစ်နှောင်းပိုင်းတွင် အာဏာခွဲဝေရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုများသည် အလွဲသုံးစားမှု များကို ဟန့်တားနိုင်ခြင်း သို့မဟုတ် တာဝန်ခံမှုရှိစေရန် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ဇင်ဘာဘွေ နိုင်ငံသည် နိုင်ငံရေးဖိနှိပ်မှုနှင့် စီးပွားရေးပြိုလဲမှုတို့ကြောင့် အစားအစာ မလုံလောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ ပြိုလဲမှုနှင့် ရောဂါဘယများ ပျံ့နှံ့မှုတို့အပါအဝင် ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့သော အရေးယူပိတ်ဆို့မှုများနှင့် ဒေသတွင်း ကြားဝင်စေ့စပ် မှုများ အပါအဝင် နိုင်ငံတကာ၏ တုံ့ပြန်မှုများမှာ အမျိုးမျိုးကွဲပြားခဲ့သော်လည်း ယေဘုယျအားဖြင့် အဆိုပါအကျပ်အတည်းသည် ဇင်ဘာဘွေနိုင်ငံ၏ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များအပေါ် လေးစားလိုက်နာမှု ကင်းမဲ့ခြင်းနှင့် ကြီးမားသော ပျက်ကွက်မှုများကို မီးမောင်းထိုးပြခဲ့သည်။

 

ဗင်နီဇွဲလားနိုင်ငံ

 

ဗင်နီဇွဲလား အာဏာပိုင်များနှင့် အစိုးရလိုလားသော လက်နက်ကိုင်အဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် သမ္မတရွေးကောက်ပွဲ နောက်ပိုင်းမှစ၍ ကျယ်ကျယ်ပြန့်ပြန့် မတရားဖိနှိပ်မှုများ ကျူးလွန် ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က စာမျက်နှာ ၁၀၄ မျက်နှာပါရှိသော “အပြောင်းအလဲကို ရှာဖွေမှုအတွက် အပြစ်ပေးခံရခြင်း - ၂၀၂၄ ခုနှစ် ဗင်နီဇွဲလား ရွေးကောက်ပွဲအပြီး သတ်ဖြတ်မှုများ၊ အဓမ္မ အစဖျောက်မှုများနှင့် မတရားဖမ်းဆီးထိန်းသိမ်းမှုများ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများနှင့် နောက်ဆက်တွဲ လများအတွင်း ဆန္ဒပြသူများ၊ ဘေးမှကြည့် နေသူများ၊ အတိုက်အခံခေါင်းဆောင်များနှင့် ဝေဖန်ရေးသမားများအပေါ် ကျူးလွန်ခဲ့သည့် လူ့အခွင့် အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည်။ ဗင်နီဇွဲလား အာဏာပိုင်များနှင့် "Colectivos" ဟု လူသိများသော အစိုးရလိုလားသည့် အုပ်စုများသည် ဆန္ဒပြသူများနှင့် ဘေးမှကြည့်နေသူများကို သတ်ဖြတ်ခြင်း၊ အတိုက်အခံပါတီဝင်များ၊ ၎င်းတို့၏ ဆွေမျိုးများနှင့် နိုင်ငံခြားသားများကို အဓမ္မ ဖျောက်ဖျက်ခြင်း၊ ကလေးငယ်များအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားစွဲဆိုခြင်း၊ ဖမ်းဆီး ခံထားရသူများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မလျော်မကန် ဆက်ဆံခြင်းများ အပါအဝင် ကျယ်ကျယ် ပြန့်ပြန့် ကျူးလွန်စော်ကားမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ်တွင် ဗင်နီဇွဲလား၏ အဓိက အတိုက်အခံခေါင်းဆောင် အများစုသည် စောင့်ကြည့်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖမ်းဆီးခံရမည့် အန္တရာယ်များကို ရင်ဆိုင်နေရသော်လည်း နိုင်ငံအတွင်း၌ပင် ဆက်လက်နေထိုင်ကြပြီး ပြည်တွင်း၌ ဆန္ဒပြမှုများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်စီစဉ် နေကြသည်။ တစ်ချိန်တည်းမှာပင် အတိုက်အခံ ခေါင်းဆောင် အချို့သည် ဖမ်းဆီးခံရမှုကို ရှောင်ရှားရန် နှင့် နိုင်ငံတကာ အစိုးရများကို အသိအမှတ်ပြုစေရန် ယာယီပြည်ပသို့ ထွက်ခွာသွားခဲ့ကြပြီး ပြည်ပတွင် တရားဝင်မှုအတွက် ပြိုင်ဆိုင်နေသော်လည်း ၎င်းသည် ပြည်ပတွင် အပြည့်အဝ လည်ပတ်နေသော အစိုးရတစ်ရပ် မဟုတ်ပေ။

 

ဤဖြစ်ရပ်များက အငြင်းပွားဖွယ်ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများကို အစဉ်တစိုက် ဖြစ်ပေါ်စေ လေ့ရှိပြီး၊ ဖိနှိပ်မှု၊ လူမျိုးစုကွဲပြားမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ၏ သံသရာ အတွင်းသို့ ကျရောက်သွားစေကြောင်း အတည်ပြုပေးနေသည်။

 

ဒေတာအစုအဝေးများနှင့် သမိုင်းဆိုင်ရာ နှိုင်းယှဉ်ချက်များအရ ရွေးကောက်ပွဲကာလတွင် ကြားဝင် စွက်ဖက်သော စစ်တပ်များက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခြင်းသည် ငြိမ်းချမ်းစွာ အာဏာလွှဲ‌ ပြောင်းရေးကို မဖြစ်‌ပေါ်စေဘဲ ရေရှည်ပဋိပက္ခဖြစ်နိုင်ခြေကို အဆမတန် မြင့်တက်စေကြောင်း တွေ့ရှိရသည်။

 

မြန်မာနိုင်ငံ၏ အခြေအနေက အစွန်းရောက်ဆုံးဖြစ်ရပ်တစ်ခုကို ပြသနေသည်။ ပဋိပက္ခများ ရေရှည် ဖြစ်ပွားနိုင်မှု၊ နယ်မြေအပိုင်းပိုင်းပြတ်တောက်မှုနှင့် ရွေးကောက်ပွဲငြင်းပယ်မှုနှင့် အကြမ်းဖက်မှုအကြား တိုက်ရိုက်ဆက်စပ်နေသည့် ပြည်တွင်းစစ်တစ်ခု ဖြစ်သည်။

 

စစ်ကောင်စီက ရွေးကောက်ပွဲများ ကျင်းပခဲ့လျှင် ထိုရွေးကောက်ပွဲများသည် မြန်မာ့လတ်တလော သမိုင်းတစ်လျှောက် အကြမ်းဖက်မှု အများဆုံး ဖြစ်လာဖွယ်ရှိသည်။ လူထုအများစုက ထိုမဲပေးပွဲများကို ၎င်းတို့၏ နိုင်ငံရေးအာဏာအား ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် စစ်တပ်၏ မရိုးသားသော ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြပြီး ပါဝင်မဲပေးရန် စိတ်ဝင်စားမှု မရှိကြပေ။" ဟု International Crisis Group က ၂၀၂၃ ခုနှစ်ကပင် တင်ပြခဲ့သည်။

 

အတုအယောင်ရွေးကောက်ပွဲများကို အသိအမှတ်ပြုခြင်းမပြုဘဲ ငြင်းပယ်ခြင်းသည် စစ်အာဏာရှင်စနစ် ပိုမိုအမြစ်တွယ်လာခြင်းနှင့် ရေရှည်ပြည်တွင်းစစ်ဖြစ်ပွားခြင်းတို့ကို ကာကွယ်ရန်အတွက် အလွန် အရေးကြီးသည်။

 

အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နိုင်ဂျီးရီးယား၊ နီပေါနှင့် ပါကစ္စတန် နိုင်ငံများ၏ သံရုံးများ က မြန်မာရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူများ စေလွှတ်မည်ဟု ဘီဘီစီက ဖော်ပြထားသည်။

 

မဲစာရင်းများ ပြုစုနိုင်ရန်အတွက် နည်းပညာနှင့် ရန်ပုံငွေ အကူအညီများပေးမည်ဟု ကတိပြုထားသည့် တရုတ်နိုင်ငံက လေ့လာစောင့်ကြည့်သူများ စေလွှတ်မည်ဟု ကနဦးပြောထားကြောင်းလည်း ဖော်ပြထားသည်။

 

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ယူကေ၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် အာဆီယံနိုင်ငံအချို့တို့က မြန်မာစစ်တပ်၏ ၂၀၂၅ ရွေးကောက်ပွဲကို တရားမဝင်ဟု ငြင်းပယ် ရှုတ်ချခြင်း၊ အကြမ်းဖက်မှုများ မြင့်မားလာနိုင်သည်ဟု သတိပေးခြင်းများပြုလုပ်ခဲ့ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ပါကစ္စတန်နိုင်ငံတို့က မြန်မာစစ်အုပ်စုကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ထောက်ပံ့မှု များပြုလုပ်ခဲ့ကာ အာဆီယံနိုင်ငံများအနက် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နိုင်ငံ တို့က မြန်မာစစ်အုပ်စုနှင့် နီးစပ်သော ဆက်ဆံရေး ရှိထားသည်။

 

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲတွေဟာ ငါးနှစ်နီးပါး ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ လုပ်ခဲ့ပြီးနောက် နိုင်ငံတကာ တရားဝင်မှုအတွက် အပူတပြင်းကြိုးပမ်းမှုတစ်ခုပါပဲ။” ဟု Human Rights Watch မှ အာရှဒါရိုက်တာ Elaine Pearson ၏ ပြောဆိုချက်ကို နိုဝင်ဘာ ၁၆ ရက် ၂၀၂၅ ခုနှစ် ရက်စွဲဖြင့် ဖော်ပြထားသည်။

 

ဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အန္တရာယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောဆို ထားတဲ့ မလေးရှား၊ ဂျပန်နှင့် အခြားအာရှအစိုးရတွေဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း အလားတူလုပ်ဆောင်ဖို့ တိုက်တွန်းသင့်ပါတယ်။” ဟုလည်း Pearson က ပြောသည်။

 

“ရွေးကောက်ပွဲတွေကို ထောက်ခံတဲ့ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို တန်ပြန်ချိန်ညှိဖို့အတွက် ဒီတရားမဝင်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံကို အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အာဏာရှင်အုပ်ချုပ်ရေးအောက် ဆင်းသက်စေမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားပြီး လေးနက်တဲ့ သတင်းစကားတစ်ခု လိုအပ်ပါတယ်။”

 

ကိုးကား - Oxford Political Review, USIP, HRW, UN, Coup d'État Project - University of Illinois, UCDP, UNDP, ACLED, ICG, Freedom House

 

ပုံစာ - ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများအတွင်း ရန်ကုန်မြို့ မြို့တော်ခန်းမအနီး မြင်ကွင်း။

Burma Associated Press

 

 

ရွေးကောက်ပွဲ
ထိုင်း
အာဏာသိမ်းစစ်အုပ်စု
အာဖရိက
အရှေ့တောင်အာရှ
လာအို

Share With
bap-logo