bap-logo
Politics

ကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်သမ္မတနှင့်တွေ့ဆုံပါက လက်တုန့်ပြန်မည်ဟု တရုတ်ခြိမ်းခြောက်

z9OloEvniM2_QEuczb2n6-image

လွန်ခဲ့သော တစ်နှစ် က

ပေကျင်း - မတ် ၂၉


 
အမေရိကန်အောက်လွှတ်‌တော်ဥက္ကဌ ကယ်လ်ဗင်မက်ကာသီအနေဖြင့် အမေရိကန်နိုင်ငံအတွင်း ခေတ္တဖြတ်သန်းသွားလာမည့် ဆယ်ရက်ကြာ ဗဟိုအမေရိကခရီးစဉ်အတွင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့် တွေ့ဆုံပါက ရန်စလှုံ့‌‌ဆော်မှုအဖြစ် သဘောထားကာ လက်တုန့်ပြန်မည်ဟု တရုတ်က ဗုဒ္ဓဟူးနေ့တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။


 
ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာယူဆထားသည့် တရုတ်နိုင်ငံသည် အမေရိကန်တာဝန်ရှိသူများအား ထိုင်ဝမ်သမ္မတနှင့်မတွေ့ဆုံရန် အကြိမ်ကြိမ် သတိပေးထားပြီး ယင်းကဲ့သို့တွေ့ဆုံခြင်းမှာ သီးခြားနိုင်ငံအဖြစ်ရှုမြင်လိုသည့် ထိုင်ဝမ်ကျွန်း၏ ဆန္ဒကို အားပေးရာရောက်ကြောင်း တရုတ်ကရှုမြင်လျှက်ရှိသည်။


 
၂၀၂၂ခုနှစ် ဩဂုတ်လအတွင်း အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပေလိုစီ တိုင်ပေသို့ သွားရောက်ပြီးနောက် တရုတ်က ထိုင်ဝမ်ကျွန်းအနီး အကြီးစားစစ်ရေးလေ့ကျင့်ခြိမ်းခြောက်ခဲ့သည်။ သမ္မတဆိုင်းအင်းဝမ်၏ ပြည်ပရောက်ရှိနေစဉ်အတွင်း တရုတ်၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်သွားမည်ဟု ထိုင်ဝမ်စစ်တပ်က ပြောကြားထားသည်။


 
မစ္စဆိုင်သည် ဗဟိုအမေရိကရှိ ဂွါတီမာလာနှင့် ဘေလီဇ်နိုင်ငံတို့ကို သွားရောက်မည်ဖြစ်ပြီး အပြန်ခရီးတွင် နယူးယောက်နှင့် လော့စ်အိန်ဂျလိစ်ကို ဝင်ကာ  ကယ်လီဖိုးနီးယားတွင် အောက်လွှတ်တော်ဥက္ကဌ မစ္စတာ မက်ကာသီနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။


 
ထိုင်ဝမ်သမ္မတ အမေရိကန်ကို ခေတ္တဖြတ်သွားမည့်ခရီးမှာ လေဆိပ် သို့မဟုတ် ဟိုတယ်တွင် စောင့်ရုံသာမဟုတ်ဘဲ အမေရိကန်တာဝန်ရှိသူများ၊ လွှတ်‌တော်အမတ်များနှင့် တွေ့ဆုံရန် ဖြစ်ကြောင်း ပေကျင်းရှိ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စ Zhu Fenglian က မစ္စဆိုင်ခရီးစဉ်မတိုင်မီ ပြောကြားခဲ့သည်။


 
"
သူမအနေဖြင့် အမေရိကန်အောက်လွှတ်‌တော်အမတ်နဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် ဒါဟာ တရုတ်တစ်နိုင်ငံထဲ မူဝါဒကို ချိုးဖောက်တဲ့၊ အချုပ်အခြာအာဏာနဲ့ နယ်မြေဂုဏ်သိက္ခာကို ထိပါးတဲ့၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ် အေးချမ်းရေးကို ဖျက်ဆီးတဲ့ နောက်ထပ် ရန်စလှုံ့ဆော်မှုတစ်ခု ဖြစ်လာပါ။ ဒါကို ကျွန်မတို့ဘက်က ပြင်းပြင်း ထန်ထန် ကန့်ကွက်မှာဖြစ်သလို ပြတ်ပြတ်သားသား တုန့်ပြန်သွားမှာပါ" ဟု ထိုင်ဝမ်ရေးရာပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။


 
ထိုင်ဝမ်သည် တရုတ်နိုင်ငံအတွက် အထိမခံနိုင်ဆုံး နယ်မြေပြဿနာတစ်ခုဖြစ်ပြီး အခြားနိုင်ငံများကဲ့သို့ပင် အလွတ်သဘောဆက်ဆံရေး ထားရှိသည့် ဝါရှင်တန်နှင့် ကာလရှည် အငြင်းပွားဖွယ်ကိစ္စတစ်ခုလည်းဖြစ်နေသည်။


 
သို့သော်လည်း အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်အား ကိုယ်ပိုင်ကာကွယ်ရေးအထောက်အပံ့ ပေးအပ်ရန် ဥပဒေအရ တာဝန်ရှိသည်။


 
ထိုင်ဝမ်သမ္မတများ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းသွားလာမှုမှာ ပုံမှန်သွားလာမှု တစ်ခုသာ ဖြစ်ပြီး တရုတ်အနေဖြင့် မစ္စဆိုင်၏ခရီးစဉ်ကိုအသုံးချပြီး ထိုင်ဝမ်ကိုရန်စခြိမ်းခြောက်မှု မလုပ်သင့် ကြောင်း အမေရိကန်က ပြောဆိုထားသည်။


 
 
Source – The Straits Times


 
ပုံ - ကန်အောက်လွှတ်တာ်အမတ် ကယ်လ်ဗင်မက်ကာသီနှင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်။

 

 

တရုတ်
အမေရိကန်
ထိုင်ဝမ်

Share With
bap-logo