Local News
ကြည့်ရှုသူ ၁. ၇ သန်းကျော်ရှိသည့် ချင်းလူငယ်များ၏ "We are the World" သီချင်းကို NUG ချီးမွမ်းဂုဏ်ပြု
လွန်ခဲ့သော ၂ နှစ် က
ဘီအေပီ၊ မတ်လ ၁၂
ချင်းတိုင်းရင်းသားလူငယ်များဦးဆောင်သည့် Chinlung Chuak Artist အဖွဲ့၏ နွေဦးတော်လှန်ရေး နှင့်ပတ်သက် သည့် အနုပညာဖန်တီးမှုစွမ်းအားကို NUG မှချီးမွမ်းဂုဏ်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့သည် “We are The World” အမည်ရှိသည့် တေးသီချင်းကိုကာဗာသီချင်းအဖြစ်သီဆို ရိုက်ကူးခဲ့သည့် ဗီဒီယိုကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက်က Chin Tube Youtube ချဲနယ်လ်မှတဆင့် ဝေမျှပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းကာဗာသီချင်းသည်တစ်လကျော်ကြာသည့်အချိန်တွင် ကြည့်ရှုသူ ၁. ၇ သန်းကျော် ရရှိခဲ့ပြီဖြစ်သည်။
သတင်းအချက်အလက်ပေါင်းများစွာ စီးဆင်းရလွယ်ကူသည့် ယခုလိုကာလတွင် မြန်မာ့နွေဦး တော်လှန်ရေး အကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ်ပါဝင်နိုင်ရန် လုပ်ဆောင်ရသည်မှာ မလွယ်ကူကြောင်း NUG ကဆိုထားသည်။
အဆိုပါတေးသီချင်းဗီဒီယို၏အစတွင်တော့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း၊ မြန်မာပြည်သူ များရင်ဆိုင် နေရသည့်အခက်အခဲများကို ထည့်သွင်းပြောပြထားသည့်အတွက်နိုင်ငံတကာမှ မြန်မာ့အရေးကိုစိတ်ဝင်စား စေကြောင်း NUG ကယင်းအဖွဲ့ကိုချီးမွန်းထားသည်။
" လိုအပ်တဲ့ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်" ဟု NUG ကဆိုသည်။
မြန်မာနွယ်ဖွားလူငယ်များ၏ ယခုလိုဖန်တီးဆောင်ရွက်မှုသည်လည်း အလွန်အရေးပါတန်ဖိုးကြီးသည့် တော်လှန်ရေးလုပ်ငန်းဖြစ်သည့်အတွက်ဆက်လက်လုပ်ဆောင်သွားကြရန် NUG ကအားပေး တိုက်တွန်းထား သည်။
အဆိုပါသီချင်းကို ချင်းလူမျိုးအဆိုတော်ဘန်ဂျမင်ဆုမ်း၊ ဒေးဗစ်လိုင်အပါအဝင် စစ်တပ်မှအာဏာ သိမ်းပြီးသည့် နောက် အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်သွားရသည့်အဆိုတော်များ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖွား ချင်းလူငယ်များ၊ အမေရိကန်နိုင်ငံအပါအဝင်အခြားနိုင်ငံသို့ရောက်ရှိနေသည့် ချင်းတိုင်းရင်းသားအဆိုတော် စုစုပေါင်း ၂၅ ဦးက သီဆိုထားခြင်းဖြစ်သည်။
Top News
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော ၂၄ ရက် က