bap-logo
Politics

လွတ်လပ်ရေးနေ့ လွတ်မြောက်သူများတွင် စာရေးဆရာမဒေါ်သန်းမြင့်အောင် ဒေါက်တာအာကာမိုးသူတို့ ပါဝင်

oi-Bhf28X019EQ2aep5v0-image

လွန်ခဲ့သော ၂ နှစ် က

လွတ်လပ်ရေးနေ့ လွတ်မြောက်သူများတွင် စာရေးဆရာမဒေါ်သန်းမြင့်အောင် ဒေါက်တာအာကာမိုးသူတို့ ပါဝင်

 

ရန်ကုန်၊ ဇန်နဝါရီ ၄

 

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်း ကျခံရသူများကိုလွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် သုခရိပ်မြုံ၊ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ တည်​​​ထောင်သူ ပရဟိတသမား စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာ ဒေါက်တာ အာကာမိုးသူ ပါဝင်ကြောင်း မိသားစုများထံမှ သိရသည်။

 

ဒေါ်သန်းမြင့်အောင်အား စစ်ကောင်စီတပ်မှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး၊ ယင်းနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံခဲ့သည်။

 

စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် လူထုအကျိုးပြု ပရဟိတ လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင် လှုပ် ရှားမှုများနှင့်အတူ အမျိုးသားစာပေဆု၊ ပြည်သူ့ဂုဏ် ရည်ဆုနှင့် စံပြ ပရဟိတ ဆုတံဆိပ်များစွာ ရရှိထားသူဖြစ်သည်။

 

NLD အစိုးရ လက်ထက်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ( YCDC) တွင် ကော်မတီအဖွဲ့ဝင်တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့သည်။

 

နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ပြစ်ဒဏ်ကျခံနေရသူ ၇၀၀၀ ကျော်ကို စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းချမ်း သာခွင့်ပြုခြင်းဖြစ်သည်။

 

နောက်ထပ် လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူသည် အာဏာဖီဆန်ရေးလှုပ် ရှားမှု CDM တွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ( က) ဖြင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်သည်။

 

ဆရာအာကာမိုးသူသည် ၂၀၂၁ ခုနှစ်၊​ မတ်လ အစောပိုင်းက ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင် ၂ နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ခံရပြီး ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

 

 

စစ်ကောင်စီလွတ်ငြိမ်းခွင့်တွင် အကျဥ်းထောင်အသီးသီးရှိ တည်ဆဲဥပဒေတစ်ရပ်ရပ်အရပြစ်မှုတစ်ခုခုနှင့် စပ်လျဥ်း၍ ပြစ်ဒဏ်ချမှတ်ခံရသူများ၏ ကျခံနေရသောပြစ် ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းဖြစ်ပြီး နိုင်ငံရေးပြစ်မှုများအပြင် မူးယစ်ဆေးဝါးပြစ်မှု၊ လက်နက်မှုများ မပါဘဲ အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ပါဝင်ခြင်းဖြစ်သည်။

 

ယနေ့လွတ်ငြိမ်းချမ်းသာခွင့်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်မတိုင်မီ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပြစ် မှုများဖြင့် ပြစ်ဒဏ်ကျခံနေသူများမပါဝင်ပေ။

 

ထို့ပြင် လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထု ပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် နှင့် ၁၉၅၁ ခုနှစ် လက်နက်အက်ဥပဒေပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်ပြစ်မှုများ နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေသူများ မပါဝင်ကြောင်း သိရသည်။

 

သို့သော် လွတ်ငြိမ်းချမ်းသာခွင့်သည် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းအပြင်ကျန်ရှိနေသော ပြစ်ဒဏ်များကို ဆက်လက် ကျခံရမည်ဖြစ်ကြောင်း ကန့် သတ်ချက်ထည့်သွင်းထားသည်။

 

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်စာရေး ဆ ရာ ဦးထင်လင်းဦး၊ ကဗျာဆရာ မျိုးတေဇာမောင်၊ နိုင်ငံရေးသမားဟောင်း ဦးအေးအောင် ၊ သတင်းထောက် မသူဇာ၊ ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်များဖြစ်သော လေပြေစိုးမိုး ၊ ဆစ်နိုင်၊ အောင်ဖုန်းမော် စသည်တို့အပြင် နိုင်ငံရေးအကျဉ်းသား အများစု ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

 

ပုံစာ ။ ယနေ့လွတ်မြောက်လာသည့် ဒေါ်သန်းမြင့်အောင်နှင့် လွတ်မြောက်လာသူအချို့အား တွေ့ရစဉ်။

Burma Associated Press

 

စိန်ရတု
လွတ်လပ်ရေးနေ့
စစ်ကောင်စီ
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo