Opinion
ဂုဏ်သိက္ခာဟာ ယောနိမှာ မရှိဘူး
လွန်ခဲ့သော ၃ နှစ် က
လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆုံးဖြတ်တဲ့အခါ ဘယ်အရာပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါသလဲ။ ဘယ်အဖြေမှ မပေးခင် သင့်ကိုသင် အရင်မေးကြည့်တဲ့အခါ ဘယ်လိုအဖြေရရှိပါသလဲ။ သေချာတာကတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဆုံးဖြတ်တဲ့အခါ သင်တို့ရဲ့ ဆုံးဖြတ်ချက်အများစုဟာ ကျားမ ခွဲခြားပြီး ရှိနေခဲ့တယ်ဆိုတာပါပဲ။
ဥပမာ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ စံချိန်စံညွှန်းကို တိုင်းတာကြတယ်ဆိုပါစို့။ သေချာပါတယ်၊ ပထမဦးဆုံး သင်တို့ ဖြည့်မယ့်ကွက်လပ်က အပျိုစစ်ခြင်း မစစ်ခြင်း ဆိုတာပါပဲ။ အမျိုးသမီး တစ်ယောက်ရဲ့ စံချိန်စံညွှန်းကို တိုင်းတာကြတဲ့ အချိန်မှာ အပျိုစစ်ရဲ့လား ဆိုတာကလည်း ဂုဏ်ပုဒ် တစ်ခုအဖြစ်၊ စံတန်ဖိုး တစ်ခုအဖြစ် သတ်မှတ်ကြတာ မြန်မာနိုင်ငံအပါအဝင် အရှေ့တိုင်းနိုင်ငံတွေ ရဲ့ အစဉ်အလာတစ်ခုပဲ မဟုတ်လား။
ခပ်လွယ်လွယ်ပြောရရင် အမျိုးသမီးဆိုတာ အပျိုဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်ဆိုတာမျိုးပေါ့။ တရားဝင် လက်ထပ်ပြီးတာ မဟုတ်မချင်း အပျိုရည်ဆိုတာ ပျက်လို့မရဘူး၊ အပျိုဖြစ်တည်မှုဟာ မင်္ဂလာဦးညမှာ ကုန်ဆုံးရမယ်ဆိုတာမျိုးပေါ့။ အဲဒီ သဘောတရားကို ကြည့်ရင် အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့ လိင်အင်္ဂါကို ကိုယ်မပိုင်တဲ့ သဘောဖြစ်နေပြီး ကိုယ့်လိင်အင်္ဂါဟာ တရားဝင် လက်ထပ်ယူမယ့် အခြားအမျိုးသားတစ် ယောက်အတွက် ပုံသေကားချပ် ဖြစ်နေတဲ့သဘောပါပဲ။
ဒါ့ပြင် တရားဝင် လက်မထပ်ရသေးခင် ယောကျာ်းတစ်ယောက်နဲ့ အတူနေမိရင် ဒါဟာ အမျိုးသမီး တစ်ယောက် ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်လို့ အကြီးအကျယ် မှတ်ယူကြတာပါပဲ။ ဒါတွေဟာ မဟာဖိုဝါဒကြီးစိုးမှုအောက်မှာ အမျိုးသမီးကို တစ်ဆင့်နှိမ့်ထားတဲ့ သဘောပါပဲ။
ဒါ့ပြင် တရားဝင် လက်မထပ်ရသေးခင် ယောကျာ်းတစ်ယောက်နဲ့ အတူနေမိရင် ဒါဟာ အမျိုးသမီး တစ်ယောက် ရဲ့ ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်လို့ အကြီးအကျယ် မှတ်ယူကြတာပါပဲ။ ဒါတွေဟာ မဟာဖိုဝါဒကြီးစိုးမှု အောက်မှာ အမျိုးသမီးကို တစ်ဆင့်နှိမ့်ထားတဲ့ သဘောပါပဲ။
တကယ်တမ်းတော့ အရွယ်ရောက်ပြီးသော၊ အသက်ပြည့်ပြီးသော အမျိုးသမီးတစ်ယောက်အတွက် သူ့ရဲ့ လိင်အင်္ဂါကို အသုံးပြုခြင်းဟာ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ခြွင်းချက်အချို့တော့ ရှိပါတယ်။ အသက်ပြည့် အရွယ်ရောက်ပြီးသူ ဖြစ်ရမယ်။ ကိုယ်တိုင်က သဘောတူညီရမယ်။ (သဘောတူတယ် ဆိုတဲ့ နေရာမှာ တစ်ခါတော့ သဘောတူထားတယ်။ နောက်တစ်ခါ တွေလည်း သဘောတူမှာပဲလို့ ယူဆလို့ မရပါဘူး)။
ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ရယူတာမျိုး မဖြစ်ရဘူး။ နောက်တစ်ခုက မက်လုံးတစ်မျိုးမျိုးပေးတာမျိုး မဟုတ်ရဘူး။ လိင်ဆက်ဆံခြင်းဆိုတာ အထက်ကပြောထားတဲ့အချက်တွေ ကင်းစင်တဲ့၊ လူ့အဖွဲ့အစည်းကို မထိခိုက်စေတဲ့ အရွယ်ရောက်ပြီး၊ အသက်ပြည့်ပြီးသူ အမျိုးသမီးနဲ့ အမျိုးသားရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ တားမြစ်ထားလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။
ဒီလို ကိစ္စမျိုးမှာ အမျိုးသမီးတွေဟာ ကိုယ့်လိင်အင်္ဂါကို ကိုယ်မပိုင်သလိုမျိုး၊ ကိုယ့်လိင်အင်္ဂါဟာ ကိုယ့်သာယာမှု အတွက်မဟုတ်ဘဲ အခြားအမျိုးသားအတွက်သာ ဖြစ်နေတာမျိုး၊ လိင်မှုကိစ္စတွေကို ဂုဏ်သိက္ခာနဲ့ တိုက်ရိုက် အချိုးချနေတာမျိုးတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ခွဲခြားသတ်မှတ်ပြီး ဖိုဝါဒကြီးစိုးမှု အစဉ်အလာတွေအောက် သွပ်သွင်းထားရှိခြင်းပါပဲ။
အမှန်ဆို အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ယောနိမှာ မရှိပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဆိုတာ အားလုံးနည်းတူ လူတစ်ယောက်ဖြစ်ခြင်းနဲ့ လူ့ဂုဏ်သိက္ခာပေါ်မှာပဲ တည်မှီနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးအများစုရဲ့ မှိုင်းတိုက် သင်ကြားခံလာရခြင်း ပုံစံက အပျိုမဖြစ်ရင် ဂုဏ်သိက္ခာ မရှိဘူးဆိုတာမျိုး ဖြစ်နေခဲ့တာမို့ ကိုယ့်ယောနိဟာ ကိုယ့်ဂုဏ်သိက္ခာပမာ ထိန်းသိမ်းနေရပြီး အပျိုစင် မဟုတ် တော့ဘူးဆိုရင် ဘယ်လောက်ပဲ ထက်မြက်နေပါစေ လင်ကောင်း၊ သားကောင်း မရစေဘူးဆိုတာမျိုး နှိမ့်ချခံရတာ ဖြစ်ပါတယ်။
မလိုမတူဘဲ အဓမ္မပြုကျင့်ခံရတဲ့ အမျိုး သမီးတွေဆိုရင်လည်း ဂုဏ်သိက္ခာမဲ့ပြီး တစ်ရှက်က နှစ်ရှက် မဖြစ် အောင် အဓမ္မပြုကျင့်သူကို ပေါင်းသင်းဖို့ ပတ်ဝန်းကျင်ရဲ့ ဖိအားပေးခံရတဲ့ အစဉ်အလာဆိုးကြီးကလည်း ရှိပါသေးတယ်။
‘အပျိုမှ ပြန်မဖြစ်တော့ဘဲ’ ဆိုတဲ့စကားဟာ အမျိုးသမီးတစ်ယောက်ကို လူ့အဖြစ်ရှိမှုကနေ တစ်ဆင့်လျော့ကျ သွားစေတဲ့ သုံးနှုန်းစွပ်စွဲမှုမျိုးဖြစ်သလို လက်မထပ်ဘဲ အတူနေကြတဲ့ အမျိုးသမီးတွေဆိုရင်လည်း တန်ဖိုးမဲ့သူ တစ်ယောက်၊ သိက္ခာမရှိသူတစ်ယောက်အဖြစ် အစဉ်အလာလူ့အဖွဲ့အစည်းက သတ်မှတ်လေ့ရှိကြတာ ဖြစ်ပါတယ်။ အစဉ်အလာ လူ့အဖွဲ့အစည်းက အစဉ်အလာအောက်မှာရှိတဲ့ ဂုဏ်သိက္ခာ တန်ဖိုးစံနှုန်းတွေအောက် ကပဲ အမျိုးသမီးတွေ တိုင်းတာကြတာဖြစ်ပါတယ်။
တကယ်တော့ ဒီကိစ္စတွေဟာ လူတစ်ဦးချင်းစီရဲ့၊ အတိအကျ ပြောရရင် အသက်ပြည့် အရွယ်ရောက်ပြီး သူတို့ရဲ့ ပုဂ္ဂလသီးသန့် (private) ကိစ္စရပ်သာ ဖြစ်ပါတယ်။ အများပတ်ဝန်းကျင်က ဝင်ရောက်ဆုံးဖြတ် ပေးရမယ့် ဗဟိုဖြစ်ခြင်း (public) ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ ဒါတွေအားလုံးဟာ တစ်ဦးချင်းစီရဲ့ အသိစိတ်နဲ့ ဆုံးဖြတ် ရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ယောနိမှာ ရှိမနေဘူး၊ ယောနိနဲ့ တိုက်ရိုက် ဆက်စပ်မနေဘူးဆိုတာ လူ့သိစိတ်မှာ ကိန်းအောင်းဖို့ လိုအပ်နေတယ် ဆိုတာပါပဲ။
လိင်ပိုင်ဆိုင်မှုနဲ့ မိမိလိင်အပေါ် အသုံးချပိုင်ခွင့်ဟာ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ပိုင်ခွင့်သာဖြစ်ပြီး အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာဆိုတာ ယောနိမှာမရှိဘူးဆိုတာပါပဲ။ ပြီးတော့ ကိုယ့်ပစ္စည်းဟာ ကိုယ့်သင့်သလို အသုံးချနိုင်ခြင်းဆိုတာပါပဲ။ ဟုတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ သူ့ရဲ့ ယောနိပေါ်မှာ မမှီတည်ပါဘူး။ ယောနိပေါ်မှာ ရှိမနေပါဘူး။
ဒါကြောင့် “ဂုဏ်သိက္ခာက ယောနိမှာ မရှိပါဘူး”။
Burma Associated Press
Top News
လွန်ခဲ့သော ၁၉ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က