Urban Life
နင်းပြားတို့ရဲ့ ခပ်ပြင်းပြင်း အသက်ရှုသံ
လွန်ခဲ့သော ၂ နှစ် က
ပူပြင်းလှတဲ့ရန်ကုန်မြို့ရဲ့နေ့လယ်ခင်းတစ်ခု စားသောက်ကုန်နဲ့ ကုန်ခြောက်ပစ္စည်းတွေ အဓိကရောင်းချတဲ့ စျေးအတွင်းမှာ ခါတိုင်းထက်လူတွေ ပိုစည်ကားနေကြပါတယ်။
စျေးအတွင်း ပုစွန်ခြောက်၊ ငါးခြောက်ရောင်းတဲ့ဆိုင်ရှေ့ကို အသက်၅၀အရွယ် အမျိုးသမီးနှစ်ဦး ရပ်လိုက်ပြီး ခပ်သေးသေးအရွယ် ပုစွန်ခြောက်နဲ့ စျေးသက်သာတဲ့ ငါးခြောက်အမျိုးအစားကို ကိုင်ကြည့်လိုက်တယ်။
ဆိုင်ရှင်က စျေးနူန်းဘယ်လောက်ဆိုတာ ပြောလိုက်တဲ့အချိန် လက်ထဲမှာကိုင်ထားတဲ့ ငွေကျပ်တစ်သောင်းတန် တစ်ရွက်ကို လှမ်းပေးလိုက်ပြီး" စိတ်ချပြီးယူပါ၊ ခုပဲရွှေဆိုင်က ပေးလာတဲ့ ပိုက်ဆံလေးပါ “လို့ ခပ်ဆတ်ဆတ်နဲ့ ဆိုင်ရှင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
ဒီအမျိုးသမီး၀တ်ထားတဲ့ အဝတ်အစားဟာ အရောင်ပြယ်စပြုနေတဲ့ ခပ်နွမ်းနွမ်းအင်္ကျီနဲ့ ပါတိတ်ထဘီ ခပ်တိုတို ၀တ်ထားတဲ့ သူ့အပြင်အဆင်နဲ့ ကိုင်ထားတဲ့ တစ်သောင်းတန်ကို ဆိုင်ရှင်ကမယုံမှာစိုးလို့ မမေးခင်က ကြိုတင်ရှင်းပြလိုက်တဲ့ သဘောပါ။
"မြေးကလေးအတွက် ခမည်းပေးထားတဲ့ ရွှေစလေးမရောင်းဘူးလုပ်ထားတာ၊ ခုစား၀တ်နေရေးဘယ်လိုမှ အဆင်မပြေလို့သွားရောင်းလာတာ။ စားသောက်ကုန်တွေ ဒီထက် စျေးပိုတက်ရင် မစားနိုင်တော့မှာစိုးလို့” ဆိုပြီး ဆိုင်ရှင် ဘက်ကို ကြည့်ပြီး ပြောပြနေပါတယ်။
ဒီအမျိုးသမီးကြီးဟာ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလမြို့မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေစျေးတွေ ဘယ်လောက်တက်တက် သူစိတ်မဝင်စားဘဲ ၀ယ်ထားတုန်းကထက် စျေးအများကြီးပိုရတဲ့အတွက် ရောင်းပြီး စားသောက်ကုန်တွေ ဝယ်နေတာလို့ သူကပြောပါတယ်။
“ကျမတို့ ဟင်းနဲ့မစားရတာ ကြာပြီ။ ကြက်ဥတောင် တစ်ယောက်တစ်လုံး မစားနိုင်ဘူး။ တိုင်းပြည်က ဘာဖြစ် မယ်မှန်းမသိ၊ တစ်နပ်စာကိုတောင် မနည်းဖြေရှင်းနေရတာ။ ဒီစျေးမှာလာ၀ယ်တာကလည်း လက်ကားစျေးနဲ့ ရတာဆိုတော့ ရပ်ကွက်ထဲကထက် သက်သာတယ်လေ"ဆိုပြီး သူက လက်ကားရောင်းတဲ့ ဆိုင်တွေမှာ လာ၀ယ် ရတဲ့ အခြေနေကို ရှင်းပြနေပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကုန်စျေးနှုန်းတွေ ၃ ဆ ကနေ ၄ ဆ လောက်အထိ မြင့်တက်ခဲ့တာကြောင့် အခြေခံ လူတန်းစားတွေဟာ စား၀တ်နေရေး ခက်ခဲနေပြီး တစ်ရက်စာအတွက် မနည်းဖြေရှင်းနေကြရပါတယ်။
ရွှေစျေး၊ ဒေါ်လာစျေး၊ အိမ်ခြံမြေစျေးတွေ ဘယ်လောက်တက်နေနေ သူတို့အဖို့ စိတ်မဝင်စားအားဘဲ စားသောက် ကုန်စျေးနူန်းတွေ ဆက်မတက်ဖို့နဲ့ လက်ရှိနေနေရတဲ့ အိမ်ခန်းငှားခတွေ စျေးမတက်ဖို့ကိုပဲ ဆုတောင်းနေကြ ရတာပါ။
စားအုန်းဆီတွေကို ပြင်ပပေါက်စျေးနဲ့ စျေးနှုန်းလျော့ပြီး ရောင်းချပေးနေတဲ့ နေရာတွေမှာ တန်းစီပြီး ၀ယ်ယူ နေတဲ့သူတွေ ၂၀၀ နီးပါး ရှိပြီး တန်းစီနေသူတွေရဲ့ တ၀က်လောက်သာ ရတတ်ပါတယ်။
ဘယ်နေရာမှာ ပေးမယ်ဆိုတာ ကြိုတင်သိထားခြင်းမရှိတာကြောင့် အခြေခံလူတန်းစားအချို့ဆို ရေသန့်ဘူးခွံ အလွတ်ကို သွားလေရာ ယူဆောင်သွားတတ်ကြပါတယ်။
တန်ဖိုးနည်းဆီ ရောင်းချပေးမယ့်ကားကြီးက စျေး (သို့မဟုတ်) လူစည်ကားရာနေရာမှာ ရပ်ပြီဆိုရင် စျေးရောင်း နေတဲ့သူတွေဟာ ရောင်းလက်စဆိုင်ကို ထားခဲ့ပြီး ဆီကို တိုးဝှေ့တန်းစီဝယ်ကြတာပါ။
"ဒီလိုနေရာမှာသွားကြည့်၊ ကြားဖြတ်လို့ဆိုပြီး ရန်ဖြစ်တဲ့သူတွေ ဒုနဲ့ဒေး၊ မရှက်နိုင်ကြတော့ဘူး၊ ဆီက ပြင်ပ ပေါက်စျေးထက် တစ်၀က်ကွာတာလေ။ အပြင်မှာ၀ယ်စားဖို့ မတတ်နိုင်တော့ဘူး"လို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ဒီလိုနေရာမှာသွားကြည့်၊ ကြားဖြတ်လို့ဆိုပြီး ရန်ဖြစ်တဲ့သူတွေ ဒုနဲ့ဒေး၊ မရှက်နိုင်ကြတော့ဘူး၊ ဆီက ပြင်ပ ပေါက်စျေးထက် တစ်၀က်ကွာတာလေ။ အပြင်မှာ၀ယ်စားဖို့ မတတ်နိုင်တော့ဘူး"လို့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ညောင်ပင်လေးစျေးလို စားသောက်ကုန်တွေ လက်ကားရောင်းချပေးတဲ့ စျေးမှာဆိုရင် စားသုံးဆီ ရောင်းချတဲ့ ဆိုင်အချို့က ဆီတွေကို ပြင်ပပေါက်စျေးထက် လျော့ရောင်းပေးတာမျိုးတွေရှိပါတယ်။ ဒါကြောင့် ဒီစျေး ပတ်၀န်းကျင်မှာ ဆီ၀ယ်ဖို့ စောင့်ဆိုင်းနေသူတွေ အများအပြား ရှိနေတတ်ပါတယ်။
"ဆီရောင်းပြီဆိုတာနဲ့ ဘယ်ကရောက်လာတဲ့ သူတွေလဲမသိဘူး၊ တန်းစီနေတာ ပြည့်သွားတာပဲ။ ကျွန်တော်တို့ စျေးက အလုပ်သမားတွေတောင် တန်းစီတာမမီဘူး။ တစ်ရက်ကို ၅ ဆိုင်လောက် ပေးကြတယ်။ လူ အယောက် ၅၀ စာ ပဲ။ လူတွေကလည်း ဘယ်ဆိုင်ပေးမလဲ စောင့်နေတာ"လို့ ညောင်ပင်လေးစျေးက ကုန်ထမ်းတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့အခြေခံလူတန်းစားတွေ နေတဲ့ရပ်ကွက်တွေမှာလည်း လတ်တလော ဖြစ်နေတဲ့ ကုန်စျေးနူန်းကြောင့် ထမင်းနဲ့ ငပိရည်ကျို စားနိုင်ဖို့ပင် မလွယ်ကူတော့တဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။
မိသားစု လေးယောက်ရှိတဲ့ နေအိမ်တစ်အိမ်မှာ ထမင်းတစ်နပ်အတွက် ကုန်ကျစားရိတ်ဟာ ငပိရည်ကျို တစ်ခါ ကျိုရင် အနည်းဆုံး ၇၀၀ကျပ်၊ တို့စရာအရွက်ပြုတ် တစ်မျိုးထဲနဲ့စားရင်တောင် ထမင်းတစ်နပ်ကို အနည်းဆုံး နှစ်ထောင်ကျပ်ဝန်းကျင် ကုန်ကျစားရိတ် ရှိနေတာပါ။
၂၀၁၄ ခုနှစ်က ကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ ၇ သန်းခန့် ရှိနေပြီးဒီထဲမှာ ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစားတွေ အများအပြား ပါဝင်နေပါတယ်။
လက်ရှိအခြေနေအရ ဆိုက်ကားနင်းသူတွေကလည်း ဒီကာလမှာ အများဆုံး၀င်ငွေ ခြောက်ထောင်ကျပ်၊ ပန်းရံလုပ်တဲ့ အလုပ်သမားဆိုလည်း တစ်ရက်နေ့စားခ ရှစ်ထောင်ကျပ်၊ စျေးတွေမှာ ကုန်ထမ်းသူတွေဆိုလဲ နယ်ကလူတွေ ကုန်အမှာနည်းလို့ ပစ္စည်းတွေထမ်းမပို့ရလို့ အများဆုံးရတဲ့နေ့ဟာ ရှစ်ထောင်ကျပ်သာ ရှိနေတယ် လို့ ညည်းတွားကြပါတယ်။
အလုပ်ရှိရာနေရာကိုလာဖို့ လိုင်းကားတစ်ခါစီးရင် အနည်းဆုံး ၃၀၀၊ အချို့ကားတွေက ၄၀၀ ကျပ်နဲ့ နှစ်ဆင့်စီးပါ က လိုင်းကားခအတွက် ကုန်ကျငွေက တစ်ရက်ကို ၁၅၀၀နီးပါး ရှိလို့ မိသားစုအတွက် တစ်ရက်ကို ငါးထောင်ကျပ် ၀န်းကျင်သာ ပြန်ပါသွားတတ်ကြတယ်လို့ ပန်းရံနေ့စားလုပ်သူတွေက ပြောပါတယ်။
"ပန်းရံအလုပ်က နေ့တိုင်းအလုပ်မရှိဘူး။ လိုင်းကားခတွေက စျေးတက်၊ လိုင်းကားမရတဲ့နေ့တွေမှာ အောက်ဆိုက်ကားစီးရင် ဒီထက်ပိုကုန်တယ်။ အောက်ဆိုက်ကားပါမရတဲ့နေ့ဆို တက်စီနဲ့ပြန်တာ ပိုကုန်သေး တယ်” လို့ ဒဂုံဆိပ်ကမ်းမှာ နေထိုင်တဲ့ ပန်းရံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စားအုန်းဆီ တစ်ပိသာ ၁၅,၀၀၀ကျပ်၊ ဆန်ကြမ်းတစ်ပြည် ၂,၂၀၀ကျပ်၊ ငပိရေကျိုထဲထည့်တဲ့ ငရုတ်သီး အကြမ်း မှုန့်က တစ်ပိသာ နှစ်သောင်းကျပ်၊ ကြက်သွန်နီက တစ်ပိသာ ၄,၀၀၀ ကျပ်၊ ခရမ်းချဥ်သီး တစ်ပိသာ ၄,၀၀၀ ကျပ်နဲ့ ကြက်ဥတစ်လုံး ၂၅၀ ကျပ်ဆိုတဲ့ စျေးနူန်းတွေက အခြေခံလူတန်းစားတွေ ဟင်းချက်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့ တဲ့ အနေအထားမျိုးနဲ့ ကြုံနေရတာပါ။
ဒါ့အပြင် အိမ်ငှားခ၊ ရေဖိုး၊ မီးဖိုး၊ ကလေးမုန့်ဖိုး၊ ကလေးကျောင်းစရိတ် စတာတွေအပြင်၊ နေမကောင်းရင်လည်း ဆေးခန်းမပြနိုင်၊ ဆေးဆိုင်မှာ ဆေးဝယ်၊ ဆေးဆိုင်တွေက ပေးလိုက်တဲ့ ဆေးကိုသောက်၊ ဘ၀ကို ဒီလိုပဲ ဖြတ် သန်းနေကြရတာပါ။
"အိမ်ကအဘွားဆိုရင် နာတာရှည်နှလုံးရောဂါ၊ ကျောက်ကပ်ပါမကောင်းလို့ ဆေးသောက်နေရတာ ခုတော့ သုံးဆ မက စျေးတက်သွားတယ်။ ဆေးကလည်း ပြတ်နဲ့ နေ့တိုင်း မတိုက်နိုင်တော့ဘူး၊ နေ့စဥ်တိုက်ရမယ့် ဆေးကို သုံးရက်မှ တစ်ခါ၊ ရောဂါဆိုးလာမှ တိုက်တာမျိုးထိ လျော့ချနေရတယ်။ စားဖို့ထမင်းတောင် နပ်ကမှန်တာ မဟုတ်ဘူး"လို့ ဒဂုံဆိပ်ကမ်းမှာ နေထိုင်တဲ့ အဝတ်အငှားလျှော်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီလပိုင်းအတွင်း ရန်ကုန်မြို့တွင်းမှာ မိသားစုက မကျွေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လေဖြတ်နေတဲ့ဖခင်ကို သားသမီးတွေက လာရောက်ပစ်သွားလို့ ပရဟိတအသင်းအချို့က ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာကို ပို့ပေးရ တဲ့ အဖြစ်အပျက်တွေ ခပ်စိပ်စိပ် ဖြစ်လာတာကို တွေ့မြင်နေရပါတယ်။
စားဝတ်နေရေး အဆင်မပြေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လသားအရွယ် အမြွာကလေး နှစ်ဦးကို ငွေကျပ် ငါးသောင်းနဲ့ လိုက်လံရောင်းချနေတာကြောင့် ကလေးတွေကို ကူညီပေးနေသူတွေက ခေါ်ယူစောင့်ရှောက် ထားတဲ့ ဖြစ်စဥ်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။
အခြေခံလူတန်းစား ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာအတွက် ပရဟိတအသင်းတွေနဲ့ စေတနာရှင် အချို့က လှူဒါန်းတဲ့ ထမင်းဟင်း အခမဲ့ ဝေပေးနေတဲ့ နေရာတွေမှာလည်း လူစည်ကားနေပါတယ်။
အခြေခံလူတန်းစား ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာအတွက် ပရဟိတအသင်းတွေနဲ့ စေတနာရှင် အချို့က လှူဒါန်းတဲ့ ထမင်းဟင်း အခမဲ့ဝေပေးနေတဲ့ နေရာတွေမှာလည်း လူစည်ကားနေပါတယ်။
ဘုန်းကြီးကျောင်းအချို့နဲ့ ကျူးကျော်ရပ်ကွက် နေရာတွေမှာဆိုလဲ တန်းစီစောင့်ဆိုင်းနေတဲ့ လူကအပြည့်ဖြစ် နေတာကို မြင်တွေ့ရမှာပါ။
"အရင်အမေစုလက်ထက် ကိုဗစ်တုန်းက အလုပ်မရှိတာတောင် လှူသူများလို့ ထမင်းဟင်း ဝဝလင်လင်စားရသေး၊ခုငတ်မသေရုံတမယ် စားနေရတာ။ ရပ်ကွက်အတွင်း လာလှူမယ့်သူတွေကိုလည်း အုပ်ကြီးတွေက စည်းကမ်း ထုတ်တာနဲ့ လာမလှူရဲကြဘူး၊ ငတ်နေသူတွေက တစ်ပုံကြီး"လို့ ဆိုက်ကားနှင်းသူ တစ်ဦးက ညည်းတွား ပြောဆို ပါတယ်။
တစ်ရက်စာစားဖို့တောင် ခက်ခဲနေတဲ့ အောက်ခြေပြည်သူတွေဟာ မိသားစုအတွင်း ကျန်းမာရေးကိစ္စတွေ ဖြစ်လာ ပါက နီးစပ်ရာ လူတွေဆီကနေ အတိုးနူန်း မြင့်မားစွာနဲ့ ချေးငှားနေရပါသေးတယ်။
အရင်က ငွေတိုးပေးစားနေသူတွေက သူတို့ကိုယ်တိုင် ငွေပိုငွေလျှံမရှိတဲ့ အခြေအနေတွေအပြင် ချေးပြီးရင် ပြန်မဆပ်နိုင်တဲ့ အခြေအနေတွေကြောင့် ငွေတိုးမချေးငှားနိုင်ကြဘူးလို့ အခြေခံလူတန်းစားအချို့ကပြောပါတယ်။
လက်ရှိအခြေအနေအရ ရန်ကုန်မြို့က အောက်ခြေလူတန်းစားတွေ နေတဲ့ရပ်ကွက်အချို့မှာ အတိုးနဲ့ ငွေချေးပါက ငွေကျပ် ၁၀၀ကို အတိုးနူန်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ သိရပါတယ်။
နေ့ပြန်တိုးနဲ့ ငွေကျပ် တစ်သိန်းချေးပါက ချေးယူသူတွေဟာ တစ်ရက်ကို ၅,၀၀၀ ကျပ်နဲ့ တစ်လကို အတိုးရော အရင်းပါ တစ်သိန်းခွဲထိ ပေးရတာတွေလည်း ရှိနေပါတယ်။
"အကြွေးရှင်တွေကို မပေးနိုင်တဲ့တွေဆိုရင် အိမ်ပြန်မအိပ်ရဲဘူး။ နီးစပ်ရာမှာ ဝင်အိပ်ရတယ်။ စျေးရင်းဖို့ တစ်သိန်း နေ့ပြန်တိုးနဲ့ချေးတာ ၁၀ ရက်ပဲ သွင်းနိုင်သေးတယ်။ ရင်းထားတဲ့ ကုန်စိမ်းက အရင်းပြုတ်သွားလို့ ထမင်းတောင် အိမ်မှာမချက်နိုင်ဘူး။ ဘယ်နေရာမှာ လာလှူမလဲ နားစွင့်ထားရတယ်၊ အိမ်က ကလေးအကုန် တန်းစီခိုင်းရတယ်” လို့ လိူင်သာယာမြို့နယ်က ကျူးကျော်တဲတစ်ခုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက လက်ရှိအခြေနေကို ပြောပြပါ တယ်။
ဒါ့အပြင် ရပ်ကွက်အတွင်း လိုက်လံတောင်းစားနေသူတွေကလည်း ငွေကြေးတောင်းတဲ့အပြင် “ဆန်လေး တစ်ဘူးလောက် သနားကြပါ၊ ငပိဖိုးလေး တစ်ရာကျပ်၊ နှစ်ရာကျပ်လောက် ကူညီကြပါ” ဆိုတဲ့ အသံတွေ နေ့စဥ် ကြားနေကြရပါတယ်။
“တစ်ရက်ပြီး တစ်ရက် ရပ်ကွက်ထဲမှာ အဆင်မပြေလို့ ညည်းသံတွေပဲ ကြားနေရတယ်၊ အရင်က အ၀တ်လျှော်နေ ကျ အိမ်တွေလဲ ခုခေါ်မလျှော်တော့ဘူး၊ ဆန်ကြမ်းတောင် တစ်ခါချက် သုံးဘူးနဲ့ ၀ယ်စားနေရတာ၊ ဟင်းတို့ အခြား သရေစာမုန့်တို့ ၀ယ်စားဖို့ထက် သူများလှူမှ စားရတဲ့ဘဝ ရောက်နေရပြီ"လို့ ဒလမြို့မှာ နေထိုင်တဲ့ ကျပန်း အလုပ် လုပ်ကိုင်သူ အမျိုးသမီးက စိတ်ပျက်တဲ့ဟန်နဲ့ ပြောပါတယ်။
ယခုနှစ် အလွန်မှာလည်း မြန်မာပြည်မှာ အစားအစာ၊ စက်သုံးဆီနဲ့ အခြားသွင်းကုန်တွေဟာ ကာလတိုကနေ အတန်ကြာအောင် ဆက်လက် ဈေးတက်နေဦးမှာဖြစ်ပြီး ယင်းကုန်စည်တွေကို ထုတ်လုပ်မှုနဲ့ စားသုံးမှုနှစ်ပိုင်းလုံး ကျဆင်းနေကြဦးမယ်လို့ လွန်ခဲ့သည့်နှစ်လက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Myanmar Economic Monitor July 2022: Reforms Reversed အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီအတိုင်းသာဆိုရင်တော့ နင်းပြားတွေရဲ့ အသက်ရှုသံတွေဟာ ဆက်လက်ပြင်းထန်နေဦးမယ့်သဘောပါပဲ။
ပုံစာ - ရန်ကုန်မြို့တစ်နေရာတွင် ခွဲတန်းဖြင့်ရောင်းပေးသည့် ဆီကိုဝယ်ယူရန်တန်းစီနေကြသူများအားတွေ့ရစဉ်
Burma Associated Press