bap-logo
Urban Life

ဆရာလေးတို့ စားဖို့ခက်လာတဲ့ ဆွမ်းတနပ်

V-rEzT0IO-_NG1dRaHvXP-image

လွန်ခဲ့သော ၂ နှစ် က

ညထဲက သည်းသည်းမည်းမည်း ရွာချထားတဲ့မိုးကြောင့် မနက်ရောက်တော့ ကျောင်းဝန်းတစ်ခုလုံး ရေတွေ အပြည့်။

ကျောင်းရှိ သီလရှင်ဆရာလေးတွေကတော့ မိုးရေတို့ကိုမမှုဘဲ ဆွမ်းဆန်စိမ်း အလှူခံထွက်ဖို့ ပြင်ဆင် စရာရှိတာ ပြင်ဆင်နေကြတယ်။ ကျောင်းဝန်းအပြည့် ရေတွေကိုကြည့်ပြီး ဆရာလေးတွေကို ဒီနေ့ ဆွမ်းခံမထွက်ခိုင်းဖို့ တိုက်အုပ်တပါးဖြစ်တဲ့ ဆရာလေးဒေါ်ဧသိင်္ဂီ ဆုံးဖြတ်လိုက်တယ်။

မိုးရေတွေကြားထဲ အလှူခံထွက်ကြရင် အလှူခံရတာနဲ့မှ မကာမိအောင် ဆရာလေးတွေ ဖျားနာ ကြမှာစိုးတဲ့အတွက် တားလိုက်ရတာဖြစ်တယ်။ ကိုဗစ်ရောဂါတွေကြားက မိုးတွင်းကာလဖြစ်တဲ့ အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆရာလေးဒေါ်ဧသိင်္ဂီတို့ ကျောင်းက သီလရှင်ဆရာလေး တွေရဲ့ ဆွမ်းဆန်စိမ်းအလှူခံထွက်ရတဲ့ ရက်တွေက ပုံမှန်မဟုတ်တော့ပါဘူး။

အရင်က တပတ်မှာ တောဖိတ်၊ မြို့ဖိတ်(ဉပုသ်နေ့မတိုင်ခင်နှစ်ရက်) အလှူခံ ပုံမှန်ထွက်ကြပေမယ့် အခုကာလမှာတော့ မိုးရွာတဲ့နေ့နဲ့ တိုက်ဆိုင်တဲ့အခါနဲ့ နိုင်ငံရေးအခြေအနေမကောင်းတဲ့ နေ့တွေဆို ဆွမ်းခံမထွက်ဖြစ်ဘူးလို့ ရန်ကုန်မြို့မှာရှိတဲ့ သီလရှင်ကျောင်းတစ်ကျောင်းက တိုက်အုပ်တပါး ဖြစ်တဲ့ ဆရာလေးဒေါ်ဧသိင်္ဂီက ပြောပါတယ်။

ဆွမ်းခံထွက်ရက်တွေက ပုံမှန်မဟုတ်တော့တဲ့အပြင် စီးပွားရေးကြပ်တည်းမှုတွေကြောင့် အလှူခံရ ရှိတဲ့ အခြေအနေကလည်း လျော့ပါးသွားပါတော့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည် သူလူထုအနေနဲ့ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့လာရပါတယ်။ ဒီအကြပ်အတည်းတွေဟာ ပြည်သူလူထုကိုတင်မကဘဲ သာသနာ့အနွယ်ဝင် ပုဂ္ဂိုလ်အချို့ဆီကိုလည်း ရိုက်ခက်လာပါတော့တယ်။

ရဟန်းသံဃာတွေက လှူဒါန်းမယ့်သူ ပေါများတဲ့အတွက် ဒီကာလမှာမသိသာပေမယ့် နဂိုကတည်းက လှူဒါန်းသူ နည်းပါးတဲ့ သီလရှင်ဆရာလေးတွေအတွက်ကတော့ အခုကာလမှာ ပိုမိုကြပ်တည်း လာကြပါတယ်။

ဆရာလေး ဒေါ်ဧသိင်္ဂီတို့ကျောင်းမှာ သီလရှင်အပါး ၁၄၀ ရှိပြီး အပါး ၁၁၀ လောက်ကတော့ ဆွမ်းခံထွက်ကြတယ်။ အရင်က ဆရာလေး ပါးကို ငွေ တစ်ထောင်ကျပ် လှူတဲ့အလှူရှင်က အခုဆိုရင် ငါးရာလောက်ပဲ လှူနိုင်တော့တယ်လို့ ဆရာလေးဒေါ်ဧသိင်္ဂီက ပြောပါတယ်။ အရင်ကဆို ကုန်စုံဆိုင်၊ ဈေးဆိုင်လေးတွေက ဝတ္ထုငွေမဟုတ်တောင် ကြက်သွန်လေး၊ ကော်ဖီမစ်လေးတွေ လှူကြပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအခြေအနေတွေကြောင့် လှူနိုင်ကြတော့ပါဘူး။

အမျိုးမျိုးပေါ့၊ အသေးအဖွဲလေးတွေကအစ မလွယ် ကူ တော့ဘူး။ သူတို့(ဒါယိကာ၊ဒါယိကာမ)မှာ မလွယ်ကူ တော့ ကိုယ်တွေလည်း တိုက်ရိုက် အချိုးကျ သွားတာပေါ့လို့ ဆရာလေးဒေါ်ဧသိင်္ဂီက ပြောပါတယ်။

 

အမျိုးမျိုးပေါ့၊ အသေးအဖွဲလေးတွေကအစ မလွယ်ကူတော့ဘူး။ သူတို့(ဒါယိကာ၊ဒါယိကာမ)မှာ မလွယ်ကူတော့ ကိုယ်တွေလည်း တိုက်ရိုက်အချိုးကျသွားတာပေါ့လို့ ဆရာလေးဒေါ်ဧသိင်္ဂီ ကပြောပါတယ်။

ပြီးခဲ့တဲ့ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းကာလ ဆွမ်းခံမထွက်ရတဲ့ အခြေအနေ တုန်းကတောင် အခုလောက်မဆိုးခဲ့ပါဘူး။ ခုကာလမှာတော့ အလှူရှင် ရှားပါးတာ၊ ပုံမှန်လှူနေကြ အလှူရှင်တွေကလည်း အလှူငွေ လျှော့လှူလာကြတာတွေ ဖြစ်လာပါတယ်။

အရင်က တလတစ်ခါ လှူနေကြ အလှူရှင်တွေတောင် အခုအခါ သုံးလ တစ်ခါ လှူနိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီလိုကြပ်တည်းမှုတွေကြောင့် ကျောင်းမှာ ဆွမ်းဟင်းချက်တဲ့အခါ ဆီ၊ကြက် သွန် အဖြူအနီ၊ အရောင်တင်မှုန့်စတဲ့ လျှော့သုံးလို့ရတာတွေကို လျှော့သုံးဖို့ ဆရာလေး ဒေါ်ဧသိင်္ဂီ စီမံရပါတယ်။

လျှော့လို့မရတာကျ ဘယ်လိုမှလျှော့လို့ အဆင်မပြေဘူးလေ။ ဆန်ဆို လုံးဝလျှော့လို့မရတဲ့အရာ။ ထမင်းမှဝအောင်မကျွေးရင် ကျန်းမာရေးချို့တဲ့မယ်လေ။ ထမင်းတော့ဝအောင် ကျွေးရမှာပေါ့လို့ ဆရာလေး ဒေါ်ဧသိင်္ဂီက ဆိုပါတယ်။ အသားဟင်းမကျွေးနိုင်တော့ အသားဓာတ်နေရာမှာ ပဲအမျိုးမျိုး ကျွေးရင်း အသားဓာတ်ရအောင် ဖန်တီးရပါတယ်။

ကျောင်းမှာ ဆန်အိတ်မလောက်ငှတော့တဲ့ အခြေအနေတွေရောက်ရင်လည်း ဒါယိကာ၊ဒါယိကာမ တွေကို ရှေ့မျက်နှာ နောက်ထားပြီး ဖုန်းဆက်အလှူခံရပါတယ်။ အရင်က စုပေါင်းပြီး ဆန်အိတ်(၅၀) လောက် လှူသူတွေ အနေနဲ့လည်း ခုဆို ငါးအိတ်၊ ဆယ်အိတ်လောက်သာ လှူနိုင်ပါတော့တယ်။

ဆွမ်းဆန်အပြင် ကျောင်းရှိ သီလရှင်ဆရာလေးတွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးလည်း ပူပင်ရပါသေးတယ်။ မိုးတွင်းကာလ ဖျားနာတာနဲ့ နှာစေး၊ ချောင်းဆိုးအတွက် ဆေးဝါးတွေက မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလိုအခက်အခဲတွေအပြင် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြို့တွင်း ဆွမ်းခံထွက်ရက်တွေကိုလည်း အခြေအနေကြည့်ပြီး စီစဉ်ရပါတယ်။

ဘယ်သူကမှ ဆွမ်းခံရက် မထွက်နဲ့လို့ ပြောတာမဟုတ်ပေမယ့် ကိုယ်ကအခြေအနေ ကြည့်ရတာပေါ့။ ဥပမာ ဘယ်နေရာမှာ ဒီနေ့အခြေအနေက ဘယ်လိုရှိတယ်ဆို အဲလိုရက် မလွှတ်ရဲဘူးလေ။ အခြေအနေကြည့်ပြီး လွှတ်ရတဲ့အခါကျတော့ ဆွမ်းခံအပြည့်အဝ မထွက်ရတာ မျိုးလေးတွေပေါ့လို့ ဆရာလေးဒေါ်ဧသိင်္ဂီက ဖွင့်ဟပါတယ်။

သီလရှင်ဆရာလေးတွေကိုလည်း ဘယ်လိုနေရာဆို မသွားဖို့၊ လူစုလူဝေးဆို သွားမကြည့်ဖို့၊ ဘယ်လိုအထုတ်မျိုးဆို မကောက်ဖို့ စတာတွေကို မှာကြားရပါတယ်။ သီလရှင်ဆရာလေးတွေ အကြောင်းကြောင်းကြောင့် ကျောင်းပြန်ရောက်ချိန် နောက်ကျရင်လည်း စိတ်ပူရပါသေးတယ်။ အရင်က သီလရှင်ဆရာလေးတွေ ဆွမ်းခံထွက်ဖို့ စုရပ်ကို သွားသာ ကားစီစဉ်ပေးပေမယ့် လက် ရှိမှာတော့ အပြန်အတွက်ပါ ကားစီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် ကားခလည်း အပိုငွေ ကုန်ပါတယ်။

အပိုကုန်တယ်။ အပိုကုန်လို့ စိတ်အေးရလားဆို စိတ်လည်းမလုံခြုံဘူး။ စိတ်လည်းမအေးရဘူး။ ပြန်ရောက်လို့ ကိုယ့်ဆရာလေးတွေစုံမှပဲ စိတ်ဒုံးဒုံးချရတဲ့ အခြေအနေပေါ့လို့ ဆရာလေး ဒေါ်ဧသိင်္ဂီ က ပြောပါတယ်။

ဆရာလေးဒေါ်ဧသိင်္ဂီတို့လိုပဲ အထွေထွေအကြပ်အတည်းကာလမှာ ခြိုးခြံခြွေတာရင်း သီတင်းသုံး နေကြတာက တော့ ဆရာလေးဒေါ်ပညာတို့ ကျောင်းတိုက်ပါ။

ဆရာလေးဒေါ်ပညာတို့ကျောင်းဟာ ရန်ကုန်မြို့က သီလရှင်သင်ပညာရေးကျောင်းဖြစ်ပြီး ကျောင်းတိုက်မှာ သီလရှင် ဆရာလေးတွေအပါအဝင် စာသင်တဲ့ကလေးစုစုပေါင်း ၂၅၀ နီးပါး ရှိပါတယ်။ သီလရှင်ဆရာလေးတချို့ ကျန်း မာရေး မကောင်းတဲ့နေ့ကလွဲရင် ကျောင်းရှိသီလရှင် ဆရာလေး ၆၀ အနက် ၄၀ လောက်က ပုံမှန်အတိုင်းဆွမ်းခံ ထွက်ကြပေမယ့် အထွေထွေ အကြပ်အတည်းတွေကြောင့် အလှူငွေ အရနည်းသွားပါတယ်။

ပုံမှန်လှူတဲ့ အလှူရှင်လည်း လျော့နည်းသွားတယ်။ ဥပမာ ဇွန်းအကြီးနဲ့ လှူမယ်ဆိုရင် ဟင်းခတ်တဲ့ ဇွန်းနဲ့ ပြောင်းသွားတာပေါ့လို့ တိုက်အုပ်တစ်ပါးဖြစ်တဲ့ ဆရာလေး ဒေါ်ပညာက ပြောပါတယ်။

ဆွမ်းဟင်းအနေနဲ့လည်း အရင်ကတပတ်ကို အသားဟင်း နှစ်ရက် ကျွေးနိုင်ပေမယ့် အခုကာလတော့ တပတ်တစ်ရက်သာ ကျွေးနိုင်တော့တယ်။ ဒါ့အပြင် ၂၀၂၂ခုနှစ်အတွင်း ဆွမ်းတနပ် အလှူရှင်တစ်ဦးမှ မရှိသေးဘဲ အလှူခံရတာနဲ့သာ ချက်စားနေကြရတယ်လို့ ဆရာလေးဒေါ်ပညာက ဆိုပါတယ်။

 

တခြား စားစရာ သောက်စရာလည်း ဖြည့်စွက် စားစရာ မရှိဘူးလေ။ ဆွမ်းထမင်းလေးတော့ နပ်မှန်အောင် ကျွေးပါတယ်လို့ ဆရာလေးက ဆိုပါတယ်။

 

တခြား စားစရာ သောက်စရာလည်း ဖြည့်စွက်စားစရာ မရှိဘူးလေ။ ဆွမ်းထမင်းလေးတော့ နပ်မှန် အောင်ကျွေးပါတယ်လို့ ဆရာလေးက ဆိုပါတယ်။

ဆွမ်းဟင်းကုန်ကျစရိတ်အပြင် ဆရာလေးတွေကို စာသင်ပေးတဲ့ ဆရာ၊ မဆရာမတွေအတွက်လည်း လစဉ်လခ ထောက်ပံ့ရပါသေးတယ်။ ကုန်ဈေးနှုန်းတွေ ပိုမိုတက်လာပြီး အစစအရာရာ ပိုမို ကြပ်တည်းလာပါက ကျောင်းက သီလရှင် ဆရာလေးတွေအတွက် ဆရာလေးဒေါ်ပညာ စိုးရိမ်မိနေပါတယ်။

စိတ်ပူတာတစ်ခုကတော့ ကလေးတွေအများကြီး ခေါ်ထားတာဆိုတော့ အနာဂတ်ကဘာမှန်းမသိတဲ့ အချိန်ဆိုရင်တော့ ကလေးတွေကို နပ်မှန်အောင်မှ ကျွေးနိုင်ပါ့မလား အဲ့ဒါတစ်ခုတော့ စိတ်ပူတာပေါ့လို့ ဆရာလေးဒေါ် ပညာက ဖွင့်ဟပါတယ်။

ဆရာလေးဒေါ်ဧသိင်္ဂီနဲ့ ဆရာလေးဒေါ်ပညာတို့ ကျောင်းတိုက်တွေလိုပဲ အကြပ်အတည်းကာလကို ဖြတ်ကျော်နေတာကတော့ ဆရာလေးဒေါ်သုနန္ဒီတို့ သီလရှင်ကျောင်းပါ။ ဆရာလေးဒေါ်သုနန္ဒီတို့ ကျောင်းမှာတော့ အစထဲက ငါးပိရည်၊တို့စရာ၊ ကန်စွန်းရွတ်ပြုတ်၊ ကန်းစွန်းရွက်ကျော် ပဲပြုတ် စတာတွေကို အားထားကြပြီး အသားဟင်းတစ်ပတ် တခါလောက်သာ စားကြတဲ့အတွက် လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်လာချိန်မှာတော့ ခြိုးခြံပြီးသား ဖြစ်နေပါတယ်။

 

အရမ်းကြီး အခက်အခဲကြီး ဖြစ်တာတော့လည်း မဟုတ် ပါဘူး။ အရမ်းကြီး ပိုလျှံနေတာလား ဆိုတော့လည်း မဟုတ်ပါဘူးလို့ ဆရာလေး ဒေါ်သုနန္ဒီက ဆိုပါတယ်။


အရမ်းကြီး အခက်အခဲကြီး ဖြစ်တာတော့လည်း မဟုတ်ပါဘူး။ အရမ်းကြီး ပိုလျှံနေတာလား ဆိုတော့လည်း မဟုတ်ပါဘူးလို့ ဆရာလေး ဒေါ်သုနန္ဒီက ဆိုပါတယ်။

ဆွမ်းဟင်းနဲ့ပတ်သက်ပြီး အခက်အခဲ များများစားစား မရှိပေမယ့် စီးပွားရေး အကြပ်အတည်းတွေ ကြောင့် ပုံမှန်ဒါယိကာ၊ ဒါယိကာမတွေရဲ့ အလှူငွေတွေကတော့ လျော့နည်းသွားပါတယ်။

သဘောတရားက အရင်တုန်းက တစ်သောင်းလှူတဲ့အလှူရှင်က ငါးထောင်လောက်ပဲ လှူနိုင် တော့တယ်။ ငါးထောင်လှူတဲ့အလှူရှင်က နှစ်ထောင်လောက်ပဲ လှူနိုင်တော့တယ်။ သူတို့တောင်မှ ရုန်းကန်နေရတဲ့အခါကျတော့ အရမ်းကြီးလည်း မလှူနိုင်တော့ဘူး။ တချို့ဆိုလည်း အဆင်ပြေမှ ပြန်လှူမယ်ဆိုတဲ့ ဒကာမတွေလည်း ရှိတာပေါ့လို့ ဆရာလေး ဒေါ်သုနန္ဒီက ပြောပါတယ်။

ကုန်ဈေးနှုန်း အကြပ်အတည်းတွေကြား သီလရှင်ဆရာလေးတွေခမျာ အရာရာကို အဆင်ပြေအောင် စီမံရပါတယ်။ ဥပမာ တပတ်ကို ဆီ(၅၀)ကျပ်သားပဲ သုံးမယ်ဆိုရင် ဆီ(၅၀)ကျပ်သား ကွက်တိ ထားတာမျိုး၊ သီလရှင်တစ်ပါး ကြက်ဥတစ်လုံးနှုန်းဆို အပါးအရေအတွက်နဲ့ ကွက်တိထားတာတွေ စီစဉ်ရပါတယ်။ ကြက်သားအစား ငါးဟင်း ကျွေးရင်ကောင်းမလား၊ ကြက်ဥကျွေးရင် ကောင်းမလား စတာတွေ ချိန်ဆရပါတယ်။

အရင်တုန်းကဆို စဉ်းစားစရာမလိုဘူး။ ဒီတပတ် ကြက်သားကျွေးမယ်ဆို မျက်လုံးစုံမှိတ် ကျွေးလိုက်ရုံပဲ။ အခုက ကုန်ဈေးနှုန်းတွေ တက်လာတာဆိုတော့ ဆရာလေးတွေလည်း စားလို့ အဆင်ပြေ၊ လုံလောက်တဲ့ ဝတ္ထုငွေပမာဏကို တွက်ရတဲ့ အနေအထားလေးတွေ ရှိတာပေါ့လို့ ဆရာလေးဒေါ်သုနန္ဒီက ဆိုပါတယ်။

ခေတ်ဆိုးရဲ့ အထွေထွေအကြပ်အတည်းတွေကြားမှာ သီလရှင်ဆရာလေးတွေဟာ ကျောင်းအတွက် အဆင်ပြေသလို စီမံရင်း ဖြတ်သန်းနေကြရတာပါ။ ဆရာလေး ဒေါ်သုနန္ဒီကတော့ သာသနာမှာ တင်းတိမ်ရောင့်ရဲစွာ သီတင်းသုံးနေရတာဖြစ်တဲ့အတွက် ဆွမ်းတနပ်တော့ မငတ်ဘူးလို့ ခံယူထားပါတယ်။ ဆရာလေး ဒေါ်ဧသိင်္ဂီကတော့ ခက်အခဲတွေကြားမှာ ကြိုးစားရှင်သန်ကြဖို့ ဒါယိကာ၊ ဒါယိကာမတွေကို အခုလို သတင်းစကားပါးပါတယ်။

ဒီကာလကြီးကို ဖေးမကူညီပြီးတော့ ကြိုးစားပြီး ဖြတ်သန်းသွားရအောင်လို့ ပြောချင်ပါတယ်

Burma Associated Press

 

 

ဘုန်းကြီးကျောင်း
မြန်မာ
သီလရှင်များ

Share With
bap-logo