Article
ပင်လယ်နှင့် ဝေးနေသည့် ကမ်းပါးများ
လွန်ခဲ့သော ၂ နှစ် က
ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် လက်နက်မလုံလောက် မှုကို ရင်ဆိုင်နေကြရသည်။
ရွှေဘို အနောက်ဘက်ခြမ်းတွင် ပျူစောထီးများ စိုးမိုးထားနိုင်သည့် နယ်မြေလည်းများသောကြောင့် စပါးကောင်းစွာ စိုက်ပျိုး၍မရပေ။ စီးပွားရေးလုပ်ငန်းများ ထိခိုက်သောကြောင့် ဒေသခံ ကာကွယ် ရေးတပ်ဖွဲ့များအပေါ် ထောက်ပို့နိုင်မှုလည်း အားနည်းကြသည်။
ထို့ကြောင့် ထိုဒေသရှိ ကာကွယ်ရေးတပ်ဖွဲ့များသည် မောင်းပြန်သေနတ်အစစ် ဝယ်နိုင်ရန် များစွာ ရုန်းကန်ကြရသည်။ လက်နက် မလုံလောက်မှုကြောင့် အများအားဖြင့် ပြောက်ကျားစနစ်ဖြင့်သာ စစ်ကောင်စီကို ရင်ဆိုင်လျက်ရှိကြသည်။
“ကျတော်တို့အနေနဲ့ ရင်းထဲဝင်လို့လည်း လက်နက် ရမယ်လို့ ယုံကြည်ချက်မရှိဘူး “ ဟု ရွှေဘို အနောက်ဘက် နယ်မြေရှိ မိကျောင်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက ဆိုသည်။
“ ကျတော်တို့အနေနဲ့ ရင်းထဲဝင်လို့လည်း လက်နက်ရမယ်လို့ ယုံကြည်ချက်မရှိဘူး “ ဟု ရွှေဘို အနောက်ဘက် နယ်မြေရှိ မိကျောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ဆိုသည်။
အကြောင်းမှာ ၎င်းတို့တိုက်နယ်ရှိ တပ်ရင်းများသည်ပင် လက်နက်အလုံအလောက် မရသေးသည်ကို မြင်ရသောကြောင့် ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ရင်း ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD အောက်ရှိ People Defense Force-PDF တပ်ရင်းကို ဆိုလိုခြင်းဖြစ်သည်။
ဒေသခံကာကွယ်ရေးအဖွဲ့အချို့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ တပ်ရင်းအနေဖြင့် လှုပ်ရှားရန် စိတ်ဝင်စားသော်လည်း တပ်ရင်းဖြစ်ရန် လိုအပ်ချက်အချို့သည် ၎င်းတို့အတွက် အတားအဆီး ဖြစ်နေသည်။
အထူးသဖြင့် တပ်ရင်းအနေဖြင့် စုဖွဲ့ပြီး နယ်မြေမှ ထွက်ခွာကာ ညွှန်ကြားရာဒေသသို့ သင်တန်း သွားရောက် တက်ရောက်ရန် သုံးရမည့်အချိန် သုံးလေးလသည်ပင် ကြီးမားသည့် အတားအဆီး တစ်ခုဖြစ်သည်။
“ကျတော်တို့ ဒီနေရာကခွာလိုက်ရင် နယ်မြေစိုးမိုးမှု ပျောက်သွားနိုင်တယ်“ဟု ဒေါင်းမာန် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်က ပြောသည်။
လက်ရှိအချိန်ထိ ထိုနယ်မြေဒေသကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ အင်အားနှင့်ပင် တောက်လျှောက် စစ်ကောင်စီ၏ စစ်ကြောင်းကို ရင်ဆိုင်ခုခံကာကွယ်လာခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များသည် စစ်ရေး မစ်ရှင်များ ပူးပေါင်းလုပ်ဆောင်ကြခြင်းများတွင်မူ ပုံမှန်အနေဖြင့်ပင် ရှိကြသည်။ ဒေသခံ ကာကွယ်ရေးတပ်များသည် တိုက်ပွဲအတွေ့အကြုံများအရ ထိုဒေသ၏ ပထဝီအနေအထား၊ နယ်မြေ ၏ အခြေအနေနှင့် ရန်သူ့သဘောကို ကျွမ်းကျင်ပိုင်နိုင်ရှိခြင်းသည် ၎င်းတို့ကို ပစ်ပယ်ထား၍ မရသည့်အချက်များ ဖြစ်သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် MOD၏ တပ်ရင်းသို့ ဝင်ရောက်ပါက လက်နက်နှင့် ရိက္ခာ အတွက် ပူစရာမလိုအပ်သည့်အတွက် ၎င်းတို့အဖွဲ့အစည်းကို တပ်ရင်းသို့ပြောင်းလဲရန် စဥ်းစားဖူး ကြသည်။
သို့ရာတွင် မြေပြင်ထိုးစစ်တိုက်ပွဲ ဖော်ဆောင်ရန် အမိန့်ကို စောင့်ရခြင်း၊ သင်တန်းတက်ရန်အတွက် သုံးလမှ ခြောက်လအထိနယ်မြေမှ ခဏတာ စွန့်ခွာရမည်ဖြစ်ခြင်းနှင့် တပ်ရင်းထဲဝင်ပါက အမှန် တကယ် လက်နက်ရမည်ဟု အယုံအကြည် မရှိခြင်းတို့ကြောင့် လက်တွေ့တွင် NUG ၏ People Defense Force လက်အောက်ခံ တပ်ရင်းဖြစ်ရန် မကြိုးပမ်းဖြစ်ကြပေ။
လက်ရှိအခြေအနေတွင် ရွှေဘိုအနောက်ပိုင်းနယ်မြေသည် ထောက်ပို့အင်အား နည်းပါးသည့် ဒဏ်ကို ရင်ဆိုင်နေကြရသည်။ ရွှေဘိုပေါ်ဆန်း အထွက်များပြီး စပါး၊ မြေပဲ၊ နှမ်း စသည့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ များပြားသည့် နယ်မြေတွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် အများစုမှာ လယ်ယာလုပ်ငန်းများ လုပ်ခွင့်မရကြသဖြင့် စီးပွားရေး ခက်ခဲကြသည်။
ထို့အပြင် ရွှေဘိုမြို့နယ်၏ အခြားစီးပွားရေးထောက်တိုင် တစ်ခုဖြစ်သည့် ရက်ကန်းလုပ်ငန်းများ သည်လည်း တော်လှန်ရေးကာလအတွင်း ရပ်တည်ရ ခက်ခဲလာသည်။ နိုင်ငံခြား ကူးသန်း ရောင်းဝယ်မှု ခက်ခဲခြင်းအပြင် ရက်ကန်းကို အဓိကထား လုပ်ကိုင်ကြသည့် ရွာအများစု လျှပ်စစ်မီး ဖြတ်တောက်ခံခြင်းတို့ကြောင့်လည်း ဖြစ်သည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ရက်ကန်းနှင့်လူသိများသည် ဆိပ်ခွန်ရွာအပါအဝင် ရွာနှစ်ဆယ်ကျော်ခန့် လျှပ်စစ်မီး ဖြတ်တောက်ခံရသည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သည်။ ရက်ကန်းလုပ်ငန်း အများအပြား ပြောင်းရွှေ့ခြင်းနှင့် ပိတ်လိုက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဒေသခံများအနေဖြင့် အလုပ်အကိုင် ရှားပါးမှုနှင့် ဝင်ငွေကျဆင်းခြင်းကို ရင်ဆိုင်ကြရသည်။ ထို့ကြောင့် ဒေသတွင်းမှ ငွေကြေး အထောက်အပံ့ ရရှိနိုင်ခြင်းကို ထိခိုက်သည်။
ဒေသခံများမှာ စီးပွားရေး မပြေလည်ကြသည်များသောကြောင့် ၎င်းတို့ကို ငဲ့သည့်အနေဖြင့် ဒေသ အတွင်း အလှုုခံကောက်လေ့သိပ်မရှိဘဲ ဒေသပြင်ပမှ အလှုုငွေများကိုသာ အားကိုးနေရသည်ဟု ရွှေဘိုမြို့နယ် တိုက်နယ် (၂) အတွင်းရှိ ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာတစ်ရွာမှ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဒေသတွင်းထက် ပြင်ပကိုသာ အားကိုးနေကြသည်မှာ ၎င်းတို့တစ်ဖွဲ့တည်းသာမကဘဲ ၎င်းတို့ အနီး အနားရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အများစုသည်လည်း ထိုသဘောအတိုင်း ပြောဆိုကြသည်။
လုပ်ငန်းများနှင့် ပိုက်ဆံရှိသူအများစု ထွက်ခွာသွားကြသောကြောင့် အလှုုငွေ ကောက်ရမည့်သူ မရှိဘဲ ကျန်ရစ်သူ ပြည်သူအများစုမှာ သာမန်ဝင်ငွေရှိသူများသာ ဖြစ်သောကြောင့် ဖိအား မဖြစ်စေလိုဟု တိုက်နယ် ၂ အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများစုက ဆိုကြသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ လွှမ်းမိုးရာ အခြားတစ်ဖက် ရွှေဘိုမြို့နယ်တွင် ပျူစောထီးများ စိုးမိုး ထားသည့် ရွာအများအပြား ရှိနေသည်။ ထိုရွာအသီးသီးတွင် နေထိုင်သူအားလုံးမှာ ပျူစောထီး အဖွဲ့ဝင် သို့မဟုတ် စစ်ကောင်စီကို ထောက်ခံအားပေးကြသူများ မဟုတ်ကြသော်လည်း ရွာသူ ရွာသား အားလုံးမှာ ပျူစောထီးအဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် လည်ပတ်နေကြရခြင်း ဖြစ်သည်။
ယမန်နှစ် ဧပြီခန့်မှစကာ ထိုရွာများတွင် သပိတ် အားကောင်းသည့် ကာလကဲ့သို့သော တော်လှန်ရေး အစပိုင်းများ၌ တော်လှန်ရေးအင်အားစုဘက်မှဟု လူသိများသူများသည် ရွာမှ ထွက်ခွာ ရှောင်ပြေး ကြရသည်။
ထိုသူများသည် ရွာတွင် နေထိုင်၍ မရနိုင်ရုံသာမက ၎င်းတို့ပိုင် အိမ်နှင့် ပစ္စည်းများကို စစ်တပ်နှင့် ပျူစောထီးများက ဝင်သိမ်းခြင်း၊ မီးရှို့ခြင်း၊ ၎င်းတို့ပိုင် လယ်ယာမြေများတွင် ပျူစောထီးများက စိုက်ပျိုးရေး ဝင်လုပ်ကာ သိမ်းခြင်း စသည်တို့ကိုလည်း ရင်ဆိုင်ရသည်။ ထိုရွာများရှိ စစ်ကောင်စီ အားထောက်ခံခြင်း မရှိသည့် အခြားပြည်သူများမှာ တော်လှန်ရေးကို ထောက်ခံပါက လယ်သိမ်းခံ ရနိုင်ခြင်း၊ အသက်အန္တရာယ်ရှိခြင်း၊ အချိန်မရွေး အဖမ်းခံရနိုင်ခြင်းစသည့် ခြိမ်းခြောက်မှုတို့ကို ရင်ဆိုင်ရင်း နေထိုင်ကြရသည်။
ယမန်နှစ် ဧပြီဝန်းကျင် စစ်ကောင်စီ စစ်ကြောင်းသည် နှစ်မစားရစ်ရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး နောက် ထိုအနီးရှိ သီလုံးရွာတွင် တပ်စွဲခဲ့သည်။ ယင်းနောက် အနီးအနားရှိ ရွာများသို့ ဝင်ရောက် ကူးလူးဆက်သွယ်ခဲ့ပြီး ထိုရွာများသည် ပျူစောထီးများ စိုးမိုးသည့်နယ်မြေ ဖြစ်လာခဲ့ကြသည်။
ထိုအချိန်မှအစပြု၍ ထိုရွာများသည် ရွာအဝင်အထွက် ကန့်သတ်ခံရခြင်းအပြင် ရွာသို့ ရွာခံ မဟုတ်ပါက လာခွင့်မရှိသည့် တင်းကျပ်သည့် အခြေအနေကိုပါ ရင်ဆိုင်ခဲ့ကြရသည်။ အနီးအနားရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ထိုအခြေအနေကို နားလည်သောကြောင့် ထိုရွာများအတွင်း ရှိနေသည့် စစ်ကောင်စီ ထောက်ခံသူ မဟုတ်သည့် ရွာခံအများအပြား၏ အခြေအနေကိုလည်း ထည့်စဥ်းစားရသည်။
ပျူစောထီး လက်အောက်ရှိ ရွာများသည် စိုက်ပျိုးရေးနှင့် လယ်ယာလုပ်ငန်းကို ကောင်းစွာ လုပ်ခွင့်ရကြသည်။ ထိုမှရသည့် အကျိုးအမြတ်များသည် ပျူစောထီးများအတွက် အထောက်အပံ့ လည်း ဖြစ်သည်။ သို့ရာတွင် စိုက်ပျိုးရောင်းချသည့် စပါး၊ ပဲ စသည်တို့သည် နိုင်ငံအတွင်း စားနပ် ရိက္ခာလည်းဖြစ်သောကြောင့် ပစ်မှတ်မှ လွှတ်ပေးလိုက်လေ့ ရှိသည်ဟု ရွှေဘိုမြို့နယ်ရှိ ဒေါင်းမာန်ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။
၎င်းကိုယ်တိုင်သည်လည်း ပျူစောထီးများ စိုးမိုးသည့် သီလုံးရွာခံတစ်ဦးဖြစ်ကာ ထိုရွာမှ ထွက်ပြေး တိမ်းရှောင်ရင်း တော်လှန်ရေး ဆက်လက်လုပ်နေခြင်း ဖြစ်သည်။ ယမန်နှစ်က ၎င်းတို့ တပ်စွဲခဲ့ပြီး ယခုနှစ်တွင် ပျူစောထီးများ တဖန် ထိန်းချုပ်ထားသည့် ထိုရွာကို ပြန်လည်သိမ်းပိုက်လိုသော်လည်း လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် မလုပ်နိုင်သေးဟု ဆိုသည်။
ရွှေဘိုမြို့နယ်သည် စိုက်ပျိုးရေး အဓိကထား လုပ်ကိုင်ကြသည့်သူ များပြားပြီး နိုင်ငံခြားထွက်သူ နည်းသဖြင့် စီးပွားရေးအခြေအနေ ပျက်ယွင်းသည့် ယခုကာလတွင် ဒေသခံပြည်သူများကို ဖိအားပေး အလှုုမခံလိုကြပေ။
ထို့အပြင် ဗိုလ်တဲကုန်းရွာအပါအဝင် ယင်းအနောက်ဘက်ရှိ ရွာနှစ်ဆယ်ခန့်မှာ လျှပ်စစ်မီး အဖြတ်ခံ ထားရသောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် အလုပ်လုပ်နိုင်ရန် စက်သုံးဆီဖိုး၊ ဖယောင်းတိုင်ဖိုး စရိတ်ကိုပါ အကုန်အကျခံပြီး ရပ်တည်ကြရသည်။
ထိုသို့ရပ်တည်မှု ခက်ခဲကြသော်လည်း အများစုမှာ စားနပ်ရိက္ခာနှင့် လက်နက်ထောက်ပံ့ပေးမည် ဟူသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ PDF တပ်ရင်းတပ်ဖွဲ့အဖြစ် ဝင်ရောက်ကြရန် သို့မဟုတ် ပြောင်းလဲကြရန် မစဥ်းစားကြချေ။ အချို့အဖွဲ့များမှာ စဥ်းစားသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့ မဆောင်ရွက်ကြသေးဘဲ အခြေအနေ စောင့်ကြည့်နေကြသည်။
မိမိဒေသတွင်း တိုက်ပွဲများကို အကောင်အထည် ဖော်ရာတွင် နယ်မြေအနေအထားနှင့် အခြေအနေ အရ လွတ်လပ်စွာ စဥ်းစားလုပ်ဆောင်လိုခြင်းနှင့် မိမိဒေသတွင်း စိုးမိုးမှုရကာ စိတ်ချရရန်ကိုသာ ဦးစားပေး လုပ်ဆောင်လိုကြခြင်း၊ ၎င်းတို့မရှိပါက ဒေသအတွင်း တော်လှန်ရေးအင်အားစုများဘက် မှ အားနည်းသွားနိုင်ခြင်း စသည်တို့ကြောင့်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ PDF ဖြစ်ပါက ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ကို တိုက်ရိုက် နာခံရပြီး တာဝန်ချသည့်နေရာသို့ ရွှေ့ပြောင်းတာဝန် ထမ်းဆောင်ရမည့် စည်းမျဥ်းများ ရှိသည်။
ကာကွယ်ရေးဝန်ကြီးဌာနအမိန့်ကို တိုက်ရိုက်နာခံရသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဒေသ အနေအထားကို ကျွမ်းကျင်ပိုင်နိုင်လျှင် ပြောစရာမရှိသော်လည်း မြေပြင်အခြေအနေကို သိနား လည်မှု အားနည်းပါက ချမှတ်သည့်အမိန့်နှင့် မြေပြင်မှ လိုအပ်ချက်တို့ အံဝင်မှုလွဲချော်နိုင်သည့် အန္တရာယ် ရှိသည်။ ထို့ကြောင့် MOD လက်အောက်ခံမဟုတ်သည့် ၎င်းတို့ အင်အားက ထိုဒေသများ အတွက် လိုအပ်သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်ခံထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်ရိုက်ခန့်ထားသည့် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်နှင့် တာဝန်ခံများရှိပြီး ၎င်းတို့မှာ ထိထိရောက်ရောက် အလုပ်မလုပ်ကြကြောင်းနှင့် အချိတ်အဆက်လည်း အားနည်းကြကြောင်း ရွှေဘိုမြို့နယ်ရှိ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်များက ဆိုကြသည်။
၎င်းတို့မြို့နယ်မှ ပကဖ ခေါင်းဆောင်သည် ခန့်ထားပြီးကတည်းက တစ်ခေါက်သာ လာတွေ့ခဲ့ပြီး ယင်းမှာလည်း လွန်ခဲ့သည့် ကိုးလဝန်းကျင်ခန့်က ဖြစ်ကြောင်း ဇေယျာသွေး ကျားရိုင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။
၎င်းတို့မြို့နယ်မှ ပကဖ ခေါင်းဆောင်သည် ခန့်ထားပြီးကတည်းက တစ်ခေါက်သာ လာတွေ့ခဲ့ပြီး ယင်းမှာလည်း လွန်ခဲ့သည့် ကိုးလဝန်းကျင်ခန့်က ဖြစ်ကြောင်း ဇေယျာသွေး ကျားရိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ကဆိုသည်။
စစ်ကိုင်းတိုင်းရှိ မြို့နယ်အသီးသီးတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ ခန့်ထားသော်လည်း အများစုမှာ ဒေသခံများ၏ လိုအပ်ချက်ကို ကောင်းစွာ မဖြည့်ဆည်းနိုင်သေးပေ။ ဒေသခံများသည် ၎င်းတို့ရွာတွင် အရက်မူးခြင်း၊ သောင်းကျန်းခြင်းစသည့် ပြဿနာ တစ်စုံတစ်ရာကြုံရပါက NUG ၏ ပအဖ အဖွဲ့ဝင်များထက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကိုသာ သွားရောက်တိုင်ကြားကြခြင်းက များသည်။
အချို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ အဖွဲ့ဝင်အချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လက် အောက်ခံ ပကဖနှင့် ပအဖ အဖွဲ့တို့တွင် ပါဝင်ထားကြသော်လည်း အဖွဲ့ဝင် အချင်းချင်း အချိတ် အဆက် အားနည်းသောကြောင့် အလုပ်ဖြစ်သည်ဟု မဆိုနိုင်သေးပေ။
ထို့ကြောင့် NUG ၏ ပကဖများသည် အလုပ်မလုပ်ကြဟု ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဆိုကြခြင်း ဖြစ်သည်။
NUG လက်အောက်ခံ ပကဖ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ထိထိရောက်ရောက် လုပ်ထားသည့်အရာ မရှိရုံသာမက လုပ်နိုင်သည့် အခြေအနေလည်း မရှိသေးကြောင်း ထောက်ပြကြသည်။ ထို့အပြင် NUG၏ ကိုယ်စားလှယ်အချို့ ရောက်လာစဥ်တွင်လည်း အထက်စီးမှ ပြောဆိုသည်ကို ကြုံရသောကြောင့် အံ့ဩပြီး စိတ်ပျက်ရကြောင်း ရွာနီးချုပ်စပ် ၂၂ ရွာခန့်ကို ထိန်းချုပ်ထားနိုင်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုသည်။
ထို့အပြင် ရွှေဘိုမြို့နယ်အတွင်းမှ NUG၏ PDF တပ်ရင်းထဲ ဝင်ထားသည့် ရင်းတပ်ဖွဲ့ဝင် အချို့သည် လက်နက် ပြန်အပ်ကာ အစုလိုက် ထွက်သွားကြခြင်းများလည်း ရှိကြသည်။
ပျူစောထီးရွာများနှင့် အနီးဆုံးတွင်ရှိသည့် ရွာတစ်ရွာမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ၎င်းတို့ရွာမှ လူငယ် ၂၁ ဦးအား PDF တပ်ရင်းအဖွဲ့ဝင် ဖြစ်စေခဲ့သော်လည်း မည်သည့်တိုက်ပွဲမှ မလုပ်ရသည့်အပြင် ရွာကာကွယ်ရေးကိုပင် ထိရောက်စွာ လုပ်နိုင်မည်ဟု မထင်သောကြောင့် အားလုံးကို ပြန်ထုတ်လိုက်ကြောင်း ဆိုသည်။
၎င်းတို့ရွာသည် ပျူစောထီးရွာများနှင့် အနီးကပ်ဆုံးဖြစ်ရာ အဖွဲ့ဝင်များမှာလည်း ရွာကို ကာကွယ်ရန် လိုအပ်ချက်ကို ဦးစားပေးကြသည်။ ၎င်း၏အဖွဲ့ဝင်များသည် စစ်ကောင်စီနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ကြရသောကြောင့် အတွေ့အကြုံအားဖြင့် ပြည့်ဝကြသည်ဟု ဆိုသည်။
၎င်းတို့သည် မိုင်းအဓိထား တိုက်ခိုက်သည့် ပြောက်ကျားစနစ်ကိုသာ အသုံးပြုနိုင်သေးသည်။ NUG က မရှိမဖြစ်ဟု တောင်းဆိုသည့် စစ်သင်တန်းကို မရှိမဖြစ်ဟု သူတို့ မယုံကြည်ပေ။
ထိုအဖွဲ့၏ ၆၀ ရာခိုင်နှုန်းခန့်သည် စစ်သင်တန်းမတက်ဘဲ စစ်ကောင်စီကို တောက်လျှောက် ရင်ဆိုင် လာခဲ့ကြခြင်းကြောင့်လည်းဖြစ်သည်။ မကြာခဏ လက်နက်တောင်းခဲ့သော်လည်း မရသောကြောင့် NUG ၏ အကူအညီအား မမျှော်လင့်တော့ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့ရွာတွင် ပြေးနိုင်လွှားနိုင်ရန် လွယ်ကူသည့် လူငယ်များသာ ကျန်ရစ်ကြပြီး ကျန်သူများမှ စစ်ရှောင်အရပ်တွင်သာ နေကြရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ NUG၏ PDF တပ်ရင်းတစ်ခုမှ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးကမူ ဒေသခံကာကွယ်ရေးအဖွဲ့များ ရှိနေခြင်းကြောင့်သာ MOD လက်အောက်ခံ တပ်ရင်းများမှာ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ချသည့်နေရာသို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်ခြင်း ကြောင့် ထိုအဖွဲ့များ၏ ပါဝင်မှုကို မရှိမဖြစ် လိုအပ်ကြောင်း ပြောသည်။