Editorial
တပ်ပိုင်ပြုခံရခြင်းမှ လွတ်ရာလမ်း
လွန်ခဲ့သော ၃ နှစ် က
မြန်မာ့အရေးပြဿနာများတွင် အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ရပ်သည် မြေယာပိုင်ဆိုင်မှု ပြဿနာ ဖြစ်၏။
တိုင်းရင်းသားရေးရာကိစ္စ၊ စီမံကိန်းကြီးများကိစ္စ၊ စီးပွားရေးရာကိစ္စနှင့် ဓလေ့ထုံးစံကိစ္စတို့ဖြင့် ရောယှက်ဆက်နွယ်နေသော ကိစ္စလည်းဖြစ်သည်။ ထိုသို့ ရှုတ်ထွေးနေသော ကိစ္စများထဲတွင် "တပ်ပိုင်မြေ" ကိစ္စလည်း ပါဝင်သည်။
"တပ်ပိုင်မြေ မကျူးကျော်ရ"ဆိုသော သတိပေးချက် ဆိုင်းဘုတ်များကို မြန်မာနိုင်ငံဒေသ အသီးသီး တွင် မြင်တွေ့ရနိုင်သည်။ ထို့အတူ အကြောင်းပြချက် အမျိုးမျိုးဖြင့် မြန်မာစစ်တပ်က သိမ်းယူခဲ့ သော မြေယာများမနည်းလှပါ။
ကိုယ်ကျိုးစီးပွားအတွက် အာဏာသုံး၍ သိမ်းခဲ့ခြင်း၊ နစ်နာသူများ ထိုက်သင့်သော လျော်ကြေး မရရှိ ခြင်းနှင့် အဂတိလိုက်စားခြင်း စသည့် မရိုးဖြောင့်သော ကိစ္စအထွေထွေဖြင့် တပ်ပိုင်မြေကိစ္စသည် မြန်မာ့မြေယာပြဿနာတွင် ရှုတ်ထွေးစွာ ပါဝင်နေသည်။ ယင်းပြဿနာသည် စစ်အာဏာရှင် လက်ထက် နှစ်ပေါင်းများစွာကပင် ရှိနေခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲကာလ၊ ၂၀၁၀ - ၂၀၂၀ ခုနှစ်၊ ၁၀ နှစ်တာအတွင်း မြေယာပြဿနာများအား ကိုင်တွယ်ဖြေရှင်းရာ၌ တပ်ပိုင်မြေကိစ္စများလည်း ပါဝင်ခဲ့သည်။ မြန်မာစစ်တပ်မှ ပြန်လည်စွန့်လွှတ် သည့် မြေများလည်း ရှိခဲ့ပြီး အငြင်းပွားဖွယ်ကိစ္စများလည်း ရှိခဲ့သည်။
ထိုကာလများတွင် မြေယာမူဝါဒများဆွေးနွေးခြင်း၊ ဥပဒေပြုခြင်း၊ လွှတ်တော်နှင့် အရပ်ဘက် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့် ယင်းကိစ္စများကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ခွင့်သာခဲ့သည်။ အာဏာဖိအားသုံးခြင်းကိစ္စများ နည်းပါးခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းမှုအပြီးတွင် အိမ်ခြံမြေများ ဖယ်ရှားခြင်းကို စစ်ကောင်စီက အချိန်မဆိုင်းဘဲ လုပ်ဆောင်ခဲ့သည်။ မန္တလေးမြို့က လမ်းနှင့် ရပ်ကွက်အချို့ရှိ အိမ်များကို ဖယ်ရှားခဲ့သည်။ မီးရထား စက်ရုံရှိသည့် မြစ်ငယ်မြို့မှ အိမ်အချို့ကိုလည်း ဖယ်ရှား ခဲ့သည်။
ထို့အပြင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ၊ ပျဉ်းမပင်၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် အစရှိနေရာ များမှ အိမ်ခြံမြေများကိုလည်း ဖိအားပေး ဖျက်ခိုင်းခဲ့သည်။ ညတွင်းချင်း ပြောင်းရွှေ့ပေးရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ရွေးကောက်ပွဲ မဲမသမာ၍ အာဏာထိန်းရပါသည်ဆိုသော စစ်ကောင်စီသည် မြေယာနှင့် အိမ်ခြံမြေ သိမ်းယူခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည်။ ကျူးကျော်ရပ်ကွက်များကို ဖယ်ရှား သည့်အပေါ် "စစ်အစိုးရဖြစ်၍ ယင်းသို့ ဖယ်ရှားနိုင်ခြင်းဖြစ်ကြောင်း" စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောခဲ့ဖူးသည်။
အာဏာကို အလွန်အကျွံသုံးကြောင်း၊ မိမိတို့အား ဆန့်ကျင်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်တတ် ကြောင်းနှင့် တရားဥပဒေသည် အာဏာရှင် နှုတ်ခမ်းဝတွင်သာ တည်ကြောင်း ထင်ရှားသည်။
နေအိမ်များကို မီးရှို့ခြင်း၊ အတင်းအဓမ္မဖယ်ရှားခြင်းနှင့် သိမ်းယူခြင်းများကို အချိန်တိုကာလအတွင်း ပြုလုပ်နေသည်။ အများပြည်သူကို ဖိနှိပ်သည်။ လူ့အခွင့်အရေးကို ချိုးဖောက်သည်။ ယင်းသည် စစ်တပ်နှင့် စစ်တပ်အသိုင်းအဝန်း ဩဇာအာဏာကြီးထွား၍ ၎င်းတို့ အကျိုးစီးပွား ထွန်းကားရေးကို သာ ဆောင်ရွက်ကြောင်း ထင်ရှားသည်။
"တပ်ပိုင်မြေ မကျူးကျော်ရ"ဆိုသော ဆိုင်းဘုတ်ကြီးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ထူ ၍ တစ်နိုင်ငံလုံးအား တပ်ပိုင်မြေပြုနေချင်နေသူမှာ မြန်မာစစ်တပ်သာ ဖြစ်သည်။ စစ်အာဏာရှင် စနစ် တည်မြဲနေသ၍ စစ်ကျွန် စနစ်အောက်တွင် ထိုသို့စစ်ကျွန်ပြုခြင်း ခံနေရမည်သာဖြစ်သည်။
စစ်အာဏာရှင်လက်အောက် ပြည်သူ့ပိုင်ဆိုင်မှုအားလုံးသည် တပ်ပိုင်မြေနှင့် တပ်ပိုင်ပြုခြင်း အချိန်မရွေးခံရနိုင်သည် ဆိုခြင်းအား မမေ့ရန်နှင့် ထိုမှလွတ်မြောက်ရာသည် စစ်အာဏာရှင် အမြစ်ပြတ်ခြင်းသာ ညွှန်းဆိုရာလမ်းကြောင်းဖြစ်ကြောင်း သတိချပ်သင့်လှပေသည်။
မြေသိမ်း
Top News
ကရင်နီမှာ ကျဆုံးခဲ့သည့် Free Burma Rangers တပ်ဖွဲ့ဝင် ၈ ဦး ရှိပြီ
လွန်ခဲ့သော ၄ ရက် က
နိုင်ငံရပ်ခြားမှ အမျိုးသမီးများထံ ကူညီရန် USAID ဝယ်ယူခဲ့သည့် သန္ဓေတားဆေးဝါးနှင့်ကိရိယာများ ထရန့်အစိုးရ ဖျက်စီးမည်
လွန်ခဲ့သော ၅ ရက် က
ဆက်ကြေးပေးမလား စစ်ထဲသွားမလား
လွန်ခဲ့သော ၇ ရက် က
Articles
Share With