bap-logo
Urban Life

ဣထိယ ဈေးဘား

eOj-wcnU9rsrs3kaS2DFo-image

လွန်ခဲ့သော ၃ နာရီ က

BAP၊ စက်တင်ဘာ ၁၉။

 

မြန်မာ့နွေဦးတော်လှန်ရေးစတင်ချိန်က ဆန္ဒပြလို့၊ တော်လှန်ရေးသီချင်းရေးလို့ဆိုပြီး တိုက်ပိတ် ဖမ်းဆီး ထောင်ချ ခံခဲ့ရတဲ့ မဇူးဇူးမေယွန်းဟာ ထောင်ထဲမှာ သူကြုံတွေ့ခဲ့ရတဲ့ အခြေနေတွေကြောင့် သူ လွတ်မြောက် လာခဲ့ရင် အဖွဲ့တစ်ဖွဲ့ထူထောင်မယ်ဆိုတဲ့ စိတ်ကူးရှိခဲ့တာပါ။

 

အကျဥ်းကျခံခဲ့ရချိန် မိသားစုတွေ ထောင်ဝင်စာလာမပို့နိုင်လို့ ဒုက္ခတွေ ခါးစည်းခံနေရတဲ့ အကျဥ်းသူ အမျိုးသမီး တွေကို သူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလို့ပါပဲ။

 

အကျဥ်းထောင်ကနေကျွေးတဲ့ ပဲဟင်းဟာ ရေလိုကျဲတောက်နေတာ၊ အနံ့ဆိုးဆိုး နံစော်နေတဲ့ မကောင်းတော့တဲ့ ငပိကို စားရတာ၊ ဟင်းရည်ထဲမှာ ယင်ကောင်၊ တီကောင်၊ မျှော့ စတဲ့အကောင်တွေပါတာတွေအပြင် အသားတွေ ဆိုရင်လည်း သွေးစိမ်းစိမ်း မြင်နေရတဲ့ အခြေနေတွေနဲ့ ကြုံနေရတာကို သူမြင်ခဲ့ရတာပါ။

 

ဒီလိုအခြေအနေနဲ့ ကြုံနေရပေမယ့် ထောင်ဝင်စာမပို့နိုင်တဲ့ အကျဥ်းသူတွေဟာ ကြိတ်မှိတ်စားသောက်နေရရင်း အပြင်ကနေကူပေးနေတဲ့သူတွေကို မျှော်လင့်နေကြတာလို့ မဇူးဇူးမေယွန်းက ကိုယ်တိုင်ကြုံခဲ့ရတဲ့ အခြေအနေ ကို ပြောပါတယ်။

 

အကျဥ်းထောင်ကနေကျွေးတဲ့ ပဲဟင်းဟာ ရေလိုကျဲတောက်နေတာ၊ အနံ့ဆိုးဆိုး နံစော်နေတဲ့ မကောင်းတော့တဲ့ ငပိကို စားရတာ၊ ဟင်းရည်ထဲမှာ ယင်ကောင်၊ တီကောင်၊ မျှော့ စတဲ့အကောင်တွေပါတာတွေအပြင် အသားတွေ ဆိုရင်လည်း သွေးစိမ်းစိမ်း မြင်နေရတဲ့ အခြေနေတွေနဲ့ ကြုံနေရတာကို သူမြင်ခဲ့ရတာပါ

 

 

"ငါတို့ကိုယ်တိုင်လည်း အထဲမှာ ကမ်းလှမ်းတဲ့လက်တွေ မျှော်လင့်နေကြတာ၊ ဒါကြောင့် ငါတို့ လွတ်လာတဲ့အခါ တတ်နိုင်သမျှ ထောက်ပံ့မယ်ဆိုပြီး လွတ်လာတဲ့လူငယ်တွေက ဝိုင်းပြီး အဖွဲ့ကို ဖွဲ့လိုက်တာ"လို့ သူက ပြောပါတယ်။

 

မဇူးဇူးဟာ ထောင်ကနေလွတ်ရက်နီးနေချိန်မှာပဲ ၂၀၂၃ ခုနှစ် မေလမှာ လွတ်ငြိမ်းနဲ့ လွတ်လာခဲ့ပါတယ်။ အဲဒီနောက် သူနဲ့ရင်ဘတ်ချင်းတူတဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း ၂၀ နီးပါးနဲ့  ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ အကူအညီပေးရေးအဖွဲ့တစ်ခုဖွဲ့ဖို့ စတင်စိတ်ကူးခဲ့ပါတယ်

 

အဲဒီနောက် "နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကို ဖွဲ့စည်းလိုက်ပါတယ်။

 

WOPP အဖွဲ့ဟာ လက်ရှိ အကျဉ်းထောင်တွေထဲက နိုင်ကျဉ်းသူတွေအတွက် ဆေးဝါး၊ အစား အသောက်အတွက် ဦးစားပေးထောက်ပံ့မှုတွေ လုပ်နေတာပါ။

 

လက်ရှိအချိန်မှာ ဒီအဖွဲ့ဟာ ထောင်တွင်းအကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအမျိုးသမီး အကျဥ်းသူတွေကို ထောင်ဝင်စာပို့ပေးတာအပြင် နိုင်ကျဉ်းသူတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ရပ်တည်လာနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်း ထားတယ်လို့ ဆိုပါတယ်။

 

မြန်မာမှာ ထောင်ဝင်စာပို့ပေးနေတဲ့ အဖွဲ့အစည်း အများအပြားရှိနေပေမယ့် အမျိုးသမီးအကျဥ်းသူတွေအတွက် သီးသန့် ကူညီနေတာ မဇူးဇူးတို့အဖွဲ့က ပထမဆုံးပါ။

 

"အချို့တွေဆို ထောင်ထဲရောက်နေတာ မိဘတွေတောင်မသိဘူး၊ စစ်ကောင်စီက ဖမ်းဆီးတဲ့အချိန် လမ်းတွေမှာ ဖမ်းဆီးခံရတာတွေရှိတယ်၊ တချို့နယ်တွေကနေ ရန်ကုန် အလုပ်လာလုပ်ရင်း ကျွန်မခံနိုင်လို့ ဆန္ဒပြရင်း ဖမ်းခံရတယ်၊ ပါဆယ် လာပို့သူ တစ်ဦးဟာကို ရှစ်ယောက်လောက် မျှစားနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်" လို့ မဇူးဇူးမေယွန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေနေကို ပြန်ပြောပြပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူပေါင်း ၅,၅၀၀ ဦးကျော် ကျန်ရှိနေပါတယ်။

 

သူတို့အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အထိုင်ချပြီး ပြည်တွင်းကနေ နယ်မြေအလိုက် ကူပေးနေတဲ့ သူတွေနဲ့ တိုင်ပင်ကာ ယခုနှစ် ဧပြီလမှာ စတင် အကောင်ထည် ဖော်ခဲ့ပါတယ်။

 

"ဒီအလုပ်ကို စလုပ်ဖို့ လွတ်မြောက်ရာနေရာကို လာကြတယ်၊ ကိုယ်ရေးကိုယ်တာရတဲ့ အလုပ်ဝင်ငွေနဲ့ပဲ အထဲကို ကူခဲ့တယ်၊ အများကလိုအပ်တဲ့အခါ အများနဲ့သွားရင်တော့ပိုပြီး အလုပ်ဖြစ်စေမယ်ဆိုပြီး အဖွဲ့ကိုဖွဲ့လိုက် တာ"လို့ မဇူဇူးမေယွန်းက ပြောပါတယ်။

 

ယခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံနေရာအနှံအပြားက အကျဉ်းထောင် ၉ ခုမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူ ၄၅ ဦး အတွက် ဈေးဘားတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ ပြောပါတယ်။

 

စျေးဘားဆိုတာ အကျဥ်းသူ/အကျဥ်းသားတွေ ထောင်ထဲမှာ စျေးဝယ်လို့ ရအောင် ပြုလုပ်ထားတဲ့စနစ် ဖြစ်ပါတယ်။

 

စျေးဘားငွေသွင်းပြီး တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်အကြာမှာ စျေးဘားသွင်းပေးသူ အကျဥ်းသားတွေဆီ သူတို့ လိုအပ်တဲ့ပစ္စည်းရေ အကန့်အသတ်နဲ့ ထောင်ဝန်ထမ်း တွေကနေတဆင့် ပြန်ဝယ်ရတာ ဖြစ်ပါတယ်။

 

အကျဥ်းထောင်ဗူးဝ ပါဆယ်ဌာနမှာ စျေးဘားဌာနရှိပြီး အဲနေရာမှာ အကျဥ်းသားနာမည်နဲ့ ကျတဲ့အဆောင်ကို ပြောပြီး အကျဥ်းဦးစီး ဝန်ထမ်းတွေကနေတဆင့် သွင်းရတာပါ။

 

၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း စျေးဘားထောက်ပံ့ပေးမှုအနေနဲ့ အင်းစိန်၊ ဒိုက်ဦး၊ အိုးဘို၊ သာယာဝတီ၊ မြင်းခြံ၊ သရက်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ဟင်္သာတ စတဲ့ အကျဉ်းထောင် ကိုးခုမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူတွေထဲက မိသားစုက ထောင်ဝင်စာ ပါဆယ် မပို့နိုင်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီပို့ဆောင်ပေး ခဲ့တယ်လို့ဆိုပါတယ်။

 

စျေးဘားဆိုတာ အကျဥ်းသူ/အကျဥ်းသားတွေ ထောင်ထဲမှာ စျေးဝယ်လို့ ရအောင် ပြုလုပ်ထားတဲ့စနစ် ဖြစ်ပါတယ်

 

ဒီလိုကူညီဖို့အတွက် မိသားစုက ထောင်ဝင်စာပို့ဖို့ ခဲယဥ်းနေသူ၊ ကျန်းမာရေး ထိခိုက်နေတဲ့ အကျဥ်းသူတွေကို ဦးစားပေးပြီး လစဥ်ထောက်ပံ့နေတာပါ။

 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေ၊ မိခင်နဲ့ ကလေးငယ်တွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးနိုင်ဖို့အတွက် အဖွဲ့ဝင် အသစ်တွေကို ဖိတ်ခေါ်ထားပါတယ်။

 

ဒီလိုထောက်ပံ့ဖို့အတွက် ပြည်တွင်းကနေ အခမဲ့ကူညီပေးနေတဲ့ အဖွဲ့ဝင်တွေကတဆင့် မိသားစုနဲ့ ချိတ်ဆက် အကူညီပေးနေတာလို့ ဆိုပါတယ်။

 

ဒီအဖွဲ့မှာ ဦးဆောင်ပါဝင်နေသူရော၊ ပြည်တွင်းထဲကနေ ထောင်ဝင်စာပို့ပေးနေတဲ့ ကိုယ်စားလှယ်တွေဟာလည်း နိုင်းငံရေးအကျဥ်းသူဟောင်းတွေပါ။

 

ပြည်တွင်းမြေပြင်တွေမှာ ကူညီပေးနေတဲ့သူတွေဟာ   အကျဉ်းကျစဉ်က အထဲမှာ အခက်အခဲပေါင်းများစွာ ကြုံခဲ့ရဖူးသူတွေဖြစ်ပါတယ်။

 

ထောင်ထဲနေစဥ်အချိန်က လူ့အခွင့်ရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ အကျဥ်းကျသူတွေရဲ့ ကျန်းမာရေးကို အလေးအနက်မထား၊ အသက်ကို တန်ဖိုးမထားဘဲ ဆေးဝါး မလုံလောက်တာတွေကြောင့် ဘဝတူနိုင်ကျဥ်းတွေကို ကူညီဖို့ ဆုံးဖြတ်ထားကြတာလို့ အဖွဲ့ဝင်တွေက ပြောပါတယ်။

 

ပြည်တွင်းကနေ မြေပြင်ထောက်ပံ့ကူညီနေရတဲ့သူတို့ဟာ စစ်ကောင်စီအဖွဲ့တွေ မသိအောင် အန္တရာယ်ကြားကနေ ကူညီနေကြတာပါ။

 

စစ်ကောင်စီအဖွဲ့တွေဟာ ထောင်ကနေလွတ်မြောက်လာတဲ့ ပြည်တွင်းမှာနေထိုင်နေတဲ့ နိုင်ကျဥ်းသူတွေရဲ့ အခြေနေတွေကို စောင့်ကြည့်တာ၊ နိုင်ငံရေးဆက်လုပ်နေတာ၊ ထောက်ပို့လုပ်နေတာ စတဲ့စွပ်စွဲချက်တွေနဲ့ ထပ်မံဖမ်းဆီးခံနေရတာလည်း ရှိနေပါတယ်။

 

"အခက်အခဲကတော့ ပြည်တွင်းက အဖွဲ့မှာ ပါဝင်တဲ့သူတွေရဲ့ လုံခြုံရေးပါပဲ၊ ဒါ့အပြင် အထဲနဲ့ ဆက်သွယ်ရတဲ့အခါ တားမြစ်ထားတာတွေ ပိတ်ပင်ထားတာ၊ အဆင့်ဆင့် ဆက်သွယ်ရတာတွေကြောင့် ချက်ချင်းမရောက်တဲ့ အခက်အခဲလေးတွေတော့ ရှိပေမယ့် ဒီအလုပ်ကို ဆက်လက်ကူညီမယ်"လို့ ပြည်တွင်းကနေ ထောင်ဝင်စာ ကူပေးနေတဲ့ ကိုယ်စားလှယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ပြည်တွင်းမြေပြင်အဖွဲ့ဝင်တွေဟာ သူတို့ကို အကူညီတောင်းလာတဲ့မိသားစုတွေကို WOPP အဖွဲ့ထံ အကျဉ်းသူတွေ ရဲ့ အချက်အလက်တွေ ပေးပို့ရတာ၊ ဆေးဝါး ထောက်ပံ့တာမျိုး ဈေးဘားငွေ ပို့ပေးတာမျိုး‌တွေ လုပ်ကြရပါတယ်။

 

ဒါ့အပြင် မိဘတွေက အကျဉ်းကျနေတာကြောင့် အိမ်မှာ ကျန်ခဲ့တဲ့ ကလေးငယ်တွေရဲ့ ပညာရေးကိုပါ ကူညီရတာတွေ ထပ်ရှိနေတယ်လို့ဆိုပါတယ်။

 

သူတို့အဖွဲ့ဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ အလှူငွေတွေ၊ အဖွဲ့ဝင်တွေရဲ့ မန်ဘာကြေးတွေနဲ့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဥ်းသူတွေကို လစဥ်ထောက်ပံ့ဖို့ ကြိုးစားနေရတာပါ။

 

လက်ရှိမှာလည်း WOPP ကို ထောင်ဝင်စာမပို့နိုင်လို့ အကူညီတောင်းနေကြတဲ့ သူတွေ အများအပြား ရှိနေလို့ ရတဲ့ အလှူငွေနဲ့ ပြန်ကူရတဲ့ အခြေနေက မမျှဘူး ဖြစ်နေတယ်လို့ အဖွဲ့မှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ နိုင်ကျဥ်းသူ သတင်းသမား တစ်ဦးဖြစ်တဲ့ မသူဇာက ပြောပါတယ်။

 

"အရေအတွက်မမျှလို့ အလှည့်ကျထောက်ပံဖို့ ကြိုးစားနေရတယ်၊ အကူအညီ တောင်းထားတဲ့ စာရင်းအတိုင်း မထောက်ပံ့နိုင်သေးဘူး၊ ပါဆယ်လာပို့ဖို့ အရမ်းခက်နေတယ်၊ ကျန်းမာရေးထိခိုက်နေတယ်ဆိုရင်တော့ ဦးစားပေးတယ်၊ လစဥ် ထောက်ပံ့ပေးတယ်" လို့ သူကပြောပါတယ်။

 

မသူဇာဟာ သတင်းထောက်လုပ်ငန်းလုပ်ကိုင်ရင်း ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်မှာ အကျဥ်းကျခဲ့သူတစ်ဦးပါ။

 

"နှစ်ကြီးနိုင်ကျဥ်းအမျိုးသမီးတွေက မိသားစုပို့ဖို့ကြာလာလေလေ ခက်ခဲလာလေလေပဲ၊ နှစ်ကြာလာတဲ့အမျှ မိသားစုကလည်း အရမ်းကြပ်တည်းလာလေပဲ၊ ထောင်နှစ်နေရာ၊ သုံးနေရာပြောင်းလာတော့ မိသားစုက မလိုက်နိုင်တော့ဘူး" လို့ မသူဇာက ပြောပါတယ်။

 

မိသားစုက ထောင်ဝင်စာလာမပို့နိုင်လို့ ထောင်ထဲမှာ နှစ်ရှည်နေရတဲ့ အကျဥ်းသူတွေဟာ အခြားငွေကြေး တတ်နိုင်တဲ့သူတွေရဲ့ အဝတ်အစား လျှော်ပေးရတာ၊ စားပြီးသားပန်းကန် ဆေးပေးတာ၊ ထောင်ကပေးတဲ့ ထမင်းနဲ့ရေနွေးတွေကို တန်းစီယူပေးရတာတွေ လုပ်နေရတယ်လို့ ထောင်ကနေလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသူတွေက ပြောပါတယ်။

 

ကော်ဖီတစ်ထုပ်ဆိုရင် အဝတ် ဘယ်နှထည် လျှော်ပေးရတာ၊ ဟင်းဘူးဆိုရင် အဝတ်အစား လျှော်တာအပြင် ထမင်းစားခွက်ဆေးပေးတာမျိုးတွေ ဘယ်နှကြိမ် လုပ်ပေးရမယ်ဆိုတဲ့ အပေးအယူလုပ်နေတာတွေရှိတယ်လို့ အင်းစိန်ထောင်နဲ့ သာယာဝတီထောင်တွေမှာ ထောင်ကျခံခဲ့ရတဲ့ နိုင်ကျဥ်းသူတဦးက ပြောပါတယ်။

 

"ဒီလိုလုပ်ပေးနေသူတွေထဲမှာ နိုင်ကျဥ်းတွေ ပါပါတယ်၊ မိဘတွေက နယ်ဖက်ကဆိုတော့ လာမပို့နိုင်ကြဘူး၊ နိုင်ငံရေးလုပ်လို့ဆိုပြီး အချို့မိဘတွေက ငွေကြေး တတ်နိုင်တဲ့သူတွေ ဖြစ်နေလည်း ထောင်ဝင်စာမပို့ကြဘူး၊ နိုင်ကျဥ်းအချင်းချင်း ကူညီပေးကြတာ များပါတယ်၊ အကုန်လုံးတော့ မကူညီပေးနိုင်ဘူးလေ၊ ကူညီပေးတဲ့ အဖွဲ့တွေရှိပေမယ့် ထိထိရောက်ရောက် ရှိစေချင်တယ်၊ ခုအမျိုးသမီး နိုင်ကျဥ်းသီးသန့် ကူညီပေးတဲ့အဖွဲ့ ရှိလာတာ ကြိုဆိုတယ်"လို့ သူကပြောပါတယ်။

 

ထောင်တွင်းကျန်နေတဲ့ နိုင်ငံရေးအကျဥ်းသူတွေထဲမှာ စစ်တပ်က ဖမ်းဆီးချိန်ကတည်းက ကိုယ်ဝန်နဲ့ ဖမ်းခံရသူ၊ နို့စို့အရွယ် ကလေးမိခင်ပါသွားတာတွေ ရှိနေပါတယ်။

 

ဒီလိုကလေးမိခင်တွေ အသက်ရှင်ရက် သန်သန်မာမာ ထွက်လာနိုင်ရေးအတွက် WOPP က မျှော်လင့်ထားတာ ကြောင့် ဦးစားပေးအနေနဲ့ ထောင်ဝင်စာပို့ပေးနေတာလို့ ပြောပါတယ်။

 

ဒီလိုထောက်ပံ့နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)က ထုတ်ကုန်တွေ ထုတ်ပြီး ရောင်းနေရတယ်လို့ဆိုပါတယ်။

 

ထောင်တွင်းကို အမှတ်ရစေမယ့် ငပိကြော်၊ ငါးနီတူကြော်လေးတွေ ထုပ်ပိုး ရောင်းချတာတွေ လုပ်နေပြီး နောက်ပိုင်းမှာ ထောင်တွင်းထဲက ပြုလုပ်ထားတဲ့ ဟမ်းမိတ် ပစ္စည်းလေးတွေပါ ထုတ်ဖို့ရည်မှန်းထားတယ်လို့ မဇူးဇူးက ပြောပါတယ်။

 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)အနေနဲ့ကတော့ ထောင်အတွင်းမှာ ကျန်နေသူ အားလုံး တစ်ယောက်မကျန် လွတ်မြောက်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

 

ငါတို့ရဲ့ နိုင်ငံရေးအကျဥ်းသူအားလုံးကို ရအောင်ကယ်ထုတ်ရမယ်၊ ငါတို့ကိုယ်တိုင်လည်း အထဲမှာနေခဲ့ရတာ၊ ဒီစိတ်နဲ့ပဲ လုပ်ဆောင်နေတာ"လို့ မဇူးဇူးကပြောပါတယ်။

 

ပုံစာ- အင်းစိန်ထောင်ရှေ့  ၂၀၂၄ ခုနှစ်၊ ဧပြီလ လွတ်ငြိမ်းမြင်ကွင်းတစ်ခု

 

Burma Associated Press

အမျိုးသမီးများ
နိုင်ငံရေးအကျဉ်းသား
အာဏာသိမ်း
အင်းစိန်ထောင်

Share With
bap-logo