bap-logo
Urban Life

ပြည်တွင်း နှင့် ရွှေ့ပြောင်း ဘာကွာလဲ

e56vest_Ct7eXWIe3x2_p-image

လွန်ခဲ့သော ၉ လ က

BAP

 

အာဏာသိမ်းမှု သုံးနှစ်ပြည့်ပြီးသည့်နောက် မြို့ပြများတွင် လူထုကြပ်တည်းမှုနှင့် အခက်အခဲမျိုးစုံတို့ဖြင့် ရှင်သန်နေကြရသည်ဖြစ်ရာ နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်မှုမှာလည်း တဟုန်ထိုး မြင့်တက်လျက်ရှိသည်။

 

ပြည်တွင်းတွင် အလုပ်လုပ်ကိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်သည်ဖြစ်စေ မြန်မာပြည် သူများသည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဒဏ်ကို ပုံစံအမျိုးမျိုးဖြင့်ခံကြရသည်ချည်းပင်။

 

ယင်းတို့တွင် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံအလုပ်သမားများနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်နေသည့်အထည်ချုပ်စက်ရုံအလုပ်သမားများ၏ အာဏာသိမ်းမှုနောက်ဆက်တွဲ ဒဏ်ကို ခံကြရသည့်အခြေအနေများသည် ပြည်တွင်းစက်ရုံအလုပ်သမားများ မည်မျှအလုပ်သမား အခွင့်အရေးချိုးဖောက်ခံနေရလျက်ရှိသည်ကို ထင်ရှားစေသည်။ 

 

အသက် ၂၄ နှစ်အရွယ် အလုပ်ကြိုးစားတဲ့မြင့်ဥ္ဇူတစ်ယောက် တစ်ပတ်တွင် သုံးရက်ခန့် စက်ရုံတွင် ညအိပ်ကာ အချိန်ပိုဆင်းနေရခြင်းအပေါ်  ကျေနပ်ခြင်းမရှိပေ။ သို့သော် ရန်ကုန်မြို့ အထည်ချုပ်စက်ရုံမှာ အလုပ်သမားများအတွက် အချိန်ပိုအလုပ်ကိုပင်ငြင်းဆန်နိုင်သည့် အခွင့်အရေးမျိုးမရှိတော့ပါ။

 

ဖေဖော်ဝါရီ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စက်ရုံအလုပ်သမားများ၏အခြေအနေသည် ပိုမိုခက်ခဲဆိုးဝါးလာပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကိုပင် ဥပဒေအရ တရားဝင်ဖြေရှင်းနိုင်သည့်နည်းလမ်းများ လျော့ပါးလာသည်။ ရွှေပြည်သာစက်မှုဇုန်ရှိ အလုပ်သမားများသည် အလုပ်ရှင်မှအချိန်ပိုဆင်းရန်တောင်းဆိုလျှင် မဖြစ်မနေဆင်းပေးကြရပြီး အာဏာမသိမ်းမီအရပ်သားအစိုးရခေတ်ကကဲ့သို့ ငြင်းဆန်ခွင့်မရှိတော့ပေ။

 

 

ထိုသို့မဆင်းပေးပါက လုပ်ခဖြတ်တောက်ခြင်းနှင့် လုပ်ငန်းခွင်အတွင်း အငြိုးထားခြင်းများကို ကြုံကြရသည်။ ယခုအကြိမ် အချိန်ပိုကိုငြင်းပါက နောင်အချိန်ပိုအလုပ်များတွင်ပါ ငြိုး၍ မခေါ်တော့သဖြင့် ကုန်ဈေးနှုန်းတက်နေသည့်ယခုကာလတွင် မက်စရာဖြစ်နေသည့် အချိန်ပိုကြေး အတွက်  လက်လွတ်မခံဝံ့သဖြင့် ပင်ပန်းသော်လည်း အချိန်ပိုမလုပ်နိုင်ကြောင်းမငြင်းဆန်ရဲပေ။

 

အလုပ်သမားဌာနဘက်က လာစစ်ရင် အဲ့ရက်ပိုင်းပဲခဏရပ်သွားတယ်၊ ပြီးရင် ပြန်ခေါ်တာပဲဟု ဆိုနေသည့် မြင့်ဥ္ဇူအသံ သည်ဒေါသသံပါကာ အနည်းငယ်ကျယ်နေသည်။

 

 

စစ်ကောင်စီလက်အောက်တွင်အလုပ်သမားများအခွင့်အရေးဆုံးရှုံးနေခြင်း ချိုးဖောက်ခံရခြင်းများ ပိုမို များပြားလာလျက်ရှိပြီးထိရောက်စွာတားဆီးဟန့်တားမှုများ ယခုတိုင်မရှိသေးပေ။

 

အာဏာသိမ်းပြီးရက်အနည်းငယ်အကြာတွင် စစ်ကောင်စီသည် ယခင် ကိုဗစ် ၁၉ ကူးစက်မှုဟန့်တားရန် အတွက်အရပ်သားအစိုးရထုတ်ထားသည့် ညမထွက်ရအမိန့်ကိုပယ်ဖျက်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီချမှတ်သည့် ညမထွက်ရအမိန့်ကြေညာချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

 

နာရီမှနောက်တစ်နေ့မနက် နာရီအထိ ညမထွက်ရပေ။ ဖေဖော်ဝါရီအတွင်း အာဏာသိမ်းမှု ဆန့်ကျင်သည့်လူထုအုံကြွမှုကြီးနှင့်ကြုံခဲ့သည့်စစ်ကောင်စီသည် မတ်တွင်လူထုအုံကြွမှု  တက်ကြွ အားကောင်းသည့် ရွှေပြည်သာမြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာကာ ချုပ်ကိုင်ခဲ့သည်။

 

ထိုကာလများအတွင်း ရွှေပြည်သာမြို့နယ်တွင်စစ်တပ်သည် ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ပစ်ခက်ခြင်း၊ ဆိုင်ကယ်များ ဖမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း စသည်တို့အား ကျူးလွန်လာခဲ့သည်။

 

ထို့ကြောင့် စက်ရုံများတွင်အလုပ်ရှင်မှ ကာဖျူးချိန် နာရီထက်အချိန်ပိုခေါ်လျှင် အလုပ်သမားများ သည် စက်ရုံတွင်ပင်အိပ်၍အချိန်ပိုဆင်းကြသည်။

 

မြင့်ဥ္ဇူတို့စက်ရုံတွင် အချိန်ပိုသည် ပုံမှန်မရှိဘဲ စက်ရုံသို့အော်ဒါဝင်သည့်အပေါ်မူတည်၍ အချိန်ပို ဆင်းရသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ထွက်ခွာသွား ကြသော်လည်း ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမားများမှာ ယခင်ထက် ပိုများလာသည့် အချိန်ပိုများနှင့်နပန်းလုံးဆဲပင်။

 

မြင့်ဥ္ဇူတို့စက်ရုံတွင် တရားဝင် အလုပ်ချိန် နာရီပြီးနောက် ညနေ ၆ခွဲ/၇ခွဲ/၈ခွဲ အထိတစ်မျိုး၊ ၁၁ ခွဲအထိ တစ်မျိုး၊ နောက်တစ်ရက် မနက် နာရီအထိတစ်မျိုး အလုပ်ဆင်းရတတ်သည်။ ညမထွက်ရအမိန့် ဖြေလျော့သွားပြီးနောက် ၁၁ ခွဲအထိ အချိန်ပို နှင့် နောက်တစ်ရက် မနက် နာရီအထိ အချိန်ပိုဆင်းရသည့်ရက်များတွင် အလုပ်သမားများသည် စက်ရုံများတွင်သာ အိပ်ကြသည်။

 

သို့သော် အချိန်ပိုဆင်းရသောအလုပ်သမားများအတွက် စက်ရုံတွင် အိပ်စက်ရန်နေရာ၊ အနားယူရန် နေရာ၊ ရေချိုးရန်နေရာ ဟူ၍ စီစဥ်ထားခြင်းမရှိပေ။ အချိန်ပိုဆင်းသည့်ရက်များတွင် အထည်ချုပ်လိုင်းမှ မြင့်ဥ္ဇူတို့သည်၎င်းတို့အလုပ်လုပ်သည့် စက်ချုပ်ခုံများပေါ်တွင်အိပ်ရသည်။ အခြားဌာနမှ အလုပ်သမား များသည်လည်း ၎င်းတို့အလုပ်လုပ်သည့် ခုံများပေါ်တွင်သာ အိပ်ရန်နေရာရှိသည်။ အချို့မှာ ထိုခုံများတွင်ဆက်၍အိပ်ကြပြီး အချို့မှာ သံမံတလင်းပေါ်တွင်ပင် စက်ရုံရှိပိတ်စများ ချုပ်လက်စ အဝတ်များခင်းကာအိပ်ကြသည်။

 

စက်ရုံတွင် ပုံမှန်အလုပ်ချိန်ပြီးပါက အဲကွန်းပိတ်လိုက်သည့်အပြင် ပြတင်းပေါက်လည်းမရှိသောကြောင့် ပူအိုက်လှသည်။ ခြင်ပေါသော်လည်း မီးဘေးအန္တရာယ်ကြောင့်ခြင်တိုင်ဆေးမသုံးရ၊ အိပ်စက်ရန် နေရာသီးသန့်မရှိသဖြင့် အိပ်ယာနှင့်ခြင်ထောင် အသုံးပြုနိုင်သည့်အနေအထားလည်းမရှိပေ။ ထို့ကြောင့် ချုပ်လက်စအဝတ်များ ပိတ်စများကို ခြုံကာအိပ်ကြရသည်ဟု မြင့်ဥ္ဇူကဆိုသည်။ နောက်နေ့မနက်တွင် မနက် ခွဲ၌ အလုပ်ချိန်ပြန်စမည်ဖြစ်သဖြင့် အချိန်ပိုဆင်းသည့်အလုပ်သမားများသည် ထိုအတွက် အားမွေးထားရဦးပေမည်။

 

ထိုသို့အချိန်ပိုဆင်းရသောကြောင့် အလုပ်သမားများကျန်းမာရေးကို ထိခိုက်မှုများရှိလာသည်။ သို့သော် ထိုထိခိုက်မှုများကို စက်ရုံမှ တာဝန်မခံသကဲ့သို့ ဖြေရှင်းမှုတစ်စုံတစ်ရာလည်းမရှိသေးပေ။ မြင့်ဥ္ဇူသည် စနေနေ့ မနက်၇ခွဲမှ နောက်တစ်ရက်တနင်္ဂနွေ မနက် နာရီထိလုပ်ရသည့်အချိန်ပို၊ ညသန်းခေါင် ၁၁ ခွဲထိအချိန်ပို များမကြာခဏဆင်းရပြီးသည့်နောက် ခြေထောက်ကြွက်တက်သည့်ရောဂါကို စတင်ခံစားလာရသည်။

 

အခြားအထည်ချုပ်စက်ရုံတစ်ခုတွင်အလုပ်လုပ်သည့် မဝင်းဝင်း တနင်္ဂနွေနေ့တွင်ပင် အလုပ်ဆင်း ရသည့်အပတ်ရေများလာသောအခါ နေမကောင်းဖြစ်လာလေသည်။အခုလည်း အိုတီ(အချိန်ပို) ခေါ်နေတာ ညတိုင်း ၈နာရီ နာရီအထိဆင်းရတယ်၊ သမီးအခု Sunday မနားရတာအတော်ကြာပြီဟု ဝင်းဝင်းကဆိုသည်။ မဝင်းဝင်းသည် တနင်္ဂနွေတစ်ရက်တွင် နေမကောင်းသဖြင့် အချိန်ပိုဆင်းရန် ငြင်းလိုက်သည်။ ထိုလအတွက် ရရန်လစာ သုံးသိန်းခြောက်သောင်းတွင် ခြောက်သောင်း အထိဖြတ်ခံရသည်။ အချိန်ပိုမဆင်းရုံမျှဖြင့် လစာ၏ ၁၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးရသည်။ မဝင်းဝင်းကအခုအဲ့လောက်ဖြတ်တော့ ရက်မပျက်ရဲဘူးဆိုသည်။  

 

 

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) STUM ၂၀၂၃ ဇန်နဝါရီမှ ဒီဇင်ဘာအတွင်း ၎င်းတို့အား တိုင်ကြားသည့်အမှုများအပေါ်အခြေခံ၍ထုတ်ပြန်ထားသည့် နှစ်ကုန်အစီရင်ခံစာအရ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်သည် အလုပ်သမားများအပေါ်သက်ရောက်မှုအများဆုံး ပြဿနာတစ်ရပ်ဖြစ်။ ယင်းပြဿနာသည် ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် ပြဿနာများတွင်လည်း အလုပ်သမားများအပေါ်သက်ရောက်မှုအများဆုံးခေါင်းစဥ်ဖြစ်သည်။ ပြည်တွင်းနှင့်ပြည်ပ ရှိမြန်မာအခြေခံအလုပ်သမားနှစ်ရပ်လုံးတွင်၂၀၂၃ အတွင်း ရင်ဆိုင်ရသည့် လုပ်ငန်းခွင်ဆိုင်ရာပြဿနာများ၌ လုပ်ငန်းခွင်ကျန်းမာရေးနှင့်အန္တရာယ်ပြဿနာသည် အလုပ်သမားများ အပေါ်သက်ရောက်မှုအမြင့်ဆုံးဟု ထိုအစီရင်ခံစာတွင်ဖော်ပြထားသည်။ ၂၀၂၁       အာဏာ သိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာအမှတ်တံဆိပ် ထုတ်လုပ်သည့် လုပ်ငန်းအများအပြား မြန်မာနိုင်ငံမှထွက်ခွာသွားကြသည်။

 

အာဏာသိမ်းပြီးနောက် အကြမ်းဖျဥ်းအားဖြင့် ဒေါ်လာဈေးသုံးဆခန့်တက်သွားသဖြင့် အနိမ့်ဆုံး လုပ်ခလစာ ,၈၀၀ ကျပ်သည် တစ်ဒေါ်လာနှင့် ဆင့် ၇၀ ခန့်သာ တန်ဖိုးရှိသည်၊ ယခုကာလတွင် တစ်ဒေါ်လာ ,၅၀၀ ကျပ်ခန့်ပေါက်ဈေးရှိသည်။ အာဏာမသိမ်းမီက တစ်ဒေါ်လာကို မြန်မာငွေ ,၃၀၀ ကျပ်ခန့်သာ အနိမ့်ဆုံးလုပ်ခလစာ ၄,၈၀၀ ကျပ်သည် သုံးဒေါ်လာနှင့်ဆင့် ၇၀ ခန့် တန်ဖိုးရှိသည်။ ထို့ကြောင့် အာဏာသိမ်းပြီးနောက်တွင် ဒေါ်လာကိုင်သော ပြည်ပလုပ်ငန်းရှင်များအတွက် မြန်မာငွေဖြင့် လုပ်ခရှင်းရသော မြန်မာအလုပ်သမားများသည် ယခင်ထက်ပင် အလွန်တရာ ဈေးသက်သာ နေပါတော့သည်။

 

ထို့ကြောင့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုတင်ထွန်းက အာဏာသိမ်း ပြီးနောက် လျှပ်စစ်မီးမမှန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု အခက်အခဲများ ရှိသော်လည်း မြန်မာလုပ်သားများ၏လုပ်အားခသည် အာဆီယံတွင်ပင် ၎င်းတို့အတွက်အလွန် ဈေးပေါနေသည်ဟု ဆိုသည်။ 

 

မြင့်ဥ္ဇူ၏သူငယ်ချင်းအများအပြား လစာနှင့်အခွင့်အရေးနည်းပါးလာသည့်မြန်မာမှထွက်ကာ နိုင်ငံခြား တွင် အလုပ်လုပ်နေကြလျက်ရှိသည်။ မြင့်ဥ္ဇူကမူမသွားဘဲ ၎င်းအလုပ်လုပ်သည့်စက်ရုံတွင်သာ ကျန်နေခဲ့ဆဲပင်။သွားချင်တယ် အဖေကမလွှတ်လို့  ဟုပြည်ပတွင်ရွှေ့ပြောင်းအလုပ်လုပ်ကိုင်လိုသည့် စိတ်ကူးအကောင်အထည်မဖော်ဖြစ်ပုံကိုပြောပြသည်။

 

 

ရွှေ့ပြောင်းလုပ်သားများ

 

ရန်ကုန်မြို့မှာ ၅၄၆ မိုင်ကွာဝေးသည့် အသက်၂၄ နှစ်အရွယ် ခိုင်လေးသည် တန်းကျောင်းသူ ဘဝကတည်းက ထိုင်းသို့အလုပ်လုပ်ရန်တက်လာခဲ့သည်။ ကရင်ပြည်နယ် ဘားအံဇာတိသူ ခိုင်လေးတွင် ထိုအချိန်က တရားဝင် ဝင်ရောက်အလုပ်လုပ်ခဲ့ခြင်းမဟုတ်ပေ။ တရားမဝင်နေထိုင်ခဲ့ပြီး စက်ရုံအလုပ်အချိတ်အဆက်ရမှသာ မြန်မာနိုင်ငံပြန်ကာ ပတ်ပို့၊ ဗီဇာ စသည့်သည့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများကိုပြုလုပ်ပြီး မြန်မာအစိုးရအစီအစဥ် ဖြင့်ထိုင်းသို့အလုပ်လုပ်ရန် စေလွှတ်ခံရသည့် MOU အလုပ်သမားများမှတစ်ဦးဖြစ်လာသည်။ လွန်ခဲ့သည့်လေးနှစ်က ထိုစက်ရုံသို့ MOU အလုပ်သမား ၅၀ ခန့်စေလွှတ်ခံခဲ့ရပြီး အလုပ်ပြောင်းသည့်သူများလည်းရှိခဲ့ရာ ၂၀၂၃ တွင် ခိုင်လေးတို့နှင့်အတူတူအလုပ်ဝင်သည့်အလုပ်သမား ၁၂ ဦးသာ ထိုစက်ရုံတွင်ကျန်တော့သည်ပင်။

 

ခိုင်လေးတို့သည် ဘန်ကောက်မြို့အရှေ့ဘက်ရှိ စက်မှုဇုန်မြို့နယ် ဆမတ်ပရာကန်ရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်ရသည်။ အနိမ့်ဆုံးလုပ်ခလစာတစ်ရက် ထိုင်းဘတ် ၃၉၅ ဘတ် ရရှိသည်။ ယင်းသည်အခြေခံလစာဖြစ်ပြီး ရက်မှန်ကြေး၊ ဘောနပ်၊ ကျွမ်းကျင်ကြေး စသည်တို့မှာ ထပ်မံရရှိသေးသည်။ ယင်းအခြေခံလုပ်ခလစာပမာဏသည် မြန်မာနိုင်ငံရှိ အနိမ့်ဆုံးအခြေခံ လုပ်ခလစာ၏ ရာခိုင်နှုန်းခန့်ပိုမိုများပြားသည်။ ထိုင်းနိုင်ငံတွင် လူနေမှုကုန်ကျစရိတ်မှာ မြန်မာထက်မြင့်သော်လည်း ၎င်းတို့စက်ရုံမှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် နေစရာပေးသည့်အပြင် ထမင်းဖြူထောက်ပံ့ပေးထားသည်။ ထို့ကြောင့် ထိုစက်ရုံတွင် အလုပ်လုပ်ရခြင်း သည် မြန်မာနိုင်ငံရှိ  စက်ရုံများထက် အစစအရာရာ သာလျက်ရှိသည်။

 

သို့သော် ထိုင်းဘာသာစကားမတတ်မြောက်မှု နှင့် စာရွက်စာတမ်းလိုအပ်ချက်များကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ခိုင်လေးတို့သည် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ မြန်မာစကားပြန်၏ ဆဲဆိုခေါင်းပုံဖြတ်ခံရမှု၊ လုပ်ခလစာများ ခေါင်းပုံဖြတ်ခံရမှု၊ တရားဝင်အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးမှုစသည်တို့ကို ရင်ဆိုင်ခဲ့ကြရသည်။

 

 

ခိုင်လေး အလုပ်လုပ်သည့်စက်ရုံတွင်လည်း ထိုင်းလူမျိုးအလုပ်သမားများဦးဆောင်ဖွဲ့စည်းထားသည့် စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့ရှိသည်။ မြန်မာရွှေ့ပြောင်းအချို့က ထိုအဖွဲ့တွင် အလုပ်ဝင်စကပင် ချိတ်ဆက်ခဲ့ကြသော်လည်း အများစုမှာ ထိုသို့လုပ်ရမှန်းမသိခဲ့ကြပေ။ ဘာသာစကားနားမလည်မှု ကြောင့်လည်း စက်ရုံရှိသမဂ္ဂနှင့်ပိုမိုဝေးသကဲ့သို့ဖြစ်ခဲ့သည်။ စက်ရုံအတွင်း မြန်မာလူမျိုး မြန်မာစကားပြန်မှ မြန်မာအလုပ်သမားများ၏လုပ်ခလစာကို ဖြတ်ယူခဲ့သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။ ထိုင်းစကားကောင်းစွာမပြောတတ်သဖြင့် ထိုသို့ခံခဲ့ကြရသည်ဟု ခိုင်လေးကဆိုသည်။

 

ခိုင်လေးတို့အုပ်စုသည် အစိုးရလွှတ်သည့် တရားဝင် အလုပ်သမားများဖြစ်သော်လည်း အလုပ်လုပ်သည့်စက်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကိုတော့မလွတ်ကင်းနိုင်ခဲ့ပေ။ မေ ၂၀၂၃ တွင် ခိုင်လေးတို့အား စက်ရုံနှင့်၎င်းတို့ နှစ်နှစ်ချုပ်ထားသည့် စာချုပ်သက်တမ်းကုန်သွားချိန်၌ သက်တမ်းဆက်မတိုးဘဲ အလုပ်များရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ရပ်ဆိုင်းလိုက်ရာတွင်လည်း ထိုင်းဥပဒေအရ လုပ်သက်အလိုက် သုံးလမှာ ခြောက်လစာကြိုတင်ပေး၍ဖြုတ်ရမည်ဖြစ်သော်လည်း ခိုင်လေးတို့အား လေးဆယ့်ငါးရက်စာ လုပ်ခလစာသာပေး၍အလုပ်ဖြုတ်ခဲ့သည်။ ၎င်းတို့စာချုပ်သက်တမ်းဆက်မတိုးဖြစ်သည်ကိုလည်း ကြိုမသိခဲ့ပဲ work permit သက်တမ်းကုန်မှသာ အလုပ်ပြုတ်ကြောင်းသိရသည်။ work permit ရှိမှသာတရားဝင်အလုပ် ရနိုင်သဖြင့်အလုပ်ရှာရ အခက်အခဲများဖြစ်ကြရသည်။

 

 

စက်ရုံကိုယ်တိုင်မှာအထည်ဟောင်းများပင် မရောင်းထွက်သည်မှာကြာပြီဖြစ်သဖြင့် စက်ရုံအခြေအနေ မကောင်းကြောင်းဝါဝါတို့က ရိပ်မိနေခဲ့ကြသည်။ စာချုပ်သက်တမ်းကုန်သည့် အလုပ်သမားလျှော့ရာ တွင် ၎င်းတို့ပါသွားခြင်းဖြစ်သည်။ 

 

စာရွက်စာတမ်းမပြည့်စုံ၍သာမက ထိုင်းစက်ရုံမှအလုပ်ရှင်များသည် အလုပ်ပွဲစားများမှတဆင့်ဖြင့်သာ အလုပ်ခန့်ကြသည်များသောကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ကိုယ်တိုင်ရှာ၍ တရားဝင်လစာကောင်းသည့်အလုပ်မရကြပေ။

 

ထိုစက်ရုံမှအလုပ်သမားသမဂ္ဂ၏အကူအညီဖြင့် ခိုင်လေးတို့သည် ၎င်းတို့၏လုပ်သက်အလိုက် ပေးလျော်သည့် အလုပ်ဖြုတ်ခံရသည့်လျော်ကြေးငွေဘတ် ခုနှစ်သောင်းတစ်ထောင်ရရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံလူမှုဖူလုံရေးဌာနမှထောက်ပံ့သည့် အလုပ်လက်မဲ့ကာလအတွင်း ထောက်ပံ့ကြေး ကိုလည်း ရရှိခဲ့ကြသည်။

 

 

လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက ထိုင်းနိုင်ငံ၏အထည်ချုပ်စက်ရုံအများစုသည် အခြေအနေ မကောင်းတော့ပေ။

 

အမျိုးသမီးဝန်ထမ်းများပြားသည့် အထည်ချုပ်လုပ်ငန်းများအခြေအနေမကောင်းတော့ခြင်းသည် ထိုအမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။

 

အလုပ်ဟောင်းမှအဖြုတ်ခံရပြီးနောက်ခိုင်လေးအလုပ်သစ်ရှာခဲ့သည်မှာ လပင်ကြာခဲ့သည်။ ၂၀၂၁ မြန်မာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဝင်ရောက်မှုတဟုန်ထိုးမြင့်တက်လာသည်။ ထို့ကြောင့်ပင် အလုပ်လိုချင်သည့်သူများပြားနေသဖြင့် အလုပ်ရှာရခက်နေခြင်းဖြစ်နိုင်ကြောင်း ခိုင်လေးနှင့်ဝါဝါ တို့ကယူဆကြသည်။ ယခင်က အလုပ်ရှာရ ထိုမျှလောက်မခက်ဟု ဝါဝါက ဆိုသည်။

 

အသက် ၁၅ နှစ်ကတည်းက ကျောင်းထွက်ကာ ဆယ်တန်းမဖြေဘဲထိုင်းသို့ တရားမဝင် လာရောက်အလုပ်လုပ်ခဲ့သည့် ခိုင်လေးကညီမက ကိုယ့်ဟာကိုယ်လာချင်လို့လာတာ၊ ၁၅ နှစ် ကတည်းက။ အဖိုးကတော့မလာစေချင်ဘူး။ ကိုးတန်းကဆရာမကလည်း ဘာလို့ပေးသွားတာလည်း ဆိုပြီး အဖိုးကိုအပြစ်တင်တယ်ဟုဆိုသည့် ခိုင်လေးသည် အသက် ၂၄ တွင်ထိုင်း၌အမျိုးသားနှင့်အတူ ရုန်းကန်ရင်း ငွေရှာသည်။ မိသားစုဆီသို့ ရာခိုင်နှုန်းအများစုပို့သည်။ ၎င်း၏ တစ်နှစ်သားကလေးကို မြန်မာနိုင်ငံရှိကျောင်းတွင်ပင်ထားနိုင်ရန်စိတ်ကူးနေသည်။ လက်ရှိတွင် ၎င်းကလေးကို ဆွေမျိုးများရှိရာ မြန်မာနိုင်ငံသို့ပင်ပို့ထားရသဖြင့် လွမ်းမိသည်တော့ရှိသည်၊ သို့သော် ပြုံးနေလျက်ပင်။

 

အလုပ်သမားအခွင့်အရေးကိုကာကွယ်ရခဲယဥ်းလာခြင်း

 

အာဏာသိမ်းမှုနောက်ပိုင်းပြိုကျလာသည့် စီးပွားရေးအခြေအနေကိုရင်ဆိုင်နေရင်း မြန်မာစက်ရုံ အလုပ်သမားသည် ၎င်းတို့၏အလုပ်သမားအခွင့်အရေးကိုကာကွယ်တောင်းဆိုရန် အခွင့်အလမ်းမှာ လည်း ပိုမိုကျဥ်းမြောင်းလာသည်။

 

အရပ်သားအစိုးရလက်ထပ်တွင် အလုပ်သမားရေးရာဌာနအားဖိအားပေး၍အဆင်မပြေပါက ဆန္ဒပြခြင်းများပြုလုပ်ကာ မိမိတို့အရေးကိစ္စများကို ဖော်ထုတ်နိုင်သည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ဆန္ဒပြခြင်း၊ လျှို့ဝှက်ဖြစ်စေ မလျှို့ဝှက်ဘဲဖြစ်စေတိုင်ကြားခြင်း သို့ အလုပ်သမားသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စစ်ကောင်စီ၏ အာရုံစိုက်မိစေနိုင်သည့် အန္တရာယ်ကိုဖြစ်စေနိုင်သည်။

 

ရန်ကုန်ရှိ စက်ရုံများတွင် မြင့်ဥ္ဇူနှင့် အလုပ်သမားများသည် ချိုးဖောက်မှုပုံစံမျိုးစုံကိုတွေ့ရနိုင်သည်။ စက်ရုံမှလိုင်းကြီးကြပ်ရေးမှုုးများသည် အလုပ်သမားများ၏ခေါင်း၊ လက်နှင့် ကျောကုန်းများကို လက်ဖြင့်ရိုက်ပုတ်ခြင်းလုပ်လေ့ရှိသည်ဟု မြင့်ဥ္ဇူကဆိုသည်။

 

ရွှေပြည်သာစက်မှုဇုန်တွင်ပင်အလုပ်လုပ်သည့် မဆန်းနွယ်တို့အထည်ချုပ်စက်ရုံတွင်လည်း အောက်ခြေ အလုပ်သမားများသည် ထိုကဲ့သို့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းခံကြရသည်။ ခေါင်းခေါက်ခြင်း၊ ကျောကိုရိုက်ခြင်း၊ လက်မောင်းကိုရိုက်ခြင်း စသည်တို့ဖြစ်သဖြင့် ဒဏ်ရာဟူ၍လည်း ကြီးကြီးမားမားမကျန်ခဲ့ပေ။ ကိုယ်ထိလက်ရောက်သာမက ပါးစပ်ဖြင့်ဆဲဆိုခြင်းများလည်းရှိသည်။   

 

မဆန်းနွယ်တို့လိုင်းရှိကြီးကြပ်ရေးမှုုးသည် အခြေခံအလုပ်သမားတစ်ဦးအား နောက်ကွယ်တွင်ဆဲဆို ခြင်းကို မဆန်းနွယ်မှဝင်ရောက်ပြောဆိုရာမှ အငြိုးခံရလေသည်။ ၂၀၂၃ ဒီဇင်ဘာ တစ်ရက်တွင်၎င်းအား ရုံးခန်းသို့ခေါ်ကာ မိမိဘာသာ အလုပ်ထွက်ကြောင်းစာရေးကာ လက်မှတ်ထိုးရန် ဖိအားပေးခဲ့သည်။ ထိုရုံးခန်းတွင် လိုင်းကြီးကြပ်ရေးမှုုး အလုပ်ဆေးခန်းမှသူနာပြုနှင့် အခြားတစ်ဦးရှိခဲ့ပြီး ၎င်းအားထိုသို့ရေးကာလက်မှတ်ထိုးရန်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

 

ညီမကစာလည်းမတတ်ဘူး၊ အဲ့စာမရေးတတ်ဘူးလို့ပြောတော့ သူတို့ပဲရေးပေးတယ်။ လက်မှတ် ထိုးပေးလိုက်ရတယ်။ ညီမလည်းမသိဘူးလေဟု ဆန်းနွယ်က ထိုညနေက ဖြစ်ပျက်ခဲ့သည်ကို ပြောပြသည်။ ထိုညနေတွင်ပင် ၎င်းက အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတစ်ဦးနှင့်ဆက်သွယ်ခဲ့ကာ ၎င်းအခက်အခဲကိုတိုင်ပင်ခဲ့သဖြင့် ထိုလှုပ်ရှားသူ၏အချိတ်အဆက်များဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် တွေ့ဆုံကာ ၎င်း၏အလုပ်ကိုပြန်ရခဲ့လေသည်။ ထိုဆဲဆိုရိုက်နှက်မှုနှင့်ဖိအားပေးမှုကျူးလွန်သူ များသည်တစ်စုံတစ်ရာအရေးယူခံရမှုမရှိဘဲ ထိုကဲ့သို့ဖြစ်စဥ်များသည် အခြားစက်ရုံများရှိ အလုပ်သမားများကြားတွင် ဖြစ်ရိုးဖြစ်စဥ်ကဲ့သို့ ဖြစ်နေဆဲပင်။  

 

ထိုင်းနိုင်ငံတွင်မူအလုပ်သမားများဆန္ဒထုတ်ဖော်ခွင့်နှင့် အလုပ်သမားအခွင့်အရေး အပေါ် ကာကွယ်ခွင့် သည် ပိုမိုလွယ်ကူသည်။ ရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံ၌အလုပ်သမားသမဂ္ဂပြုလုပ်ခွင့် မရှိသော်လည်း ထိုင်းအလုပ်သမားများဦးဆောင်သည့် အလုပ်သမားသမဂ္ဂများကို ချိတ်ဆက် ဆောင်ရွက်နိုင်သည်။

 

Freedom Fund အဖွဲ့၏ကြေညာချက်အရ ၂၀၂၃ တွင် မြန်မာနိုင်ငံသည် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် ပြည်သူ့လွတ်လပ်ခွင့်ဆိုင်ရာအခြေအနေသည် ၁၀၀ မှတ်၌ မှတ်သာရရှိသည်၊ ထိုင်းနိုင်ငံသည် အမှတ် ၃၀ ရရှိသည်။

 

နိုင်ငံတွင်းတွင်လည်း ပတ်စ်ပို့လုပ်သည့်အခြေခံလုပ်သားများဦးရေ တရှိန်ထိုးမြင့်တက်နေသည်။ ရှိသည့်အရင်းအနှီးများဖြင့်အခြေအနေပိုကောင်းသည့်နိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်ကြိုးစားကြသူများမြင့်တက်လာသည်။ နိုင်ငံခြားသွားရန် ငွေရေးကြေးရေးအပါအဝင် အခြေအနေ အမျိုးမျိုးကြောင့် မတတ်နိုင်သူများလည်းရှိသည်။

 

မြန်မာတွင်ကျန်ခဲ့သူများမှာလည်း ၎င်းတို့ကဲ့သို့ပင် လုပ်ခလစာများတိုးတော့မည်လား အခြေအနေ ပိုကောင်းလာတော့မည်လားဟူသော မျှော်လင့်ချက်နှင့်ရှင်သန်နေကြကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးအေးက ပြောသည်။ အခြေခံအလုပ်သမားများတွင် ရှိသမျှရင်းနှီးကာ နိုင်ငံခြားထွက်သွားသူအများအပြားရှိသကဲ့သို့ နိုင်ငံခြားတွင် အဆင်မပြေသူအချို့လည်း ၎င်းတို့ကိုဆက်သွယ်အကူအညီတောင်းကြောင်း၎င်းကဆက်ပြောသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ တွင်လည်းအလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်းအလုပ်သမားများ အရေးဆောင်ရွက်ပေးနေကြောင်း ဖြစ်စဥ်တချို့နှင့်အတူ၎င်းတို့၏ တရားဝင်လူမှုကွန်ယက် စာမျက်နှာတွင် ကြေညာလေ့ရှိသည်။ ထိုကြေညာချက်ဖြစ်စဥ်များတွင် ပြည်တွင်းရှိအလုပ်သမားများ၏ အခက်အခဲနှင့်ပြဿနာများပါဝင်လာသည်ကိုမူ မတွေ့ရသေးပေ။

 

Burma Associated Press

ရွေ့ပြောင်းအလုပ်သမား
အလုပ်သမားများ
အာဏာသိမ်းစစ်တပ်
အထည်ချုပ်
မြန်မာ
ထိုင်း

Share With
bap-logo