Opinion
မြန်မာနှင့် မြောက်ကိုးရီးယားတို့တွင် အန္တရာယ်နှင့် ကစားနေသည့် ရှီကျင့်ဖျင်
လွန်ခဲ့သော တစ်နှစ် က
တာဝန်ယူမှုရှိသော အင်အားကြီးနိုင်ငံကဲ့သို့ ပြုမူရမည့်အစား တရုတ်နိုင်ငံသည် ဒေသတွင်းနှင့် ဒေသပြင်ပမှ အသက် သန်းပေါင်းများစွာကို အန္တရာယ်ကျရောက်စေရန် ပြုမူနေသည်။
စစ်အာဏာသိမ်းခြင်းနှင့် အာဏာရှင်စနစ်သည် ကောင်းကျိုးယူဆောင်လာနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ မကြာသေးမီအချိန်များအတွင်း မည်သည့် စစ်တပ်အာဏာသိမ်းမှု တစ်ခုတစ်လေကမျှ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ခံစားနေရသော ပြည်သူလူထုထက် ပိုမို ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ခြင်းမရှိခဲ့ပေ။ ဆိုးရွားစွာ မိုက်မဲပြီး ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏ သွေးစွန်းနေသော အပေါင်းအပါများမှာလည်း အရေးနိမ့်၍ ထိုးနှက်ခြင်းများ ခံစားနေရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟု သိရှိကြသည့် မြန်မာ အရပ်သား ခုခံရေးအဖွဲ့များနှင့် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်အဖွဲ့များ၏ ထိုးနှက်ခြင်းကြောင့် လက်နက်ချအညံ့ခံခြင်းနှင့် အစုအပြုံလိုက် တပ်မှ ထွက်ပြေးခြင်းများ ဖြစ်ပေါ်စေခဲ့သည်။
စစ်တပ်၏ စိတ်ဓာတ်ရေးရာ၊ ယုံကြည်မှုတို့ ရိုက်ခတ်ခံခဲ့ရပြီး ဦးဆောင်မှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ရှိလာခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးများက အလျှော့မပေးသေးပေ။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူများကို အံတုကာ နိုင်ငံတော် အရေးပေါ်အခြေအနေကို သက်တမ်းထပ်မံတိုးခဲ့သည်။ နောက်ဆုံးသတင်းဖော်ပြချက်များအရအရပ်သားများအပေါ် ခွဲခြားမှုမရှိသည့် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ရှည်လျားသော စစ်ရာဇဝတ်မှု မှတ်တမ်းများတွင် ထပ်တိုးလာခဲ့သည်။
တရုတ်နိုင်ငံ၏ ကိုယ်ကျိုးကြည့်ရပ်တည်မှုမှာ အမျိုးသားအကျိုးစီးပွားကို ဥပဒေနှင့် တရားမျှတမှုထက် ကျော်လွန် ဦးစားပေးခြင်းဖြစ်၍ စိတ်ပျက်ဖွယ်အကောင်းဆုံးဖြစ်သော်လည်း အံ့အားသင့်စရာမရှိပေ
မြန်မာနိုင်ငံမှ လူဦးရေ သုံးပုံနှစ်ပုံသည် ပဋိပက္ခကို ကြုံတွေ့ခံစားနေရပြီး လူပေါင်း ၂.၆ သန်း ပြည်တွင်းတွင် နေရပ်စွန့်ခွာခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ လူပေါင်း ၄၅၀၀ ခန့် သေဆုံးခဲ့သည်။ ၂၀၀၀၀ ခန့် အကျဉ်းချခံထားရသည်။ လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ၁၈.၆ သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကာ ၂၀၂၀ ခုနှစ်ထက် ၁၉ ဆ တိုးပွားလာခြင်းဖြစ်သည်။ ၎င်းအရေအတွက်မှာ ၂၀၁၇ ခုနှစ် အခွင့်အရေးလှုပ်ရှားသူအဖွဲ့များက လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ပြောဆိုကြသည့် အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ အဓမ္မ ကျင့်ခြင်း၊ ရွာများ မီးရှို့ခြင်းတို့ကြောင့် ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာမူဆလင် အရေအတွက် ၇၅၀၀၀၀ တွင် ထပ်မံ ပါဝင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အဆုံးမသတ်နိုင်သည့် ကိုယ်စိတ်နှစ်ပါး ခံစားနေရမှုများသည် ကုလသမဂ္ဂ သဘောတူညီချက်များကို ထောက်ခံအားပေးရန် ကြီးမားစွာ ပျက်ကွက်ခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကို ထင်ဟပ်ကိုယ်စားပြုနေသည်။ အမေရိကန်၊ ယခင် ကိုလိုနီအင်အားကြီး ဗြိတိန်နှင့် အခြားသော အနောက် ဒီမိုကရေစီနိုင်ငံများကို လုံလောက်စွာ မဆောင်ရွက်ခြင်းအတွက် ဝေဖန်နိုင်သော်လည်း ၎င်းတို့၏ လွှမ်းမိုးမှုမှာ အကန့်အသတ်ဖြစ်နေသည်။ အာဆီယံအဖွဲ့က ထိရောက်သော အရေးယူဆောင်ရွက်မှု မလုပ်ဆောင်နိုင်ခြင်း(သို့မဟုတ် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း)သည်လည်း အပြစ်တင်ဖွယ် ဖြစ်သည်။ အချို့အဖွဲ့ဝင်နိုင်ငံများမှာ စစ်အာဏာရှင်တို့နှင့် မသိလိုက်ဘာသာ ထိတွေ့ဆက်ဆံနေကြသည်။
တရုတ်နိုင်ငံ၏ ကိုယ်ကျိုးကြည့်ရပ်တည်မှုမှာ အမျိုးသားအကျိုးစီးပွားကို ဥပဒေနှင့် တရားမျှတမှုထက် ကျော်လွန် ဦးစားပေးခြင်းဖြစ်၍ စိတ်ပျက်ဖွယ်အကောင်းဆုံးဖြစ်သော်လည်း အံ့အားသင့်စရာမရှိပေ။ တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် မျက်နှာစာနှစ်ဘက် ကစားနေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ တခါတရံ အစိုးရများကို ကျောထောက်နောက်ခံပြုပေးပြီး တခါတရံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဘက်မှ ရပ်တည်ခဲ့သည်။ လက်ရှိတွင် ၎င်း၏ အသစ်အဆန်းမဟုတ်သည့် ရည်ရွယ်ချက်များမှာ ကြီးမားသော ခါးပတ်နှင့် လမ်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်၊ နိုင်ငံနယ်စပ်ဖြတ်ကျော် ပြစ်မှုများကို တားဆီးရန်၊ တိုက်ပွဲများ ပျံ့နှံ့လာခြင်းကို ကာကွယ်ရန်တို့ ဖြစ်သည်။
တရုတ်အစိုးရသည် မြောက်ကိုးရီယား အာဏာရှင် ကင်ဂျုံအန်နှင့် သံတမန်ရေးအရ၊ နိုင်ငံရေးအရ အဓိက မဟာမိတ်ဖြစ်ပြီး ၎င်း၏ အဓိက ကုန်သွယ်မှုမိတ်ဖက်နှင့် အကြီးဆုံး အစားအသောက် တင်သွင်းသူလည်း ဖြစ်သည်
၎င်းချဉ်းကပ်မှုမှာ အနောက်နိုင်ငံများကို အခြားနိုင်ငံအရေး ကြားဝင်မစွက်ဖက်ရေး ဟောပြောဩဝါဒပေးလေ့ရှိသည့် ရှီကျင့်ဖျင်၏ ပုံမှန်သဘောသဘာဝဖြစ်သည်။ တရုတ်နိုင်ငံနှင့် ၎င်း၏ အနီးကပ်မဟာမိတ် ရုရှားနိုင်ငံတို့ကမူ မြန်မာနိုင်ငံအတွက် လက်နက်အကြီးအကျယ် တင်သွင်းနေသူများဖြစ်ပြီး မယှဉ်သာသည့် လွှမ်းမှိုးမှု ရှိနေကြကာ တစ်ကိုယ်ကောင်းဆန်သည့် စီးပွားရေးရည်ရွည်ချက်များအတွက် အမြဲလို ဝင်ရောက်စွက်ဖက်နေသူများ ဖြစ်ကြသည်။ ၎င်းကဲ့သို့ အပြောတစ်မျိုး အလုပ်တစ်မျိုး အမူအကျင့်သည် တရုတ်နိုင်ငံ၏ ဒေသတွင်း ဦးဆောင်သူအနေဖြင့်သော်လည်းကောင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာရန်သော်လည်းကောင်း တာဝန်ယူမှုနှင့် ဆန့်ကျင်နေပေသည်။
အလားတူအခြေအနေမျိုး တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုရှိသည်ဟု ယူဆနိုင်သည့် စည်းဘောင်မဲ့နေသော မြောက်ကိုးရီးယားတွင်လည်း တည်ရှိနေသည်။ တရုတ်အစိုးရသည် မြောက်ကိုးရီယား အာဏာရှင် ကင်ဂျုံအန်နှင့် သံတမန်ရေးအရ၊ နိုင်ငံရေးအရ အဓိက မဟာမိတ်ဖြစ်ပြီး ၎င်း၏ အဓိက ကုန်သွယ်မှုမိတ်ဖက်နှင့် အကြီးဆုံး အစားအသောက် တင်သွင်းသူလည်း ဖြစ်သည်။ တရုတ်နိုင်ငံ မပါလျှင် ၎င်း၏ အာဏာရှင်အုပ်ချုပ်ရေးမှာ ပြိုလဲသွားဖွယ်ရှိသည်။
ကင်၏ ပြီးခဲ့သည့် အပတ်ကအထိ နောက်ဆုံးစမ်းသပ်နေခဲ့သည့် နျူကလီးယား လက်နက်နှင့် ဆက်နွယ်သည့် ဒုံးကျည်စမ်းသပ်မှုများ အဆင်အခြင်မဲ့ လုပ်ဆောင်နေခြင်းကို အဘယ်ကြောင့် ရှီက မတားဆီးဘဲ ကြည့်ရုံမျှသာ ကြည့်နေရသနည်း။ ၎င်းသည် ဂျပန်နှင့် တောင်ကိုးရီးယားတို့ မသက်မသာ ဖြစ်စေသည့် ရလဒ်ကို ကျေနပ်နေခြင်းဖြစ်နိုင်သည်ဟု အနောက်တိုင်း ပိုင်းခြားလေ့လာသူများက သံသယရှိကြသည်။ ကင်၏ မိုက်မဲမှုများက အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်ပေါ် အာရုံစိုက်မှုကို အာရုံပြောင်းစေရန်မှာလည်း အချက်တစ်ချက် ဖြစ်နိုင်သည်။
သို့သော် ပို၍ ကြီးမားကျယ်ပြန့်သော တွေးခေါ်ရှုမြင်မှုအရ တရုတ်နိုင်ငံသည် ဆိုးရွားသော ဥပမာပေးနေခြင်း ဖြစ်သည်။ နျူကလီးယားလက်နက်များ များပြားလာခြင်းသည် လူသားမျိုးနွယ်အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည်။ အမေရိကန်ပြည်မကြီးသို့ ကမ္ဘာ့တိုက်ကြီးများကို ဖြတ်ကျော် ပစ်ခတ်နိုင်သည့် ပဲ့ထိန်း ဒုံးကျည်များ ပစ်ခတ်ရန်နှင့် အိမ်နီးချင်းများကို ဗုံးကြဲရန် ကင်၏ ခြိမ်းခြောက်မှုမှာ နက်ရှိုင်းစွာ မတည်ငြိမ်မှုနှင့် အန္တရာယ်များ နက်ရှိုင်းစွာ ဖြစ်ပေါ်စေသည်။ တရုတ်နိုင်ငံကိုယ်တိုင်လည်း ချမ်းသာခွင့်ရမည်မဟုတ်ပေ။ အမေရိကန်ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုအစီအစဉ်မှ အကျိုးအမြတ် အတိုင်းအဆမရှိ ရရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အလှည့်ယူပြီး ခြေလှမ်းတိုးလုပ်ဆောင်ရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အင်အားကြီးလာသည်နှင့်အမျှ တာဝန်ယူလာရခြင်းကြောင့် ဖြစ်သည်။
ကိုးကား - The Guardian
ပုံစာ - နိုဝင်ဘာလ ၁၅ ရက် ၂၀၂၃ ခုနှစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ APEC ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်။ (Photo:REUTERS/Carlos Barria/Pool/File Photo)
Top News
လွန်ခဲ့သော ၁၆ ရက် က
လွန်ခဲ့သော ၂၀ ရက် က
လွန်ခဲ့သော ၂၀ ရက် က