bap-logo
Politics

မြန်မာသို့ တရုတ်ဆီတင်သင်္ဘော၊ ဗီယက်နမ်ကုမ္ပဏီများမှတဆင့် ဂျက်လေယာဉ်ဆီ ဆက်လက်တင်သွင်းနေဆဲ

U6RF-Ka5ZkbtNMWtzit8Y-image

လွန်ခဲ့သော ၂ လ က

 

မြန်မာစစ်တပ်အနေဖြင့် တရားဥပဒေနှင့် မညီသော လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်နိုင်ရန် လေယာဉ်ဆီတင်သွင်းမှု ကန့်သတ်ရေး ကမ္ဘာအဝှမ်း တောင်းဆိုထားသော်လည်း အသစ်ထပ်မံ တင်သွင်းမှုများ ရှိနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မှတ်တမ်းပြုစုထားသည်။

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဂျွန်လ ၂၀၂၄ ခုနှစ်များအကြား မြန်မာနိုင်ငံသို့ အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ လေယာဉ်ဆီတင်သွင်းမှုများ ရှိခဲ့သည်။ တရုတ်ပိုင် HUITONG78 ဆီတင်သင်္ဘောသည် ဗီယက်နမ်မှ မြန်မာသို့ လေယာဉ်ဆီများ တင်သွင်းခဲ့သည်ဟုဆိုသည်။

 

စင်ကာပူအခြေစိုက် Sahara Energy International Pte. Ltd.နှင့် တရုတ်နိုင်ငံပိုင် အစုအဖွဲ့ CNOOC Trading (Singapore) Pte. Ltd. တို့သည်လည်း လေယာဉ်ဆီ တင်သွင်းမှုတွင် ပါဝင်ပတ်သတ်နေသည်။

 

တတိယအကြိမ်မြောက် တင်သွင်းမှုသည်လည်း HUITONG78 ကပင် အာရပ်စော်ဘွားများပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ မေလ ၂၀၂၄ ခုနှစ်အတွင်း တင်သွင်းခဲ့ဖွယ်ရှိသည်။

 

“Amnesty International က ဒီလို မဆင်မခြင်တင်သွင်းမှုတွေကို ဖော်ထုတ်ခဲ့ပြီးပေမယ့်မြန်မာစစ်တပ်က လေယာဉ်ဆီတင်သွင်းဖို့ တရုတ်ရေယာဉ်တွေနဲ့ ဗီယက်နမ် ကုမ္ပဏီတွေကိုပဲ မှီခိုနေဆဲပါပဲ။ဟု Amnesty International အထွေထွေ အတွင်းရေးမှူး Agnes Callamard က ပြောသည်။

 

ရေယာဉ်လမ်းကြောင်းပြစနစ်နှင့် ကုန်သွယ်မှု အချက်အလက်များအရ တရုတ် ဆီတင်သင်္ဘော HUITONG78 သည် သီလဝါဆိပ်ကမ်းရှိ ယခင် Puma Energy ဆိပ်ကမ်း (ယခု မြန်မာအခြေစိုက် Shoon Energy Group နှင့် မြန်မာစစ်တပ် ထိန်းချုပ်ထား) သို့ တင်သွင်းမှု နှစ်ကြိမ် (၁၄ ရက် ဇန်နဝါရီနှင့် ၂၉ ရက် ဖေဖော်ဝါရီ) ပြုလုပ်ခဲ့သည်ဟု ဖော်ပြနေသည်။

 

၎င်းရေယာဉ်သည် မြန်မာသို့ မထွက်ခွာမီ Hai Linh ကုမ္ပဏီ လီမိတက်မှ လည်ပတ်လုပ်ဆောင်နေသော ဗီယက်နမ် Cai Mep Petroleum ဆီသိုလှောင်ရေးဆိပ်ကမ်းမှ လေယာဉ်ဆီများ သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၃ တင်သွင်းမှုများကဲ့သို့ပင် ၂၀၂၄ တင်သွင်းမှုများမှာလည်း မူလပေးသွင်းသူကို ခြေရာခံရ ခက်ခဲစေရန် အကြိမ်ကြိမ်ဝယ်ယူမှုများ ပြုလုပ်ထားသည်။

 

ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ် တင်သွင်းမှုမှာ တရုတ်နိုင်ငံ Hangzhou ပင်လယ်အော်၊ Ningbo ဆိပ်ကမ်း၊ BP Hua Dong ဆိပ်ကမ်းသို့ နောက်ကြောင်းပြန် ခြေရာခံတွေ့ရှိရသည်။ ၎င်းတရုတ်ဆိပ်ကမ်းကို မည်သည့် ကုမ္ပဏီက ထိန်းချုပ်နေကြောင်း Amnesty International က စိစစ်သတ်မှတ်မှု မပြုလုပ်နိုင်ခဲ့ပါ။

 

ယခုနှစ် ပထမ ခြောက်လအတွင်း စစ်တပ်၏ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု ငါးဆ တိုးမြင့်လာသည်ဟု ဂျွန်လ ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂက အစီရင်ခံခဲ့သည်။

 

ကိုးကား - Amnesty Internatioanl

ပုံစာ - မေလ ၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်းတစ်ခု လေကြောင်းတိုက်ခိုက်မှုခံရပြီး မြင်ကွင်း။ (Photo: Amnesty International Website)

 

Burma Associated Press

ဗီယက်နမ်
လေယာဉ်ဆီတင် သင်္ဘော
တရုတ်
မြန်မာ

Share With
bap-logo