Business
ပြည်တွင်းရွှေဈေး တရက်အတွင်းကျပ် ၆၀,၀၀၀ ကျော်မြင့်တက်လာ
လွန်ခဲ့သော ၂ နှစ် က
ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတကျပ်သားလျှင် ကျပ် ၂၉ သိန်းကျော်အထိ ပြန်လည်မြင့်တက်လာကြောင်းရွှေဈေးကွက်အတွင်းမှသိရသည်။
ယမန်နေ့မတ်လ ၁၇ ရက်ညပိုင်းက တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၉၄၄ ဒေါ်လာ ရှိသည့် ကမ္ဘာ့ရွှေဈေးသည် ယနေ့မတ်လ ၁၈ ရက်တွင်တော့ တအောင်စလျှင် ၁,၉၈၉ ဒေါ်လာအထိ မြင့်တက်နေခြင်း ဖြစ်သည်။
" ကမ္ဘာ့ရွှေဈေးတက်ရင် ပြည်တွင်းရွှေဈေးလည်းတက်တာပါပဲ။ အရောင်းအဝယ်မှာကတော့ အဝယ်အေးပြီး ပြန်ရောင်းတာတွေများနေသေးတယ်" ဟု ယုဇနပလာဇာရှိရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
ပြည်တွင်းပြင်ပရွှေဈေးအနေဖြင့် ယမန်နေ့မတ်လ ၁၇ ရက်က အခေါက်ရွှေ တကျပ်သားလျှင် ၂,၉၀၅,၀၀၀ ကျပ်ရှိပြီး၊ ယနေ့မတ်လ ၁၈ ရက်တွင်တော့ ၂,၉၆၀,၀၀၀ အထိဖြစ်ကာ တရက်အတွင်း ကျပ် ၆၀,၀၀၀ နီးပါးမြင့်တက်နေခြင်းဖြစ်သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ရည်ညွှန်းဈေးနှုန်းမှာ ယမန်နေ့မတ်လ ၁၇ ရက်က အခေါက်ရွှေ တကျပ်သားလျှင် ၂၂၇၃၇၀၀ ကျပ်ရှိပြီး၊ ယနေ့ မတ်လ ၁၈ ရက်တွင် ၂,၃၄၃,၃၀၀ ကျပ်ဖြစ်ကာ တရက်အတွင်း ကျပ် ၇၀,၀၀၀ နီးပါးအထိ မြင့်တက်နေကြောင်းသိရသည်။
" YGEA ကတောင် တရက်တည်းနဲ့ ၇၀,၀၀၀ နီးပါးဈေးတက်လာတယ်ဆိုတော့ ရွှေဈေးကအတက်ဘက်ကို သွားဦးမယ်သဘောမှာရှိနေတယ် " ဟု ယင်းက ထပ်မံပြောသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်း၊ ပြည်တွင်းရွှေဈေးနှုန်းများမြင့်တက်နေသော်လည်း ပြင်ပငွေလဲဈေးနှုန်းမှာ အမေရိကန်တဒေါ်လာလျှင် ရောင်းဈေးမှာ၂,၈၇၀ဖြစ်ပြီး၊ ဝယ်ဈေးမှာ ၂,၈၅၅ ကျပ်ဖြင့် တည်ငြိမ်နေဆဲ ဖြစ်ကြောင်းသိရသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော တစ်လ က