Editorial
မူး၍ ရှူစရာမရှိသော ကျေးဇူး
လွန်ခဲ့သော ၃ နှစ် က
စစ်ကောင်စီ၏ အမျိုးသားနေ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအမံသည် နိုင်ငံရေးအရ စိတ်ဝင်စားဖွယ် ဖြစ်သည်။
ထိုသို့ ဆိုရခြင်းမှာ စစ်ကောင်စီ၏ အင်ပြည့်အားပြည့်ရှိလှသော နိုင်ငံရေး ဗျူဟာများကြောင့် မဟုတ်ပါ။ လမ်းရိုးကြီးအတိုင်း မပြောင်းလဲဘဲ အာဏာရှင် အမူအကျင့် မူလ လက်ဟောင်းလမ်းကို တသွေမတိမ်း လိုက်နေသော ကြောင့် ဖြစ်သည်။
ခြောက်ထောင်နီးပါးရှိသော အကျဉ်းသားလွတ်ငြိမ်း ချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား အလွန် နည်းပါးသော အရေအတွက်သာ ပါဝင်ခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၅၀ ခန့်သော အရေအတွက် ဖြစ်သည်။
ယင်းတို့ အနက် စီးပွားရေးအကြံပေး ရှောင်တာနာ၊ နိုင်ငံရေးသမား ကိုမြအေး၊ ဒီချုပ်ပြန်ကြားရေး ဒေါက်တာမျိုးညွန့်နှင့် စာရေးဆရာ မောင်သာချိုတို့ကို လွှတ်ပေးခဲ့သည်။
ထို့ပြင် ထင်ရှားသည့် အနုပညာရှင်များကို ၅၀၅-ကဖြင့် တရားစွဲဆိုထားမှုများကို ဖြေလျော့ ပေးခဲ့သည်။ ဒီ့အပြင် ဒီချုပ်အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးအချို့ကို ဘွဲ့တံဆိပ်များ ချီးမြှင့် ပြန်သည်။
ယင်းသည် စစ်ကောင်စီ၏ စေတနာ၊ မေတ္တာ၊ ကရုဏာများ မဟုတ်သည်ကို အထင်အရှား သိကြ ပါသည်။ ထောက်ပြဝေဖန်ကြသည်။
စီးပွားရေးအကြံပေး ရှောင်တာနာကို ပြန်လွှတ်ပေးရန် နိုင်ငံတကာက အပြင်းအထန်တောင်းဆိုနေ ချိန်တွင် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးထားခဲ့သည်။
ပြန်လွှတ်ရန်လည်း အလုံးစုံ ငြင်းပယ်ခဲ့သည်။
နိုင်ငံတကာနှင့် အာဆီယံက ဖိအားများလာသည့်အခါ ယင်းဖိအားများ လျော့ကျသွားစေရန် ရှောင်တာနယ်ကို လွှတ်ပေးလိုက်သည်။ ထိုအခါ ယင်းအပြုအမူများကို နိုင်ငံတကာက အသိအမှတ် ပြုလာရသည်။ ကြိုဆိုလာရသည်။
ကိုမြအေး၊ မောင်သာချိုနှင့် ဒေါက်တာမျိုးညွန့်တို့ကို လွှတ်ပေးလိုက်ခြင်းဖြင့် အများပြည်သူ အကြားနှင့် သတင်းမီဒီယာများအကြား ယင်းတို့၏ သတင်းများ ရှေ့တန်းရောက်လာခြင်း၊ အကောင်း ဘက်သို့ ဦးတည်လာပြီဟု အထင်ရောက်စေလာခြင်းနှင့် ၂၀၂၃တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပါဝင်သင့် ပါဝင်ထိုက်သူများကို ထိန်းသိမ်းရာမှ လွှတ်ပေး၍ ကျင်းပကြောင်း အလီဘိုင် ပြနိုင်ခြင်း စသည့် ရလဒ်များကို စစ်ကောင်စီသည် မျှော်လင့်ထားခြင်းဖြစ်သည်။
ထို့အတူ ထင်ရှားသူများကို ထိန်းသိမ်းရာမှ ပြန်လွှတ်ပေးခြင်းနှင့် ဒီချုပ်ဝန်ကြီးဟောင်းများကို ဘွဲ့ တံဆိပ်များ ချီးမြှင့်ခြင်းတို့မှာလည်း စစ်ကောင်စီအနေဖြင့် သဘောထားကြီးကြောင်း၊ အနာဂတ် နိုင်ငံတည်ဆောက်ရေးတွင် ရန်သူမိတ်ဆွေ မခွဲခြားဘဲ လက်တွဲနိုင်သူများဖြင့် လက်တွဲနိုင်ကြောင်း တစိတ်တဒေသ ဟန်ပြမေတ္တာ ထုတ်ပြခြင်းများသာဖြစ်သည်။ စိတ်ရင်းစေတနာမှန် မဟုတ်သလို ရည်ရွယ်ရင်းလည်း မမြတ်လှပါ။
အထူးသဖြင့် ယင်းတို့ ရင်ဆိုင်တွေ့နေရသော နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲ အကြောင်း ပြ၍ ထွက်ပေါက် ရှာရန်ဖြစ်သည်။
ရွေးကောက်ပွဲ ကျင်းပ၊ ရွေးကောက်ပွဲတွင် ယင်းတို့ အနိုင်ရ၍ အစိုးရဖွဲ့။ ယင်းနောက် နိုင်ငံတကာက အသိအမှတ်ပြု၊ အတင်းအဓမ္မ သိမ်းယူထားသည်ကို ဖြည်းဖြည်းခြင်း ဖြေလျော့၊ ယင်းတို့ အလိုရှိ သည်များကို ထိန်းချုပ်ထား၊ ပြုပြင်ပြောင်းလဲရေးအစိုးရ၊ အသွင်ပြောင်းအစိုးရအဖြစ် အမည်ခံ၍ စစ်တပ်ကြီးစိုးသော စစ်အာဏာရှင်စနစ်ကို ဆက်လက်တည်ဆောက်မည်သာ ဖြစ်သည်။
ယင်းအခြေအနေများ အားလုံးသည် မြန်မာ့ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ လုပ်ရိုး လုပ်စဉ် နည်းလမ်းဟောင်းများသည် ဖြစ်၏။ ယင်းတို့တွင် ထို့ထက်ပိုသော နိုင်ငံရေး အယူအဆ၊ အသိအမြင်နှင့် လုပ်ရည်ကိုင်ရည် မရှိကြောင်း ပို၍ ပို၍ ထင်ရှားနေပြီ ဖြစ်သည်။
ယင်းအခြေအနေများအပေါ် အများပြည်သူနှင့် နွေဦးတော်လှန်ရေး ဦးဆောင်သူများက အရှိအတိုင်း၊ အခြေအနေ အမှန်အတိုင်းနှင့် ရုပ်ရင်းအတိုင်း နားလည်သိမြင်နိုင်ရန် လိုအပ်လှသည်။ အာဏာရှင် ဇစ်မြစ် ဖြတ်ထုတ်နိုင်ရန် လိုအပ်လှသည်။
အလုံးစုံသော လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းများကို အများပြည်သူထံမှ ကုန်းကောက်စရာ မရှိအောင် လုယူသိမ်းပိုက် ဓားပြတိုက်ခဲ့သည်ကို မည်သည့်နည်းဖြင့်မျှ လက်ခံရန် မရှိပါ။
ထိုသို့ လုယူသိမ်းပိုက် ဓားပြတိုက်ပြီး အဓမ္မဆုပ်ကိုင်ထားရာမှ တချို့ကို ဟန်ပြပြန်ပေးသည်ကို လည်း မည်သည့်နည်းဖြင့်မျှ ကျေနပ်ပျော်ရွှင်စရာအကြောင်း မရှိပါ။
နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ၊ ဆရာကြီး ဟံသာဝတီဦးဝင်းတင် ဆိုခဲ့သလို ‘စစ်တပ်ကျေးဇူး မူး၍ပင် ရှူစရာ မရှိသည်ကို’ မမေ့အပ်ပါ။ အာဏာရှင် စစ်ဘီလူးသည် သေနတ် ပြောင်းဝ၌ အာဏာတည်၊ ရက်စက်ယုတ်မာ ဆိုးညစ်ခြင်းအတိ ဟူသည်ကို သတိချပ်ပါ။
နိုင်ငံရေး
Top News
ကရင်နီမှာ ကျဆုံးခဲ့သည့် Free Burma Rangers တပ်ဖွဲ့ဝင် ၈ ဦး ရှိပြီ
လွန်ခဲ့သော ၄ ရက် က
နိုင်ငံရပ်ခြားမှ အမျိုးသမီးများထံ ကူညီရန် USAID ဝယ်ယူခဲ့သည့် သန္ဓေတားဆေးဝါးနှင့်ကိရိယာများ ထရန့်အစိုးရ ဖျက်စီးမည်
လွန်ခဲ့သော ၅ ရက် က
ဆက်ကြေးပေးမလား စစ်ထဲသွားမလား
လွန်ခဲ့သော ၇ ရက် က
Articles
Share With