bap-logo
Business

လုပ်ခလစာတိုးမြှင့်ပေးခြင်း၊ ရွှေ၊ ဒေါ်လာ၊ ဆန်တို့ သတ်မှတ်ဈေးနှုန်း နှင့် ရောင်းချခြင်းမပြုသည့် အတွက် ဖမ်းဆီးမှုများ

K9bJ2RP2XTpTKxgkDRRV1-image

လွန်ခဲ့သော တစ်နှစ် က

လုပ်ခလစာတိုးမြှင့်ပေးခြင်းသည် ဥပဒေမဲ့လုပ်ဆောင်ခြင်း မဟုတ်သော်လည်း လုပ်ခလစာ တိုးမြှင့်ပေးခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်း အများပြည်သူကို ငွေကြေးဖောင်းပွမှု မြင့်တက်နေသည်ဟု ယုံကြည်စေကာ စစ်အုပ်စုကို ထိခိုက်နှောက်ယှက်မှုဖြင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဖမ်းဆီးခံခဲ့ရသည်ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောကြောင်း The New York Times တွင် ဖော်ပြထားသည်။

 

လုပ်ခလစာတိုးမြှင့်ပေးခဲ့သည့် လုပ်ငန်းရှင်ကို ဖမ်းဆီးပြီးနောက် “ရပ်ရွာ အေးချမ်းသာယာရေး” ကို နှောက်ယှက်၍ ပိတ်လိုက်သည်ဟု ၎င်း၏ လုပ်ငန်းတွင် စစ်သားများက သတိပေးချက်စာ ကပ်ထားခဲ့ကြသည်။

 

စစ်အုပ်စု၏ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို The New York Times က အကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ငြင်းပယ်ခဲ့သည်။

 

လစာတိုးတော့ ကျွန်တော်တို့ အရမ်း ကျေးဇူးတင်ပြီး ပျော်ကြတာပေါ့။ အခုတော့ ဆိုင်လည်း ပိတ်ပြီး လစာလည်း မရတော့ဘူး။” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်းက ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အမည်မဖော်ဘဲ ပြောကြားခြင်းဖြစ်သည်။ "ကျွန်တော်တို့လို သာမာန်လူတွေက ဈေးတွေ တက်တဲ့အတွက် ဆင်းရဲဒုက္ခရောက်ရတာ မျှော်လင့်ချက်တောင် မရှိတော့သလောက်ပါပဲ။” ဟု ၎င်းက ပြောသည်။

 

အရင်က လည်ပတ် ဖွံ့ဖြိုးနေတဲ့ မြန်မာ့စီးပွားရေးက ၂၀၂၁ နောက်ပိုင်း အကျပ်အတည်းမှသည် ကသောင်းကနင်း အခြေအနေကို ဖြတ်သန်းပြီး အခုတော့ ပြိုလဲဖို့ နီးကပ်နေတာ သေချာပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်း ရှောင်တာနဲလ်က ပြောသည်။ ယခုအခါ ၎င်းသည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် အကြံပေးနေသည်။

 

ကျပ်ငွေ ပြိုလဲမှုပမာဏသည် ကြွယ်ဝချမ်းသာမှုကို "အတိုင်းအတာ အမြောက်အများ” ပျက်စီးစေသည်ဟု မစ္စတာ တာနဲလ်က ပြောသည်။ အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့် ပညာရေးအသုံးစားရိတ်ကို ဖြတ်တောက်ပြီး စစ်အသုံးစားရိတ်ကိုမူ ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သည်ဟု ၎င်းက ပြောသည်။

 

တနင်္ဂနွေနေ့တွင် စစ်တပ်လက်အောက်ခံ မီဒီယာတစ်ခုက စူပါမားကတ်များမှ အကြီးအကဲ လေးဦးနှင့် ဆန်ထုတ်လုပ်သူ ၇ နှစ်ဦးတို့ကို သတ်မှတ် ဆန်ဈေးထက် နှစ်ဆ ကျော် ရောင်းချမှုဖြင့် ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများအနက် တစ်ဦးမှာ ဂျပန်လူမျိုး အသက် ၅၃ နှစ်အရွယ်ရှိ အမှုဆောင် Kasamatsu ဖြစ်သည်။

 

ရန်ကုန်မြို့မှ ရဲတပ်ဖွဲ့က ၎င်းဂျပန်နိုင်ငံသားကို စစ်ဆေးမေးမြန်းနေသည်ဟု ဂျပန်အစိုးရအဖွဲ့အတွင်းဝန် Yoshimasa Hayashi က ပြောသည်။ "ဖမ်းဆီးခံထားရသူကို လျင်မြန်စွာ လွှတ်ပေးရေး ဒေသခံအာဏာပိုင်များကို တောင်းဆိုထားပြီး ဂျပန်အစိုးရက လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်။” ဟု ၎င်းက သတင်းထောက်များကို ပြောသည်ဟု Reuters တွင် ဖော်ပြထားသည်။

 

Aeon Orange စူပါမားကတ်ဆိုင်များမှ အမှုဆောင်တစ်ဦး ဖမ်းဆီးခံရသူများတွင် ပါဝင်သည်ဟု စစ်အုပ်စုသတင်းစာက ဖော်ပြထားသည်။ ၎င်းလုပ်ငန်းမှာ ဂျပန်နိုင်ငံ Aeon ကုမ္ပဏီနှင့် ရန်ကုန်အခြေစိုက် Creation Myanmar တို့ ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်သည်။

 

စစ်အုပ်စုပြောခွင့်ရသူကို Reuters က မှတ်ချက်တောင်းဆိုရန် ဆက်သွယ်ရာတွင်လည်း မတုန့်ပြန်ခဲ့ပေ။

 

လောင်စာဆီနှင့် မြေဩဇာများ ဝယ်ယူတင်သွင်းရာတွင် အသုံးပြုရသည့် တရားဝင် ငွေလဲနှုန်းနင့် မှောင်ခိုဈေးကွက် ငွေလဲနှုန်း ကွာဟသည့်အတွက် လုပ်ငန်းများစွာ ရုန်းကန်ခက်ခဲနေရသည်ဟု မြန်မာနိုင်ငံမှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

စစ်တပ်ရဲ့ ဈေးသတ်မှတ်ချက်နဲ့ ရောင်းရင် ကျွန်တော်တို့အတွက် အရှုံးပဲ။ မြန်မာနိုင်ငံမှာ ဆန်တွေ အများကြီး ရှိပါသေးတယ်။ ဒီလို အခြေအနေဖြစ်လာတာက စစ်တပ်က ဈေးနှုန်း သတ်မှတ်ချင်လို့ ဖြစ်လာတာပါ။” ဟု ၎င်းက အမည်မဖော်ဘဲ Reuters ကို ပြောသည်။

 

ရွှေ၊ ငွေလဲကိုယ်စားလှယ်နှင့် နိုင်ငံခြား အိမ်ခြံမြေ ရောင်းချသည့် ကိုယ်စားလှယ် ၃၅ ဦးကို ပြီးခဲ့သည့်လတွင် စစ်တပ်က ဖမ်းဆီးခဲ့သေးသည်။

 

မန္တလေးမြို့ရှိ ဈေးတစ်ခုတွင် ဝက်သား၊ အမဲသားနှင့် ဆိတ်သား သတ်မှတ်ဈေးနှုန်းများကို ဝန်ထမ်းတစ်ဦးက လက်ကိုင်အသံချဲ့စက်ဖြင့် ကြေငြာနေသည်။ သူမက သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချသူကို တိုင်ကြားရန်လည်း တိုက်တွန်းနေသည်။

 

ဈေးနှုန်းတက်လို့ ပိုင်ရှင်တွေကို ဖမ်းတာ ဥပဒေနဲ့ မညီပါဘူး။ မြန်မာနိုင်ငံမှာ ဥပဒေက အမည်ခံသက်သက်ပါ။ ဥပဒေအမြင်အရ စစ်အုပ်စုလုပ်သမျှက အဓိပ္ပါယ်ကို မရှိပါဘူး။” ဟု လူ့အခွင့်အရေး ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

 

မန္တလေးမှ ဈေးဝယ်သူ ဒေါ်ငယ်ငယ်ထွန်းက ၎င်းဝယ်သည့် ဈေးတွင် ဈေးနှုန်းများ သုံးဆ တက်သွားကြောင်း၊ အသင့်အတင့် ကောင်းသည့် ဆန်ပင် မဝယ်နိုင်တော့ကြောင်း ပြောသည်။ ယခုအခါ သူမသည် ယခင်က ကြက်များကို ကျွေးသည့် ဈေးပေါသော ဆန်ကွဲသာ ဝယ်နိုင်တော့သည်။

 

ကျွန်မ အရင်က ဆန်ကောင်း ဝယ်နိုင်၊ စားနိုင်ပါတယ်။ စဉ်းစားကြည့်ပါဦး။ မြန်မာနိုင်ငံက လူတွေရဲ့ ဘဝဟာ အသတ်ခံရမယ့်နေ့ကို ထိုင်စောင့်နေရတဲ့ ခြံထဲက ကြက်တွေနဲ့ တူနေပြီ။” ဟု The New York Times ကို ပြောသည်။

 

ကိုးကား - The New York Times Reuters The Japan Times

 

ပုံစာ - ဂျွန်လ မြန်မာနိုင်ငံ လားရှိုးမြို့ရှိ အသီးအရွက် ရောင်းသူ ဈေးသည်တစ်ဦး။ (Agence France-Presse — Getty Images)

 

အာဏာသိမ်းစစ်တပ်
ဆန်
ရွှေ
အဖမ်းခံရ

Share With
bap-logo