bap-logo
digital media literacy

Digital Minimalism – လိုသည်ထက် မပိုသော Digital လူနေမှုပုံစံ

H_s7PtCAKLnlItCa_ardo-image

လွန်ခဲ့သော ၂ ရက် က

 

BAP၊ ဖေဖော်ဝါရီ ၉။

 

အစားအသောက် ရွေးချယ်ရာမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလွယ်ရ၊ အမြန်စား အစားအသောက် တွေကို အမြဲမစားသင့်သလို၊ ကိုယ်နေထိုင်ရာဝန်းကျင်မှာလည်း အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

 

ဒီလိုပဲ Digital လူနေမှုဘဝမှာလည်း မလိုအပ်ဘဲ ပိုလျှံနေတာတွေကို ရယူသုံးစွဲခြင်းမပြုဘဲ အမှန် တကယ်လိုအပ်တဲ့ အချက်အလက်တွေကိုသာ ရယူသုံးစွဲမယ်ဆိုရင် Digital Well-being ဆိုတဲ့ Digital ဘဝ နေထိုင်မှုမှာ ကိုယ်၊ စိတ် ကျန်းမာမှုနဲ့ ပြည့်စုံစေနိုင်ပါတယ်။

 

ဒီ Digital Minimalism ဆိုတာက နည်းပညာကို ဘယ်လိုသုံးမလဲဆိုတဲ့ အမြင်သစ်တစ်ခုပါပဲ။ ကိုယ်သုံးနေတဲ့ ဒစ်ဂျစ်တယ်အရာဝတ္ထုတွေကို ဘာကြောင့်သုံးတာလဲ၊ ဘယ်ဟာက ကိုယ့်အတွက် တကယ်အရေးပါတာလဲဆိုတာကို သေသေချာချာ စဉ်းစားပြီးမှ သုံးဖို့ တိုက်တွန်းတာပါ။ ဒီစကားလုံးကို ကွန်ပျူတာပညာရှင်နဲ့ စာရေးဆရာ Cal Newport က စတင်ပြီး လူသိများအောင် လုပ်ခဲ့တာပါ။

 

သူ့အဆိုအရ Digital Minimalism ဆိုတာ "ကိုယ့်ဘဝအတွက် တကယ်တန်ဖိုးရှိတဲ့ အလုပ်အနည်းငယ်ကိုပဲ ရွေးချယ်ပြီး အဲဒီအပေါ်မှာပဲ အွန်လိုင်းအချိန်တွေကို အကျိုးရှိဆုံး အာရုံစိုက်အသုံးပြုတာ" ကို ခေါ်တာပါ။ နည်းပညာကို လုံးဝမသုံးဘဲ နေခိုင်းတာ မဟုတ်ပါဘူး။ အက်ပ် (Apps) တွေနဲ့ ဆိုရှယ်မီဒီယာတွေက ကိုယ့်အကျင့်တွေကို လာပြီး ပုံဖော်မသွားစေဘဲ ကိုယ့်စိတ်နဲ့ကိုယ် သတိရှိရှိ အသုံးချဖို့ ပြောတာပါ။

 

ဘာလို့ ဒီလောက်တောင် အရေးကြီးနေတာလဲ? အခုခေတ် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေက "အာရုံစိုက်မှုကို ရောင်းစားတဲ့ စီးပွားရေးစနစ်" (Attention Economy) အပေါ်မှာ အခြေခံထားတာပါ။ ကုမ္ပဏီတွေက လူတွေကို ဖုန်းရှေ့မှာ အကြာကြီး ရှိနေစေမှ အကျိုးအမြတ်ရတာဖြစ်ပါတယ်။ Google မှာ ဒီဇိုင်းကျင့်ဝတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့တဲ့ Tristan Harris ကတော့ "App တော်တော်များများက လူတွေရဲ့ စိတ်ပညာကို အသုံးချပြီး ဖုန်းနဲ့ မျက်နှာ ခွာမရအောင် လုပ်ထားတာ။" လို့ ဆိုပါတယ်။ Notification တွေ၊ အဆုံးမရှိ ဆွဲကြည့်လို့ရတဲ့ Feed တွေဟာ လူတွေကို စွဲလန်းနေအောင် တမင် ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီဒဏ်ကြောင့် လူတွေဟာ-

 

အမြဲတမ်း အာရုံပျံ့လွင့်နေမယ်။

 

သတင်းအချက်အလက်တွေ များလွန်းလို့ ဝန်ပိနေမယ်။

 

စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ များလာမယ်။

 

အလုပ်အပေါ် အာရုံစိုက်နိုင်စွမ်း ကျလာမယ်။

 

အမြဲတမ်း Online ပေါ်မှာ ရှိနေပေမဲ့ တကယ့်လက်ရှိဘဝ (Present moment) မှာတော့ အာရုံမရှိတော့သလို ခံစားရမယ်။

 

Digital Minimalism က ဒီလို ဆိုးကျိုးတွေကို ပြန်တွန်းလှန်ဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာပါတယ်။

 

လက်တွေ့ဘဝထဲက ဥပမာတချို့

 

၁။ သတင်းဆိုးတွေကို တစိုက်မတ်မတ် လိုက်ကြည့်ခြင်း (Doomscrolling) စစ်ပွဲတွေ၊ ရွေးကောက်ပွဲတွေ ဒါမှမဟုတ် ကပ်ရောဂါတွေ ဖြစ်လာရင် အရေးကြီးတာ လွတ်သွားမှာ ကြောက်ပြီး သတင်းတွေကို ခဏခဏ Refresh လုပ်ပြီး ကြည့်နေမိတတ်ကြပါတယ်။ အဲဒီလို သတင်းတွေကို အလွန်အကျွံကြည့်တာက စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုကို ပိုတိုးစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။ Digital Minimalism ကတော့ သတင်းကြည့်ရင် အချိန်အကန့်အသတ်နဲ့ ကြည့်ဖို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကိုပဲ ရွေးကြည့်ဖို့ တိုက်တွန်းပါတယ်။

 

၂။ သူများတွေကြားမှာ ကိုယ်ကျန်ရစ်ခဲ့မှာ ကြောက်တဲ့စိတ် (FOMO) သူများတွေကတော့ ကောင်းတာလေးတွေ လုပ်နေကြပြီ၊ ငါပဲ ကျန်နေရစ်သလားဆိုတဲ့ စိုးရိမ်စိတ် (Fear Of Missing Out) ကို ဆိုရှယ်မီဒီယာတွေက ပိုဆိုးအောင် လုပ်တတ်ပါတယ်။ Digital Minimalism ကတော့ "အရာအားလုံးကို သိဖို့၊ တုံ့ပြန်ဖို့ မလိုဘူး။" ဆိုတဲ့ အမြင်နဲ့ သုံးသပ် တုံ့ပြန်ပါတယ်။ နေရာတကာ ဝင်မပါနိုင်တာဟာ ပုံမှန်ပဲ၊ ကျန်းမာတဲ့အပြုအမူပဲလို့ ဆိုပါတယ်။

 

၃။ ရည်ရွယ်ချက်မရှိဘဲ ဆိုရှယ်မီဒီယာ သုံးနေခြင်း လူတော်တော်များများက အကျင့်ပါနေလို့သာ ဖုန်းကို ဖွင့်ကြည့်နေကြတာပါ။ အဲဒီမှာ Algorithm တွေက စိတ်လှုပ်ရှားစရာ ဒါမှမဟုတ် ဒေါသထွက်စရာ content တွေကို လူတွေ ပိုကြည့်အောင် တွန်းပို့ပေးနေတာပါ။ Digital Minimalism ကတော့ ကိုယ့်ဘဝ ဒါမှမဟုတ် အလုပ်အတွက် တကယ်အကျိုးရှိတဲ့ ပလက်ဖောင်းကိုပဲ ထည့်သွင်းထားဖို့ အားပေးပါတယ်။

 

၄။ အာရုံဖြတ်တောက်တဲ့ Notification များ ဖုန်းက တုန်ခနဲ၊ တင်ခနဲ ဖြစ်နေတဲ့ Notification တွေက အလုပ်ကို အာရုံစိုက်လို့ မရအောင် နှောက်ယှက်ပါတယ်။ ဒီလို ခဏခဏ အနှောင့်အယှက်ဖြစ်တာက လူကို စိတ်ပင်ပန်းစေပါတယ်။ ဒါကြောင့် Digital Minimalism လုပ်တဲ့သူတွေက မလိုအပ်တဲ့ Notification တွေကို ပိတ်ထားပြီး "အာရုံစိုက်မှု" ဆိုတာ တုံ့ပြန်မှုတစ်ခု မဟုတ်ဘဲ ကိုယ့်ရွေးချယ်မှု ဖြစ်အောင် လုပ်လေ့ရှိကြပါတယ်။

 

၅။ မက်ဆေ့ချ်တွေ များလွန်းတာနဲ့ အမြဲပြန်ဖြေနေရတဲ့ ဖိအား ချက်ချင်းပြန်စာပို့ရမယ်ဆိုတဲ့ ဖိအားတွေကြောင့် အလုပ်နဲ့ အနားယူချိန်တွေဟာ ရောထွေးကုန်ပါတယ်။ Digital Minimalism ကတော့ ချက်ချင်းပြန်ဖြေဖို့ထက် ကိုယ့်အဆင်ပြေတဲ့ အချိန်မှာ ရည်ရွယ်ချက်ရှိရှိ ပြန်ဖြေဖို့ကိုပဲ ဦးစားပေးပါတယ်။

 

ရလာမယ့် အကျိုးကျေးဇူးတွေ ဒစ်ဂျစ်တယ် အသုံးအဆောင်တွေကို လျှော့ချလိုက်တဲ့အခါ-

 

အာရုံစိုက်မှုနဲ့ အလုပ်ပြီးမြောက်မှု ပိုကောင်းလာမယ်။

 

စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ် လျော့ကျမယ်။

 

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်လာမယ်။

 

အပြင်လောကမှာတွေနဲ့ ဆက်ဆံရေး ပိုခိုင်မာလာမယ်။

 

Digital Minimalism ရဲ့ အဓိက စိတ်ကူးများ

 

တန်ဖိုးထားတဲ့အရာအတွက်ပဲ နည်းပညာကို သုံးပါ။

 

သုံးတဲ့ ပလက်ဖောင်း နည်းလေလေ၊ အာရုံစိုက်မှု ပိုရလေလေပဲ။

 

ဘာသိဘာသာ ပွတ်ကြည့်နေတာမျိုးထက် ရည်ရွယ်ချက်ရှိရှိပဲ သုံးပါ။

 

ကိုယ့်ရဲ့ "အာရုံစိုက်နိုင်စွမ်း" ကို တန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုလို ကာကွယ်ပါ။

 

Cal Newport ပြောသလိုပါပဲ၊ "ရှုပ်ပွနေခြင်းဟာ အရင်းအနှီးများပါတယ်။" ဒါဟာ ရုပ်ပစ္စည်းတွေတင်မကဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း ပေးဆပ်ရမှု ကြီးမားပါတယ်။

 

အနှစ်ချုပ်ကတော့ Digital Minimalism ဆိုတာ နည်းပညာကို ငြင်းပယ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်၊ ကိုယ့်ရဲ့ အာရုံစိုက်မှုနဲ့ ကိုယ့်ရဲ့ ရွေးချယ်ခွင့်ကို ကိုယ်တိုင်ပြန်ပြီး ထိန်းချုပ်တာပါ။ အာရုံစိုက်မှုကနေ ငွေရှာနေတဲ့ ဒီခေတ်ကြီးထဲမှာ နည်းပညာကို ရည်ရွယ်ချက်ရှိရှိ သုံးတတ်ဖို့ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင် စိတ်ကြိုက်ပုံဖော်နိုင်တဲ့ အားကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

 

#BAP #Digital #Media #Literacy #digitalminimalism

Burma Associated Press

 

 

လိုသည်ထက် မပိုသော Digital လူနေမှုပုံစံ

Share With
bap-logo