digital media literacy
Digital Consent(ဒစ်ဂျစ်တယ် အသိပေးခွင့်ပြုချက်)
လွန်ခဲ့သော ၂ ရက် က
(ဒစ်ဂျစ်တယ်နှင့် မီဒီယာ နားလည်ကျွမ်းဝင်မှု အစီအစဥ်)
BAP၊ ဇန်နဝါရီ ၅။
အွန်လိုင်းပေါ်မှာ တစ်ခုခုကို Like ပေးတာ၊ မျှဝေတာ ဒါမှမဟုတ် မှတ်ချက်ပေးတာတွေ လုပ်တဲ့အခါ သင့်အကြောင်း အချက်အလက်အချို့ကို တစ်ပါတည်း ပေးလိုက်မိနိုင်တယ်ဆိုတာ သင် သိပါသလား။
အက်ပလီကေးရှင်း တစ်ခုခု ဒါမှမဟုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုမှာ ပရိုဖိုင်တစ်ခု စတင်ပြုလုပ် တဲ့အခါ စည်းကမ်းသတ်မှတ်ချက်တွေ (Terms and Conditions) ကို သဘောတူညီပေးရပါတယ်။ အခြေခံအားဖြင့်တော့ သင်ဟာ ဒီစည်းကမ်းတွေကို လက်ခံလိုက်တဲ့အခါ သင့်ရဲ့ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို အသုံးပြုဖို့ အဲ့ဒီအက်ပလီကေးရှင်းကို ခွင့်ပြုချက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို ခွင့်ပြုပေးလိုက်ခြင်းကို 'သဘောတူညီချက်' (Consent) လို့ ခေါ်ဆိုလေ့ရှိပြီး အွန်လိုင်းပေါ် မှာ ဘာတွေကို မျှဝေမယ်၊ ဘာတွေကိုတော့ မျှဝေဖို့ သဘောမတူဘူးဆိုတာကို ဆုံးဖြတ်တာကတော့ 'ဒစ်ဂျစ်တယ်ဆိုင်ရာ သဘောတူညီချက်' (Digital consent) ပဲ ဖြစ်ပါတယ်။
ဘာတွေကို မျှဝေချင်တယ်၊ ဘယ်သူတွေ မြင်စေချင်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ရပါမယ်။ ပထမဆုံး ခြေလှမ်းအနေနဲ့ သင့်ရဲ့ အကောင့်ကို သင့်သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေပဲ မြင်နိုင်အောင် Private ပြောင်းလဲထားနိုင်ပါတယ်။
သဘောတူညီချက်ရဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခုကတော့ သင့်သူငယ်ချင်းတွေ၊ မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေက သင့်ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဒါမှမဟုတ် ဗီဒီယိုတွေအကြောင်း စဉ်းစားရပါမယ်။ သူတို့နဲ့ စကားပြောဆိုပြီး သင့်ရဲ့ ပုံတွေ၊ ဗီဒီယိုတွေကို အွန်လိုင်းမှာ မျှဝေတာနဲ့ ပတ်သက်လို့ သင် အဆင်မပြေဘူးဆိုရင် အသိပေးထားပါ။ နောက်ပြီး သင့်သူငယ်ချင်းတွေရဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေကိုလည်း သူတို့ဆီက ခွင့်ပြုချက်မရဘဲ ဘယ်တော့မှ မတင်ပါနဲ့။
'မလုပ်ရဘူး' ဒါမှမဟုတ် 'ခွင့်မပြုဘူး' လို့ ပြောဆိုနိုင်တဲ့ ယုံကြည်ချက်ရှိခြင်းဟာ သင့်ရဲ့ အွန်လိုင်းဘဝကို စိတ်ကြိုက် ပုံဖော်နိုင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ သင့်အကြောင်း တင်မယ့်အရာတွေကို သင်ကိုယ်တိုင် ရွေးချယ်ခွင့်ရှိရပါမယ်၊ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ သင့်ရဲ့ ဒစ်ဂျစ်တယ်ခြေရာ (Digital footprint) အဖြစ် ကျန်ရှိနေမှာ ဖြစ်လို့ပါပဲ။
ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဟာ အသုံးပြုသူတို့ရဲ့ Like တွေ၊ Click တွေကတစ်ဆင့် အချက်အလက် တွေကို စုဆောင်းလေ့ရှိကြပါတယ်၊ အဲ့ဒီလိုလုပ်တဲ့အခါမှာလည်း အသုံးပြုသူတွေဆီကနေ စနစ်တကျ သဘောတူညီချက် ရယူတာမျိုး မရှိသလောက်ပါပဲ။ ဓာတ်ပုံတွေဟာလည်း ခွင့်ပြုချက် မတောင်းဘဲနဲ့ မျှဝေခြင်း ခံနေကြရပါတယ်။ သီးသန့်ပြောထားတဲ့ စကားတွေဟာလည်း အများကြည့်ရှု နိုင်တဲ့မြင်ကွင်း ထဲက စခရင်ရှော့တွေ ဖြစ်ကုန်ကြပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ဒီအချက်အလက်တွေကို စောင့်ကြည့် ထောက်လှမ်းဖို့အတွက်အထိတောင် အသုံးချနေကြတာပါ။
ဒစ်ဂျစ်တယ်ဆိုင်ရာ သဘောတူညီချက် မရှိဘဲ အွန်လိုင်းပေါ်မှာ လုပ်ဆောင်လိုက်တဲ့ အပြုအမူတွေဟာ လက်တွေ့လောကမှာ နှောင့်ယှက်စော်ကားခံရတာ၊ ကိုယ်ရေးကိုယ်တာတွေ ပေါက်ကြားတာ၊ အလုပ် အကိုင် ဆုံးရှုံးတာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေတာမျိုးအထိ ကြီးမားတဲ့ ထိခိုက် နစ်နာမှု တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အွန်လိုင်းပေါ် တစ်ခုခုမတင်ခင်မှာ အရင်ဆုံး ခွင့်တောင်းပါ။
မိမိရဲ့ Privacy settings တွေကို ပြန်စစ်ဆေးပါ။
App တွေရဲ့ ခွင့်ပြုချက်တွေကို ကန့်သတ်ထားပါ။
သတိထားရမှာက ပေးထားပြီးသား သဘောတူညီချက် ခွင့်ပြုချက်ကိုလည်း ဘယ်အချိန်မှာမဆို ပြန်လည် ရုပ်သိမ်းပိုင်ခွင့် ရှိတယ်ဆိုတာပါပဲ။
တစ်ခုခုကို ကြည့်ရှုခွင့် ရထားရုံနဲ့ အဲ့ဒီအရာကို တခြားသူတွေဆီ မျှဝေပိုင်ခွင့်ရှိတယ်လို့ မဆိုလိုပါဘူး။
သဘောတူညီချက်ဆိုတာဟာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ပါလက်ပါ လက်ခံမှသာ အတည်ဖြစ်မှာ ဖြစ်သလို၊ အဲ့ဒီသဘောတူညီချက်ကိုလည်း ဘယ်အချိန်မှာမဆို ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိရပါမယ်။
သဘောတူညီချက်ဆိုတာဟာ အပြန်အလှန် ရှိရမယ့်အရာမျိုးပါ။ ကျွန်တော်တို့က သူတစ်ပါးရဲ့ စည်းဘောင်တွေကို လေးစားသလို၊ တခြားသူတွေကလည်း ကျွန်တော့်တို့ရဲ့ စည်းဘောင်တွေကို လေးစား ပေးရပါမယ်။
ဒစ်ဂျစ်တယ်ဆိုင်ရာ သဘောတူညီချက်ဆိုတာဟာ နည်းပညာရဲ့ အစိတ်အပိုင်းတစ်ခုတင် မဟုတ်ပါဘူး။
ဒါဟာ လူအချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။
သဘောတူညီမှု တောင်းခံပါ။ ခွင့်ပြုချက်မရှိဘဲ အလွယ်တကူ Share မလုပ်ပါနဲ့။
ကိုယ့်ရဲ့ ကိုယ်ရေးအချက်လက်တွေဟာ အခြားသူတွေ အသုံးချစရာ မဟုတ်ပါ။
Burma Associated Press