bap-logo
Politics

ထိုင်ဝမ် ‘သေချာပေါက် ပြန်လည်ပေါင်းစည်း’ ရမည်ဟု နှစ်ကုန်မိန့်ခွန်းတွင် တရုတ်သမ္မတပြော

DwWwGZx-cFLj82X-YKZB4-image

လွန်ခဲ့သော ၉ လ က

            ထိုင်ဝမ်သည် တရုတ်ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေး ကတိပြုကြောင်း တရုတ်သမ္မတ Xi Jinpingက တနင်္ဂနွေနေ့ နှစ်ကုန်မိန့်ခွန်းအဖြစ် ပြောသည်။

 

            တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများမှာ မြင့်မားနေဆဲအချိန်တွင် ထိုင်ဝမ်မဲဆန္ဒရှင်များက ဇန်နဝါရီ ၁၃ ရက်နေ့ ရွေးကောက်ပွဲတွင် မဲပေးကြမည်ဖြစ်သည်။ သမ္မတရှီသည် ထိုင်ဝမ်မှာ တရုတ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ ပြန်လည်ပေါင်းစည်းရမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် အင်အားသုံးမည်ဖြစ်ကြောင်း အခိုင်အမာ အကြိမ်ကြိမ် ပြောဆိုလေ့ ရှိသည်။

 

           ထိုင်ဝမ်ရေလက်ကြားမှ နှစ်ဘက်လုံးရှိ တရုတ်လူမျိုးအားလုံးသည် ရည်ရွယ်ချက် အသိတရားတစ်ခုဖြင့် ချည်နှောင်ထားသင့်ပြီး တရုတ်နိုင်ငံ၏ အားသစ်လောင်း အောင်မြင်မှုကို မျှဝေသင့်သည်။” ဟု တနင်္ဂနွေနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

           မိခင်နိုင်ငံတော်သည် သေချာပေါက် ပြန်လည် ပေါင်းစည်းလိမ့်မည်။” ဟုလည်း ပြောသည်။

 

            ၎င်းမိန့်ခွန်းသည် ထိုင်ဝမ်အရေး ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ပြောဆိုခြင်းဖြစ်သည်။ အင်္ဂါနေ့က ကျင်းပသော ကွန်မြူနစ်တရုတ်နိုင်ငံတည်ထောင်သူ မော်စီတုန်း၏ နှစ် ၁၃၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘေဂျင်းတွင် ကျင်းပသော ညီလာခံတွင်လည်း ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေး ကတိပြုခဲ့သည်။

 

           အမိမြေနှင့် အပြည့်အဝပြန်လည်ပေါင်းစည်းရေးသည် ရှောင်လွှဲ၍မရနိုင်ကြောင်း၊ နှစ်ဘက် ခွဲခြားသူမှန်သမျှကို ပြတ်ပြတ်သားသား ကာကွယ်သွားရမည်ဖြစ်ကြောင်း” လည်း ပြောသည်။

 

            ယင်းအချိန်တွင် ထိုင်ဝမ်တွင် မဲပေးရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ လက်ရှိ ဆန္ဒသဘောထား ကောက်ယူမှုအရ လွတ်လပ်ရေးဘက်သို့ ယိမ်းသူ Lai Ching-te ဘက်သို့ အလေးသားနေသည်။

 

            တရုတ်နိုင်ငံသည် ထိုင်ဝမ်လွတ်လပ်ရေး လမ်းကြောင်းညွှန်ပြသူ မည်သည့်နိုင်ငံနှင့်မဆို သဘောထား တင်းမာလေ့ရှိသည်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်သို့ လာရောက်ခဲ့ ပြီးနောက် ကျည်အစစ်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်ကျွန်းအနီး ရက်သတ္တပတ်နှင့် ချီ၍ ပြုလုပ်ခဲ့သည်။

 

            တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်တွင်းစစ်အတွင်း ရှုံးနိမ့်ခဲ့သည့် ဒီမိုကရေစီအင်အားစုများက ထိုင်ဝမ်သို့ ထွက်ပြေးခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သည် တရုတ်ပြည်မကြီးမှ ခွဲထွက်ခဲ့သည်။

 

ကိုးကား - Fox News

 

ပုံစာ - ထိုင်ဝမ်နိုင်ငံမြို့တော်၊ ထိုင်ပေမြို့ရှိ သမ္မတရုံးပြင်ပ ထိုင်ပေ ၁၀၁ အဆောက်အအုံ မြင်ကွင်း။ (Photo: Tommy Walker/NurPhoto via Getty Images

 

Xi Jinping
ထိုင်ဝမ်
တရုတ်

Share With
bap-logo