Business
ကုန်သွယ်ရေးစစ်ပွဲသည် ခဏတာ ဖြစ်စဉ်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ် သတိပေး
လွန်ခဲ့သော ၈ နာရီ က
• BAP၊ ဘာသာပြန်။
အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံမှု အန္တရာယ် ဖြစ်ပေါ်နေစဉ် ကျင်းပသည့်အရှေ့တောင်အာရှ နိုင်ငံခြား ရေးဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးကို လက်နက်သဖွယ် အသုံးပြုနေကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်သည်။
အမေရိကန် အခွန်တိုးမြှင့်ခြင်းအပေါ် စိုးရိမ်မှုက ကုန်သွယ်ရေးအပေါ် ကြီးမားစွာ အခြေခံထားသည့် စီးပွားရေးနိုင်ငံအချို့ပါဝင်သည့် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အာဆီယံကို တုန်လှုပ်စေခဲ့သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အမေရိကန်သို့ ပို့ကုန်များ အခွန် အဆမတန် မြင့်တက်သွားဖွယ်ရှိသည့် နိုင်ငံများအနက် အာဆီယံမှ ရှစ်နိုင်ငံ ပါဝင်နေသည်။
ကမ္ဘာကြီးသည် အာဏာမတည်ငြိမ်သည့် ခေတ်ကာလကို မျက်မြင်ကြုံတွေ့နေရကြောင်း၊ တစ်ချိန်က တိုးတက်ဖွံ့ဖြိုးရေးအသုံးပြုခဲ့သည့် ကိရိယာတန်ဆာပလာတို့သည် ယခုအခါ ဖိနှိပ်မှု၊ ခွဲခြားမှု၊ ထိန်းချုပ်မှုှုအတွက် အသုံးပြုနေကြကြောင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် Anwar က ပြောသည်။
အမေရိကန်နိုင်ငံကို အမည်တပ်ပြောဆိုခြင်း မရှိသော်လည်း ကုန်သွယ်ရေးခြိမ်းခြောက်မှုများကို တုန့်ပြန်ဖြေရှင်းရာတွင် အာဆီယံက အတူတကွ လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းထားသည်။
“ကျွန်တော်တို့ရဲ့ စုစည်းမှုက ကြေငြာချက်တွေ ထုတ်ပြန်မှုနဲ့ အဆုံးသပ် ရပ်တန့်မနေသင့်ပါဘူး။” ဟု ၎င်းက ပြောသည်။ အာဆီယံတွင်း ကုန်သွယ်မှုမြှင့်တင်ရန်၊ ဒေသတွင်း ပေါင်းစည်းမှုတွင် ရင်းနှီးမြှုပ်နှံရန်၊ ပြင်ပအင်အားကြီးနိုင်ငံများကို မဟာဗျူဟာအရ မှီခိုမှု လျှော့ချရန် တောင်းဆိုလိုက်သည်။ “’ဒါက ခဏတာြတ်သန်းသွားတဲ့ မုန်တိုင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ခေတ်ရဲ့ ဉတုရာသီအသစ်တစ်ခုပါ။” ဟု ၎င်းက ပြောသည်။
ထရန့်က အခွန်တိုးမြှင့်မှုကို ဧပြီလတွင် ကြေငြာခဲ့သော်လည်း ညှိနှိုင်းမှုများပြုလုပ်နိုင်ရန်အတွက် ၉၀ ရက် ဆိုင်းငံ့ခဲ့သည်။ တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအချို့အပေါ် နှုန်းထား ၂၀ မှ ၄၀ ရာခိုင်နှုန်းအထိ ဩဂုတ်လ ၁ ရက်နေ့မှ စတင် အသက်ဝင်မည့် အခွန်တိုးမြှင့်မှုအသစ်များကို ကြေငြာခဲ့သည်။ လက်တုန့်ပြန်သည့် နိုင်ငံများအပေါ် အခွန်များ ထပ်မံတိုးမြှင့်သွားမည်ဟုလည်း ၎င်းက ခြိမ်းခြောက်သည်။
ထိုအရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက အမေရိကန်နှင့် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဘုံရပ်တည်မှုတစ်ခုကို ရှာဖွေရန် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ယခုနှစ်ကုန်တွင် ပြုလုပ်သွားမည်ဟု အရာရှိများက ဆိုသည်။
ယခုအချိန်အထိ ဗီယက်နမ်တစ်နိုင်ငံကသာ အခွန်ကို ၄၆ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်း သို့ လျှော့ချနိုင်ခဲ့သည့် သဘောတူညီမှု ရရှိထားသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယာနိုင်ငံ ကို ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံကို ၃၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ ကို ၂၅ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံကို ၂၀ ရာခိုင်နှုန်း၊ လာအိုနှင့် စစ်ဘေးသင့် မြန်မာတို့အပေါ် ၄၀ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ထားသည်။
အာဆီယံသည် ကုန်သွယ်ရေး ဆိုးဝါးမှုရလဒ်များကို ရင်ဆိုင်နေရသည့်အပြင် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြားဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတို့အပါအဝင် ဒေသတွင်း စိန်ခေါ်မှုများလည်း မြင့်တက်နေသည်။
မလေးရှားနိုင်ငံမှ အစည်းအဝေးတွင် အာဆီယံ၏ အဓိ က ကုန်သွယ်ဖက်များဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ ဉရောပသမဂ္ဂတို့နှင့် ကြာသပတေးနှင့် သောကြာနေ့များတွင် နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်အပတ်တွင် ဂျပန်နှင့် တောင်ကိုးရီးယားခရီး စဉ်များ ဖျက်သိမ်းခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio သည် ၎င်း ရာထူးရယူပြီး ပထမဆုံးအကြိမ် အာရှခရီးစဉ်အဖြစ် အစည်းအဝေးသို့ တက်ရောက် စကားပြောကြားမည်ဖြစ်သည်။ တရုတ်နိုင်ငံမှ Wang Yi နှင့် ရုရှားနိုင်ငံမှ Sergei Lavrov တို့လည်း လာရောက်မည်ဖြစ်သည်။
အမေရိကန်သည် ဤဒေသ၏ အရေးအကြီးဆုံး စီးပွား ရေးနှင့် လုံခြုံရေးမိတ်ဖက်ဖြစ်ကြောင်း သတိပေးသည့်အနေဖြင့် Rubio တက်ရောက်ခြင်းဖြစ်ကြောင်း Universiti Malaya မှ နိုင်ငံခြားရေး၊ မဟာဗျူဟာနှင့် လုံခြုံရေး ဆန်းစစ်အကဲဖြတ်သူ Collin Chong Yew Keat က ပြောသည်။
“ထရန့်အစိုးရက အားအကောင်းဆုံး စစ်ရေးအဟန့် အတားနဲ့ ဈေးကွက် လက်လှမ်းမီ အသုံးပြုမှုတွေကို ပေးအပ်ထားတဲ့အချိန်မှာပဲ အာဆီယံက အဲဒီ လုံခြုံရေးထီးရိပ်ကို အမြတ်ထုတ် အသုံးချပြီး တရုတ်နဲ့ စီးပွားရေး နွေးနွေးထွေးထွေး သက်သောင့်သက်သာ လုပ်နေမှာကို ရပ်တန့်ဖို့လည်း မျှော်လင့်မှာ ဖြစ်တယ်။” ဟု ၎င်းက ပြောသည်။
ကိုးကား - AP
ပုံစာ - ဂျူလိုင်လ ၉ ရက် ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲတွင် အဖွင့် မိန့်ခွန်းပြော နေသော မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim (AP Photo/Vincent Thian)
Top News
လွန်ခဲ့သော ၈ နာရီ က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၉ ရက် က