bap-logo
Urban Life

စစ်ကိုင်းလမ်းမထက်က နိစ္စဒူဝ သောကများ

4k9rb4ztnjhWo-94o4iYP-image

လွန်ခဲ့သော ၂ နှစ် က

 

 

BAP၊ ဒီဇင်ဘာ ၄။

 

“တစ်ဂိတ်ကို နှစ်ထောင်သုံးထောင်ပေါ့”     ဟု ကားဆရာက ယာဥ်မောင်းနေရင်း တီးတိုးဖြေသည်။

 

၎င်း၏ဘေးတွင် စပယ်ယာ တစ်ဦးလိုက်ပါလာသည်။ အသက် ၂၀ ဝန်းကျင်ခန့်သာရှိမည့် စပယ်ယာသည် ဖျက်လက်စွာပင်ကားပေါ်မှ အတက်အဆင်းလုပ်နိုင်သည်။ ၎င်းတို့ယာဥ်သည် စစ်ကိုင်းတိုင်းအတွင်းမှ အခြားပြည်နယ်နှင့် တိုင်းအချို့ကို ပြေးဆွဲနေသည့် ယာဥ်ငယ်ဖြစ်သည်။ ကားကြီးမဟုတ်သောကြောင့် ကားတစ်စီးလုံးတွင် ခရီးသည်များအပြင် ကုန်များနှင့် ပြည့်ကျပ်နေသည်။

 

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အဝင်အထွက်တိုင်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များရှိသည်။ အချို့နေရာ များတွင် မြို့နယ်၏ ကားလမ်းမတစ်လျှောက် လေးငါးခုရှိသည်။ ဂိတ်များတွင် ဝတ်စုံပြည့်နှင့် စစ်ကောင်စီ တပ်သားများရှိပြီး စစ်ဆေးကြကာ အချို့ဂိတ်များတွင် လက်နက်ကိုင်ထားသည့် အရပ်ဝတ် ဝတ်ထားသော စစ်ကောင်စီတပ်ဖွဲ့များက အစစ်အဆေး ပြုလုပ်ကြသည်။

 

စစ်ဆေးလျှင် ခရီးသည်ဘယ်နှစ်ယောက်ပါသည်” “ဘယ်ကိုသွားကြပါမည်ကို ကားဆရာကပြောပြရသည်။

 

အများအားဖြင့် ခရီးသည်များ၏ မှတ်ပုံတင်ပြသခိုင်းခြင်းနှင့် ယာဥ်မောင်းအား စစ်ဆေးခြင်း ဖြစ်သည်။ အချို့ခရီးသည်တင် ယာဥ်မောင်းများသည် ၎င်းတို့နှင့် အကျွမ်းတဝင်ရှိကြပုံရသည်။ မျက်နှာမြင်သည်နှင့် လက်‌ထောင်ပြလိုက်လျှင် မစစ်ဆေးဘဲ လွှတ်ပေးလိုက်သည်။ သို့သော် ဂိတ်အများစုတွင် ပိုက်ဆံပေးဆောင် ကြရသည်ချည်းပင် အနည်းနှင့် အများသာကွာသည်။

 

ကားဆရာများ၏ ပေါင်းသင်းဆက်ဆံမှုနှင့် ပါးနပ်မှုစွမ်းရည်သည် ယခုကာလတွင် အလွန်အရေး ပါသည်ဟု ပြောနေသကဲ့သို့ရှိသည်။

 

တပ်သားနှင့် ကားဆရာတို့ နှုတ်ဆက်ရင်း မသိမသာ လက်ထဲပိုက်ဆံထည့်ပေးခြင်းလည်းရှိသည်။ ဂိတ်တွင် ဒဏ်ကြေးအဖြစ် ပေါ်တင်တောင်းခြင်းလည်းရှိသည်။ ဘာမှတောင်းစရာမလိုဘဲ ကားစပယ်ကဆင်းကာ ပိုက်ဆံသွားပေးခြင်းလည်းရှိသည်။ အချို့သောဂိတ်များတွင် ခရီးသည်များ မှတ်ပုံတင်ထုတ်ကာ ကားပေါ်မှ ဆင်းပြီး ၎င်းတို့ဂိတ်ဧရိယာဆုံးသည့်နေရာအထိ လမ်းဆင်း လျှောက်ရသည်။ ခရီးသည်များက သပ်သပ် ၎င်းတို့စီးနင်းလာသည့် ယာဥ်ကသပ်သပ်ဖြင့် ထိုဂိတ်ဧရိယာကို ဖြတ်သန်းရသည်။ ထိုဂိတ်တွင် သဲအိတ်ဘန်ကာများ၊ တဲများ၊ စည်ပိုင်း ဘန်ကာများ၊ ကွေ့ပတ်သည့်ပုံစံ နေရာချထားသည့် အတားအဆီးများ၊ စစ်ကောင်စီ တပ်သားအများအပြားနှင့် လမ်းဆင်းလျှောက်သောခရီးသည်များနှင့် ဖြည်းဖြည်းချင်း အတားအဆီး များကို ကွေ့ပတ်မောင်းနှင်နေသည့် ယာဥ်များနှင့် စည်ကားတတ်သည်။

 

ယာဥ်မောင်းနှင်သူများသာမက ခရီးသည်များသည်လည်း ပိုက်ဆံပေးကြရသည်၊ ဒဏ်ကြေးဟူ၍ ပေးကြရသည်။ တစ်ခါတစ်ရံ မှတ်ပုံတင်အား ၁၈ နှစ်ပြည့် သို့မဟုတ် ၃၅ နှစ်ပြည့်မလဲရသေးခြင်းကြောင့်လည်း ဒဏ်ကြေး ပေးရတတ်သည်။ 

 

သူတို့ပိုက်ဆံတောင်းချင်ရင် အပြစ်မရှိ အပြစ်ရှာနေတာ၊ ဟိုတစ်ခါကဒဏ်ကြေးပေးရတာ မှတ်ပုံတင်က ပုံမှန်ထက်ကြီးနေလို့တဲ့ ဟု ဒေသခံခရီးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

 

သူတို့ပိုက်ဆံတောင်းချင်ရင် အပြစ်မရှိ အပြစ်ရှာနေတာ၊ ဟိုတစ်ခါကဒဏ်ကြေးပေးရတာ မှတ်ပုံတင်က ပုံမှန်ထက်ကြီးနေလို့တဲ့ ဟု ဒေသခံခရီးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

 

၎င်းက ထိုယာဥ်ငယ်များဖြင့် သွားလာနေရသူတစ်ဦးဖြစ်သောကြောင့် အစစ်အဆေးများတွင် ၎င်းတွေ့မြင် ကြုံဆုံရသည်တို့ကို ဖောက်သည်ချပြီး ပြောပြသည်။

 

ဂိတ်အချို့တွင် ကားစပယ်ယာက ထိုဂိတ်မရောက်ခင်မှာပင် ခရီးသည်အားလုံး၏ မှတ်ပုံတင်များကို တောင်းကာစုထားသည်။ ဂိတ်ရောက်လျှင် သူတစ်ယောက်သာ ထိုနေရာသို့သွားပြီး အစစ်ဆေးခံရသည်။ ထိုမှတ်ပုံတင်များကိုကြည့်ကာ ၎င်းတို့မသင်္ကာသည့် မှတ်ပုံတင်ပိုင်ရှင် လူငယ်အမျိုးသားတစ်ဦး၏ ဖုန်းကိုထပ်ယူကြည့်ပြီးစစ်ဆေးသည်။ လူကတော့ ကားပေါ်တွင်ပင် ကျန်ခဲ့သည်။ ခရီးသည်များအားလုံး ကားပေါ်တွင် ထိုင်စောင့်နေကြရသည်။ နာရီဝက်ခန့်ကြာသော အချိန်အတွင်း ကားပေါ်မှလည်း ခဏမဆင်းရဲကြသလို၊ မိမိနေရာမှပင်မရွှေ့ရဲကြ။ စကားပင် အသံကျယ်ကျယ်မပြောနိုင်ကြဘဲ ထိုစောင့်ဆိုင်းမှုကို ကျော်ဖြတ်ကြရသည်။ နာရီဝက်ခန့်ကြာပြီး နောက်မှသာ စပယ်ယာက ထိုဖုန်းကိုကိုင်ကာ ကားပေါ်ပြန်လာပြီး ခရီးသည်လူငယ်လက်ထဲ ဖုန်းပြန်ထည့်ပေးပြီး ကားပြန်ထွက်သည်။ ထိုအခါမှသာ ခရီးသည်များ သက်ပြင်းချနိုင်ကြသည်။

 

အချို့ခရီးစဥ်များသည် စစ်ကောင်စီအစစ်အဆေးများသည့် ကားလမ်းမများကိုရှောင်ပြီး သွားနိုင်သည်လည်း ရှိသည်။ သို့သော်ထိုလမ်းများသည် ကားဆရာက ဒေသခံမဟုတ်လျှင် လမ်းအထာကိုမသိနိုင်ခြင်း၊ လမ်းကြမ်းပြီး ဆိုးသည်ကများခြင်း စသည်စိန်ခေါ်မှုများရှိသည်။

 

ထိုကဲ့သို့သော ရှောင်လမ်းရှိနေသော်လည်း မိုင်းအန္တရာယ် ကြောက်ရခြင်းကြောင့် မရွေးဟု အစစ်အဆေး များသည့် မြို့နယ်တစ်ခုကို ဖြတ်သန်းပြေးဆွဲသည့် ကားဆရာက ကားမောင်းရင်း ဖြေသည်။

 

အချို့ခရီးသည်များက ကားဂိတ်ဆုံးထိမလိုက်ဘဲ လမ်းတစ်လျှောက်ဖြတ်သွားရသော မြို့၊ ရွာ ထိပ်တို့တွင် ဆင်းကြသည်များလည်းရှိသည်။ ခရီးစဥ်အစအဆုံးမဟုတ်သောကြောင့် ကားခက အနီးအဝေးပေါ်မူတည်ပြီး ကွာခြားသည်။ ထို့ကြောင့် ယာဥ်မောင်းသည် ၎င်းခရီးသည်များ မည်သူက ဘယ်မှာဆင်းမည်ကိုသိထားကြသည်။ အစစ်အဆေးတွေ့၍မေးပါက ထိုအချက်များကိုပါပြောပြရ သည်။

 

ယာဥ်ငယ်များတွင် အများအားဖြင့် ယာဥ်မောင်းများက ခရီးသည်များကို အကာအကွယ်ပြုကြသလို ခရီးသည်များနှင့် အပြန်အလှန်စကားပြောခြင်းနှင့် ရင်ဖွင့်ခြင်းများရှိတတ်ကြသည်။ ခရီးသည်နှင့် အလှမ်းဝေးသည့် Express ကားကြီးများတွင် ခရီးသည်နှင့် ကားဆရာ တိုက်ရိုက်ဆက်သွယ်မှု မရှိသောကြောင့် တစ်ဦးအခက်အခဲကိုတစ်ဦး ဂရုမစိုက်မိတတ်ကြ။ ထို့ကြောင့် ယာဥ်ငယ်များတွင် ခရီးသည်နှင့် ကားဆရာတို့ပိုမို ရင်းနှီးစည်းလုံးကြသည်ကိုမြင်နိုင်သည်။

 

စစ်ကောင်စီစစ်တပ်ဂိတ်များတွင် တစ်ခါတစ်ရံ ၎င်းတို့မသင်္ကာသည့်သူများကို အကြာကြီးစစ်ဆေးသည်။ ထိုအချိန်တွင် အခြားခရီးသည်များပါစောင့်ဆိုင်းရင်း တိတ်ဆိတ် နေတတ်ကြသည်။ စစ်ဆေးနေစဥ် စစ်ကောင်စီ တပ်သားများ ရုတ်တရက်မေးတတ်သည့် မိမိသွားမည့်အရပ် ဘာသွားလုပ်မည်နည်း စသည့်မေးခွန်းများကို မဖြေနိုင်ခြင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဟု သံသယရှိခြင်း စသည်တို့အပြင် ဖုန်းထဲမှအချက်အလက်များကို မသင်္ကာပါက အချိန်ကြာမြင့်စွာ စစ်ဆေးတတ်သည်။

 

ဂိတ်များသည် စစ်ဆေးကြပုံခြင်း တစ်ခုနှင့်တစ်ခု မတူကြ၊ တစ်ချိန်နှင့်တစ်ချိန်ပင် စစ်ဆေးကြသည့် ပုံစံခြင်းကွဲပြားတတ်သည်။ ကားဆရာများကြား အစစ်အဆေးကြမ်းသည်ဟု နာမည်ကြီးသော ဂိတ်များတွင် ခရီးသည်များ ဘယ်သွားကြမှာလဲဟူသည့် မေးခွန်းအပြင် တစ်ယောက်ချင်းစီ၏ မှတ်ပုံတင်နှင့် ဖုန်းများကို လည်း စစ်ဆေးတတ်ကြသေးသည်။ ဖုန်းထဲတွင် တော်လှန်ရေးနှင့် သက်ဆိုင်သည့်အရာ တစ်ခုခုပါဝင်ပါက ဖမ်းဆီးခံရနိုင်သည်။

 

ဂိတ်အချို့တွင် ကားပေါ်ရှိ ခရီးသည်များအနီးသို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်းမပြုသော်လည်း ခရီးသည်တစ်ဦးခြင်း၏ မှတ်ပုံတင်များကို ကြည့်ကာ မသင်္ကာသူ၏  ဖုန်းကို တောင်းယူ စစ်ဆေးခြင်းလည်း လုပ်တတ်သည်။ လူငယ်လူရွယ် အမျိုးသားများသည် အများအားဖြင့် အဓိကစစ်ဆေးခံကြရသူများဖြစ်သည်။ အသက်အရွယ်ကြီးနေသည့် အဖိုးအဖွားအရွယ် များကို သိပ်ဂရုမစိုက်တတ်ကြပေ။

 

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုရောက်လျှင် ကားပေါ်၌ စကားပြောသံများ တိတ်ဆိတ်သွားကာ ခရီးသည်များ၏ ရုပ်တည်သွားကြသည်၊ ရှေ့တည့်တည့်သို့သာ ကြည့်နေတတ်ကြသည်။ စစ်ဆေးရေး ဂိတ်တစ်ခုခုကို ဖြတ်လာပြီးလျှင် သက်ပြင်းချသံ၊ တောက်ခေါက်သံ၊ မကျေမနပ် ဆူပူသံ နှင့် ကျိန်ဆဲလိုက်သည့် အသံတစ်မျိုးမကကို ကြားရလေ့ရှိသည်။

 

စစ်ဆေးရေးဂိတ်တွင် ကားဆရာနှင့် ခရီးသည်များသာမက ကုန်ပစ္စည်းများကိုလည်း စစ်ဆေးတတ်ကြသည်။ မသင်္ကာသည့် ကုန်စည်ပါကင်များကို လှန်လှောဖွင့်ဟ စစ်ဆေးခြင်းများ လည်း လုပ်ကြသည်။ ထိုအချိန်များတွင် ခရီးသည်များမှာ အသက်ပင်ပြင်းပြင်းမရှုရဲကြ၊ ထိုကုန်စည်တင်ဆောင်လာသည့်ပိုင်ရှင်မှာတော့ မျက်နှာ မသာမယာနှင့်ပင်။ ကုန်ပစ္စည်းပိုင်ရှင်ပါလာ ပါက ၎င်းပါအစစ်အဆေးအမေးမြန်းခံရတတ်သည်။ တင်ဆောင်လာသည့် ကုန်စည်သည် ဆိုင်ကယ်ဖြစ်ပါက အစစ်အဆေးအမေးအမြန်းခံရပြီး ထိုဆိုင်ကယ်သည် လိုင်စင်မရှိပါက ပိုမို အစစ်အဆေးခံရသည်။ ထို့ကြောင့် ဆိုင်ကယ်ကဲ့သို့သောကုန်စည်များသည် တန်ဆာခပိုမိုကျသင့် သည်။ လိုင်စင်ရှိမရှိပေါ်မူတည်ပြီး တန်ဆာခ ပြောင်းလဲရှိနိုင်သည်။

 

သာမန်မြေပဲဖာတစ်ဖာမှစ၍ ဆိုင်ကယ်ကဲ့သို့ ဝန်လေးသောကုန်စည်များအတွက် တန်ဆာခဈေးများ တက်သွားသော်လည်း ပစ္စည်းကို ရောက်မည်ဟုတာဝန်ခံနိုင်မှုမှာမူ အားနည်းလျက်ပင်။

 

အသက်လေးဆယ် ဝန်းကျင် အမျိုးသမီးတစ်ဦးက ၎င်းထံတွင် ဆီပုံးမှာသူက ပစ္စည်းရောက် မည်သေချာလားဟူသည့်အမေးကို ဆီပုံးအပါအဝင် မည်သည့်အရာမှ အာမမခံနိုင်ဟု ပြန်ဖြေလိုက်ကြောင်းကို ဆီပုံးကို စပယ်ယာနှင့်အတူ ကားပေါ်တွင် ကူညီတင်ပေးရင်း ပြောပြသည်။

 

အသက်လေးဆယ် ဝန်းကျင် အမျိုးသမီးတစ်ဦးက ၎င်းထံတွင် ဆီပုံးမှာသူက ပစ္စည်းရောက် မည်သေချာလားဟူသည့်အမေးကို ဆီပုံးအပါအဝင် မည်သည့်အရာမှ အာမမခံနိုင်ဟု ပြန်ဖြေလိုက်ကြောင်းကို ဆီပုံးကို စပယ်ယာနှင့်အတူ ကားပေါ်တွင် ကူညီတင်ပေးရင်း ပြောပြသည်။

 

 

၎င်း၏အသံမှာ ကျယ်လောင်ပြီး ဆီပုံးတင်နေရင်း အားထည့်ကာ ပြောနေသဖြင့် ယာဥ်ငယ်၏ ကားတစ်စီးလုံး ကြားနေရသည်။ လမ်းတွင်ပစ္စည်းများ လှန်လှော ဖွင့်ဖောက်စစ်ဆေးခံရခြင်းအပြင် မထင်သလို သိမ်းဆည်းခံ ရသည်လည်း ရှိတတ်သောကြောင့် ယင်းသို့ဆိုခြင်းဖြစ်သည်။ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ခြင်းသည် ဤနည်းသာရှိသောကြောင့် အပျက်အစီး အဆုံးအရှုံးများ ရှိနိုင်သော်လည်း ဆက်လက် တင်ပို့နေကြဆဲပင်။

 

၁၂ ဘီး ကုန်ကားကြီးများလည်း သွားလာကြသော်လည်း ယင်းမှာ လေးလံပြီးပမာဏများပြားသော ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြသည်။ တစ်နိုင်တစ်ပိုင်ရောင်း ဝယ်ရေးအတွက် သယ်ယူပို့ဆောင်မှု များတွင် လူဆယ့်ငါးဦးခန့်နှင့် ပစ္စည်းများကိုကားခေါင်မိုး ပေါ်ထိတင်ဆောင်သယ်ယူကြသည့် ထိုယာဥ်များကို အားကိုးနေကြရဆဲဖြစ်သည်။

 

စစ်ကိုင်းတိုင်းအတွင်း အိတ်စ်ပရက်စ် ကားအကြီးများနှင့် ဘက်စ်ကားအကြီးများ ကားလမ်းမများ အတိုင်းပြေးဆွဲကြသော်လည်း ယခင်ထက် အရေအတွက် နည်းသွားသည်။ မြို့နယ်အချင်းချင်းကြား ပြေးဆွဲသည့်ကားများသည် ယခင်က ပေါများသော်လည်း ထက်ဝက်ခန့်မနည်းလျော့နည်းသွားသည်။

ယခင်က ရွာအသီးသီးတွင် ရွာမှမြို့ပေါ်သို့ပြေးဆွဲသည့်ယာဥ်ငယ်များ အများအပြားရှိကြသည်။ ထိုယာဥ်များသည် ယခုကာလတွင် အစစ်အဆေးများနှင့် စစ်ရေးမတည်ငြိမ်မှုများကြောင့် အများစုမှာမပြေးဆွဲတော့ဟု ဒေသခံခရီးသည်အမျိုးသမီးတစ်ဦးကဆိုသည်။

 

၎င်းတို့ရွာတွင် ၎င်းစီးလာသည့်ကားတစ်စီးသာပြေးဆွဲလျက်ရှိပြီး ရွာမှမြို့ပေါ်သို့ ကူးသန်း ရောင်းဝယ်ရေးနှင့် ကူးလူးဆက်ဆံရန်မှာ ထိုကားတစ်စီးသာရှိသည်ဟုဆိုသည်။ ထိုကဲ့သို့ ယာဥ်ငယ်အများစုသည် မနက်စောစော စတင်ထွက်ခွာကြကာ နေ့လယ်ဘက်တွင်ပြန်လာပြီး ညနေဘက်တွင် စတင်ထွက်ခွာခဲ့ရာသို့ပြန် ပြန်ရောက်အောင် ပြေးဆွဲကြသည်။ နေ့လယ်ဘက် စတင်ထွက်ခွာလျှင် ခရီးစဥ်ဆုံးသည့်မြို့နယ်တွင်ညအိပ်ကာ မနက်စောစော ပြန်ထွက်ခွာကြသည်။ မြို့နယ်အချို့တွင် ညနေ ၆ နာရီမှစပြီး မည်သည့်ယာဥ်မှ လမ်းပေါ်မသွားလာရသည့် ကာဖျူး ( စစ်အုပ်ချုပ်ရေးအမိန့်) ရှိသည်။

 

 

အဝေးပြေးကားဝင်း သို့မဟုတ် ကားဝင်း ရှိသည့်မြို့နယ်များတွင် ယာဥ်ငယ်နှင့် ယာဥ်လိုင်းအများစု ဂိတ်ထိုးရာ ဖြစ်သည်။ ထို့ကြောင့် ထိုမြို့နယ်များတွင် အခြားမြို့နယ်များသို့ သွားလာရလွယ်သည်။ ကားဝင်းမရှိသည့် မြို့နယ်အချင်းချင်းကြားတွင် ကူးလူးဆက်ဆံရခက်ခဲလျက်ရှိသည်။ သယ်ယူပို့ဆောင်ခြင်းနှင့် ကူးလူးဆက်သွယ်ရ ခက်သောကြောင့် ဈေးဆိုင်ဖွင့်ထားသူအချို့ပင် ဈေးဝယ်ထွက်ရန်ခက်ခဲကြသဖြင့် ပစ္စည်းအသစ်များ လိုသလောက် မတင်ရောင်းနိုင်ကြပေ။

 

 

နိုင်ငံ၏ စပါး၊ ပဲ၊ နှမ်း၊ ကြက်သွန်၊ ဆီ စသည့်အခြေခံစားသောက်ကုန်များ၏အစ စိုက်ပျိုးဖြန့်ချိရာဒေသ ဖြစ်သည့်အလျောက် ကုန်စီးဆင်းမှုခက်ခဲခြင်းက အစားအစာပြတ်လပ်မှု မဖြစ်ပေါ်စေနိုင်သော်လည်း နေရေးထိုင်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်များရရှိနိုင်မှု ခက်ခဲခြင်းကိုဒေသခံများရင်ဆိုင်ကြရသည်။

 

အခြားနယ်မှလာသည့် ပစ္စည်းများပြတ်လပ်မှုကို ရင်ဆိုင်ကြရသော်လည်း စစ်ကိုင်းတိုင်း အရှေ့ဘက်မှ မနက်တိုင်း နေထွက်နေဆဲပင်၊ ကြက်ဖများသည်လည်း တွန်ဆဲပင်၊ ဒေသခံများ မှာလည်း နေ့စဥ်ဘဝကို လှုပ်ရှားရုန်းကန်နေကြဆဲပင်။

 

 Burma Associated Press

 

 

 

မြန်မာ
ရွှေဘို
နိုင်ငံရေး

Share With
bap-logo