bap-logo
Article

အချည်းနှီးမဟုတ်သော သွေးစက်များ

s0sSvk6TjxMnp3k7JiXNe-image

လွန်ခဲ့သော တစ်နှစ် က

BAP စက်တင်ဘာ ၂၁။

တစ်ဝက်တစ်ပျက်ပွင့်နေသည့် ခေါင်းတလားအတွင်းသို့ ခေါင်းငိုက်စိုက်ချကာ သက်လတ်ပိုင်း အရွယ် အမျိုးသမီးကြီးတစ်ယောက် တရှုံ့ရှုံ့ ငိုကြွေးနေသည်။

အသုဘရှုနေသူများအကြား ချုံးပွဲချမငိုမိစေရန်ထိန်းထားသည်ကို သူ၏ ရှိုက်သံတို့က သက်သေခံ လျှက်ရှိသည်။

အင့်ကနဲ’ ‘အင့်ကနဲဖြင့် အတောမသတ်အောင် ငိုကြွေးနေသည့်ကြားမှပင် သူနှင့် သက်ဆိုင်သူသာ ကြားနိုင်မည့် လေသံဖြင့်လည်း တရစပ်ဆုတောင်းပေးနေသည်။

ခေါင်းတလားအတွင်းတွင်မူ အစိမ်းပုပ်ရောင် ပြောက်ကျားယူနီဖောင်းကို ဝတ်ဆင်လျှက် လဲလျောင်း နေသူမှာ မိခင်၏ တိုးညင်းစွာ ထွက်ပေါ်နေသည့် ဆုတောင်းပဌာနာကို ငြိမ်သက်စွာခံယူနေ အလားပင်။

ခေါင်းတလား၏ ခေါင်းပိုင်းတွင်သုးခိ၃်ဖိ စီzသါထ့ အသးနံ၃် ၃၇ နံ၃်၊ ဟ့၃်လီz အသးသမူ ဖဲ ..၂၀၂၂ နံ၃်ဟု ရေးထားသည့် လက်ဝါးကပ်တိုင်ကို တစ်စုံတစ်ဦးက ကိုင်ထားပြီး မလှမ်းမကမ်း တွင်မူ လောလောလတ်လတ် တူးဖော်ထားသည့် မြေကျင်းတစ်ခုက ရှိနေသည်။

လက်ဝါးကပ်တိုင်ပေါ်တွင် စကောကရင်စာကို အပြာရောင်မှင်ဖြင့် ရေးသားထားသည့်စာ၏ အဓိပ္ပာယ်မှာအရာရှိငယ် စောသန်းဌေး အသက် (၃၇) သည် ..၂၀၂၂ တွင် အသက်ပေးခဲ့သည်ဟူ၍ ဖြစ်သည်။

မိခင်သည်သားဖြစ်သူ၏ရင်ဘတ်ပေါ်တွင် တိတ်တဆိတ်ငိုကြွေးပြီးနောက် ခေါင်းတလားကို အသာ အယာ ပိတ်စေသည်။

ခေါင်းတလားမြေကျင်းဝသို့အရောက် စစ်မြေပြင်တွင် စစ်သားပီပီ ကျဆုံးခဲ့သည့် သူ့အတွက် နောက်ဆုံးသော အမိန့်စာကို အရာရှိတစ်ဦး လေသံတင်းတင်းဖြင့် ပြန်လေသည်။

ဘယ်သူမှ သေနတ်မဖောက်နဲ့နော်

ဘယ်သူမှ သေနတ်မဖောက်ကြနဲ့

အမိန့်စာပြန်သည့်သူက ခေါင်းတလားဘေးဝန်းရံနေသည့် ရဲဘော်များ ကြားလောက်ရုံလေသံဖြင့် ပြောသည်။

ထို့နောက် ကာကီရောင်ဘောင်းဘီထဲမှနေ၍ ဂတ်စ်မီးခြစ်ကိုထုတ်ကာ အမိန့်စာပြန်သည့် စာရွက် အား မီးရှို့လိုက်သည်။ ထိုသို့ မီးရှို့ပြီးသည်နှင့်တစ်ပြိုင်နက် ခါးကြားမှ ပစ္စတိုသေနတ်ကို ထုတ်ကာ မိုးပေါ်ထောင်၍ သုံးချက် ပစ်ဖောက်လိုက်လေသည်။

ဖန်း’ ‘ဖန်း’ ‘ဖန်းဟူသည့် သေနတ်သံအဆုံးတွင်မူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်စုမှူး စောသန်းဌေးသည် ကော်သူးလေနယ်မြေ၏ တစ်နေရာတွင် ငြိမ်းချမ်းစွာ ထာဝရ အနားယူ သွားတော့သည်။

****

ထိုအဖြစ်အပျက်တို့သည် လွန်ခဲ့သည့် လေးလခန့်  ( ၂၀၂၂ ခုနှစ် ဧပြီလ အစောပိုင်း )က ဖြစ်သည်။

အညတရသူရဲကောင်းတစ်ဦး၏ ဈာပနသည် စစ်ကောင်စီတပ်စွဲထားရာ စခန်းကုန်းနှင့် နီးကပ်နေ သည့်အတွက် အကျဉ်းချုံးကာ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အရာရှိငယ်တစ်ဦးဖြစ်သည့် စောသန်းဌေးသည် ကော့ကရိတ်- ကျိုက်ဒုံလမ်းပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာကြိတ်ရွာအနီး စခန်းကုန်းကို ဒုတိယ အကြိမ် တက်သိမ်းစဉ် ရန်သူ့ကျည်ဆံထိမှန်၍ အသက်ပေးခဲ့ရခြင်းဖြစ်သည်။

၂၀၂၁ ဩဂုတ်လ ၂၁ ရက်တွင် အဆိုပါ စခန်းကုန်းကို စစ်ကောင်စီက စွန့်ခွာသည့်အတွက် KNLA က ယာယီသိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်တွင် စစ်ကောင်စီက ပြန်လည်တပ်စွဲလာသည့်အတွက် ဒုတိယ အကြိမ် စခန်းသိမ်းတိုက်ပွဲကို KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆင်နွဲခဲ့သည်။

စစ်ကောင်စီဘက်က လေယာဉ်လာရောက် စစ်ကူပေးသည့်အတွက် တပ်စုမှူးစောသန်းဌေး ကျဆုံး ခဲ့ပြီး စခန်းကုန်းကို ထိုစဉ်က သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။

*****

ကြိတ်စခန်းသည် စစ်ကောင်စီ၏ ကျိုက်ဒုံဗျူဟာနှင့် မနီးမဝေးတွင်တည်ရှိပြီး ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးသော်ဇင် ဦးစီးသည့် ခမရ (၅၅၇) မှ စစ်ကြောင်း နှစ်ကြောင်း လှုပ်ရှားအခြေပြုသည့် စခန်းကုန်း ဖြစ်သည်။

ရန်သူ့အတွက် အားနည်းပြီး၊ တော်လှန်ရေးတပ်သားများအတွက် အားသာသည်မှာ အဆိုပါ စခန်း ကုန်းသည် စစ်ကောင်စီ လက်နက်ကြီးပစ်ကူပေးရန် အလှမ်းဝေးလွန်းခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း စခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီလက်ပါးစေများက စခန်းကုန်းကို ခြံစည်းရိုး သုံးထပ်ဖြင့် အခိုင်အမာ ကာထားသည့်အပြင် ကတုတ်ကျင်းများတူးခြင်း၊ အဝင်အထွက် လမ်းများကို မိုင်းအမြောက်အများ ထောင်ခြင်းဖြင့် အသေအချာ ကာကွယ်ထားသည်။

မင်းတို့ နှစ်ဆယ် သုံးဆယ်မလာနဲ့၊ တစ်ရာ၊ နှစ်ရာ တက်လာခဲ့ကြဟုလည်း စခန်းတွင်းမှနေ၍ တော်လှန်ရေး တပ်သားများကို စိန်ခေါ်ခဲ့ကြသည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံ့း၊ ကေအဲန်ယူနယ်မြေအတွင်း တထီးတည်း ရပ်တည်ကာ လူစွာ လုပ်နေသည့် စစ်ကောင်စီစခန်းကို ဖယ်ရှားရန်အတွက် သက်ဆိုင်ရာခေါင်းဆောင်များ အချိန်ယူကာ အကြိမ်ကြိမ် ဗျူဟာ ရေးဆွဲခဲ့ကြသည်ဟု စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုနှစ် ဩဂုတ်လနောက်ပိုင်းမှစတင်ကာ အဆိုပါတပ်စခန်းကို နယ်မြေခံ KNLA နှင့် ပူးပေါင်း အဖွဲ့များက ရိက္ခာနှင့် ခဲယမ်းဝင်သည့် လမ်းကြောင်းများကို ဗျူဟာမြောက် စနစ်တကျ ဖြတ်တောက် ကာ ဝိုင်းထားခဲ့သည်။

တစ်လနီးပါးအကြာ ဝိုင်းရံထားပြီးနောက်တွင်ကြိတ်စခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချရန်နှင့် ပြည်သူဘက်သို့ ပူးပေါင်းရန်လည်း ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဆိုသည်။

သို့ရာတွင် ဒု-ရင်းမှူး ဗိုလ်မှူးသော်ဇင် ဦးစီးသည့် စစ်ကောင်စီတပ်သားများကတော့ အကြောင်းပြ ချက် မျိုးစုံပေးကာ ပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။

စစ်စခန်းအား ဝိုင်းထားစဉ် ကာလအတွင်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ဖြောင့်တပ် သားများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးခန့် သေဆုံးခဲ့ရသည်။

လက်နက်ချရန် အကြိမ်ကြိမ်ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးနောက် ၂၀၂၂ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ နာရီခန့်တွင် ပူးပေါင်းအဖွဲ့များက စခန်းအား ဝင်ရောက်စီးနင်းခဲ့သည်။

၁၇ မိနစ်လောက်ပဲ ပစ်ရသေးတယ်၊ စခန်းရသွားတယ်ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် စခန်းအား ဖရိုဖရဲ စွန့်ခွာဆုတ်ပြေးကြခြင်း ဖြစ်ပြီး စခန်းအတွင်းမှ အလောင်း လောင်းနှင့် ဒဏ်ရာရသူ နှစ်ဦးကို ပူးပေါင်းအဖွဲ့များက ရရှိခဲ့သည်။

ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ရရှိ ခဲ့သေးသည်။ အချိုပေါ်သကာဆင့်ရသည်မှာ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ ဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ခြင်းပင် ဖြစ်သည်။

****

စက်တင်ဘာ နောက်ဆုံးပတ်၏ မိုးသည် သည်းကြီးမည်းကြီး ရွာနေသည်။

တောင်ကျရေကြောင့် တဟုန်ထိုးစီးနေသည့် ချောင်းရေကို မောင်းပြန်သေနတ် ကိုယ်စီလွယ် ထား သည့် တော်လှန်ရေးရဲဘော်များက ညအချိန်တွင် လက်ခြင်းချိတ်ကာ ဖြတ်ကူးနေကြသည်။

အောင်ပွဲနှင့်အတူပြန်လာသည့် သူတို့ကို တစ်ဖက်ကမ်းတွင် လာရောက်ကြိုဆိုသူများရှိနေသည်။

အောင်ပွဲသည် ကော်သူးလေနယ်မြေအတွင်း တမဟုတ်ခြင်း ပြန့်နှံ့သွားသည်။

ကြိတ်စခန်းမှ သယ်ဆောင်လာသည့် ထိုသတင်းကို လဲလျောင်းရာသို့ စိမ့်ဝင်လာသည့် မိုးရေများမှ တဆင့် စောသန်းဌေးလည်း ကြားပါလိမ့်မည်။ သူ၏ ကျန်ရစ်သူ ဇနီးနှင့် သားချောများကလည်း သိပေလိမ့်မည်မှာ ဧကန်။

စောသန်းဌေး၏ သွေးတို့သည် အချည်းနှီးမဖြစ်ခဲ့ပါချေ။

အချိန်ကာလတစ်ခုတွင် တရားမျှတမှုသည် ရောက်လာမြဲပင်ဖြစ်သည်။

Burma Associated Press

ကေအဲန်ယူ
ကရင်

Share With
bap-logo