bap-logo
Politics

‘နိုင့်ထက်စီးနင်းလုပ်ရပ်များ’ အကြောင်း အရှေ့တောင်အာရှနိုင်ငံများကို ဩစတြေးလျ သတိပေး

4veTPpHCnwicC66qbevJp-image

လွန်ခဲ့သော တစ်နှစ် က

ဒေသတွင်းခေါင်းဆောင်များနှင့် မဲလ်ဘုန်းမြို့တွင် ထိပ်သီးအစည်းအဝေးပြုလုပ်နေစဉ်အတွင်း အာဆီယံနိုင်ငံများနှင့်တွဲဖက်လုပ်ဆောင်မည့် ရေကြောင်းလုံခြုံရေးစီမံချက်များအတွက် ရန်ပုံငွေ ပိုမိုချမှတ်ပေးခဲ့ပြီး အင်ဒို-ပစိဖိတ်နှင့် အရှေ့တောင်အာရှနိုင်ငံများသည် ပြင်းထန်သော ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဩစတြေးလျနိုင်ငံက တနင်္လာနေ့တွင် ပြောသည်။

 

တရုတ်နိုင်ငံ၏ အခိုင်အမာ တောင်းဆိုချက်များနှင့် ၎င်း၏ တောင်တရုတ်ပင်လယ်အငြင်းပွားမှုမှ တောင်းဆိုချက်များ မြင့်တက်လာသည့်အတွက် တင်းမာမှုများ ရှိနေစဉ် နိုင်ငံခြားရေးဝန်ကြီး Penny Wong က ရေကြောင်းလုံခြုံရေးပါအဝင် အာဆီယံစီမံချက်များအတွက် ဩစတြေးလျဒေါ်လာ ၂၈၆. သန်း (အမေရိကန်ဒေါ်လာ ၁၈၆. သန်း) ရန်ပုံငွေ ချမှတ်ပေးကြောင်း ကြေငြာခဲ့သည်။

 

ကျွန်မတို့ ပင်လယ်ပြင်နဲ့ လေကြောင်းမှာ ဘေးကင်းမှုမရှိတဲ့ လုပ်ဆောင်မှုတွေအပါအဝင် မတည်မငြိမ်ဖြစ်စေမှု၊ ရန်စမှုနဲ့ နိုင့်ထက်စီးနင်းလုပ်ရပ်တွေကို ရင်ဆိုင်နေရပါတယ်။” ဟု Wong က တရုတ်နိုင်ငံကို အမည်မတပ်ဘဲ ထိပ်သီးအစည်းအဝေးတွင် ပြောသည်။

 

တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြား၊ မဲခေါင်ဒေသခွဲနဲ့ အင်ဒို-ပစိဖိတ်တစ်ဝှမ်းမှာ ဖြစ်ပျက်နေမှုတွေဟာ ကျွန်မတို့ အားလုံးကို သက်ရောက်ထိခိုက်ပါတယ်။”

 

မဲလ်ဘုန်းတွင် အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို လက်ခံ၍ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ထိပ်သီး အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။ နိုင်ငံတွင်း ပဋိပက္ခများကြောင့် အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် အစည်းအဝေးမှ ဖယ်ထုတ်ခံထားရသည်။

 

တရုတ်နိုင်ငံ၏ တိုးမြင့်လာသော သံတမန်နှင့် စစ်ရေးချဲ့ထွင်မှုကို ကိုင်တွယ်ရန် ဩစတြေးလျသည် အာဆီယံနှင့် ပူးပေါင်းမှု အနှစ် ၅၀ မြောက်နှစ်ပတ်လည်ကို ဒေသတွင်း ချည်နှောင်ပူးပေါင်းမှု တိုးမြှင့်ရန် အသုံးပြုခဲ့သည်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်းတို့က ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည့် အစိတ်အပိုင်းများအပါအဝင် တစ်နှစ်လျှင် ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိသည့် သင်္ဘောကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည်။ အမြဲတမ်း အနုညာတခုံသမာဓိရုံးက တရုတ်နိုင်ငံ၏ အရေးဆိုမှုသည် တရားမဝင်ကြောင်း ၂၀၁၆ ခုနှစ်က ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

 

Wong နှင့် ပြောဆိုဆွေးနွေးစဉ် ဖိလစ်ပိုင် နိုင်ငံခြားရေးအတွင်းဝန် Enrique Manalo က တောင်တရုတ်ပင်လယ်သည် မဟာဗျူဟာမြောက် အရေးပါကြောင်း၊ "ဒေသတွင်းနိုင်ငံများက ထိပ်တိုက်တွေ့ဆုံမည့်အစား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြေရှင်း” နေသည်နှင့်အမျှ ကောင်းမွန်သည့် အနာဂတ်ရရှိနိုင်ကြောင်း ပြောသည်။

 

ဩစတြေးလျနှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့၏ ပထမဆုံး ပင်လယ်ပြင်နှင့် လေကြောင်း ပူးတွဲကင်းလှည့်မှုကို နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည်။

 

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ "ရန်လိုသော လုပ်ရပ်များ” ကို တန်ပြန်ရန် အားထုတ်မှုများ မြှင့်တင်ခဲ့ပြီး လွတ်လပ်စွာ လှည့်လည်သွားလာရေးရေးဆိုင်ရာ တရုတ်နှင့် အမေရိကန် တင်းမာမှု ဖြစ်ပွားရာလည်း ဖြစ်လာခဲ့သည်။

 

မြန်မာပဋိပက္ခ

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အဖွဲ့ဝင်မြန်မာနိုင်ငံမှ ရက်စက်ကြမ်းတမ်းသော ပဋိပက္ခများ အဆုံးသတ်ရန် တောင်းဆိုအပြီး တစ်လအကြာတွင် မဲလ်ဘုန်းမြို့လယ်၌ ဆန္ဒဖော်ထုတ်သူ ရာချီစုဝေးခဲ့ကာ စစ်အာဏာရှင်ကို ခိုင်မာပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

 

အာဆီယံသည် မြန်မာထိပ်တန်း ဗိုလ်ချုပ်ကြီးများကို ငြိမ်းချမ်းရေးအစီအစဉ် လိုက်နာအကောင်အထည်ဖော်မှု မရှိမချင်း အစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ပိတ်ပင်ထားသော်လည်း ဆက်လက်အရေးယူမှုများ မရှိပေ။ စစ်အာဏာရှင်သည် ၎င်း၏ ပြည်တွင်းရေးကို အာဆီယံမှ ဝင်ရောက်စွက်ဖက်သည်ဟု ဒေါသထွက်ခဲ့သည်။

 

တက်ကြွလှုပ်ရှားသူတစ်ဦးက နိုင်ငံတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထိန်းချုပ်ထားသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာ အသိအမှတ်ပြုရေး တောင်းဆိုခဲ့သည်။

 

အာဆီယံနိုင်ငံတွေနဲ့ ဩစတြေးလျတို့ ကျေးဇူးပြုပြီး လုပ်ဆောင်ပါ။ ကျေးဇူးပြုပြီး အာဆီယံရဲ့ အစီအစဉ်ကို စောင့်မနေပါနဲ့။ အဲဒါက အသုံးမဝင်ပါဘူး။” ဟု တက်ကြွလှုပ်ရှားသူ မယုယုချစ်က ပြောသည်။

 

ကိုးကား - Reuters

ပုံစာ - မတ်လ ၄ ရက် ၂၀၂၄ ခုနှစ် ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးအစည်အဝေးမှ ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝးတွင် အမှာစကားပြောနေသော ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong (Photo: REUTERS/Jaimi Joy

 

အာဆီယံ
မြန်မာ
ဩစတြေးလျ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ
အရှေ့တောင်အာရှ
ဩစတြေးလျ

Share With
bap-logo