bap-logo
International

ထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှု ပထမဆုံးအကြိမ် ဖြစ်ပွား

l8dAz4S5Yq0EF9iZciCAh-image

လွန်ခဲ့သော တစ်နှစ် က

ယခင်အပတ်က ထိုင်းနိုင်ငံတွင် အသက် ၃၄ နှစ်အရွယ် HIV နှင့် ဆစ်ဖလစ် ကူးစက်ခံထားရသော ထိုင်းအမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါနှင့် ဆက်စပ်၍ ပထမဦးဆုံးအကြိမ် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

 

ရောဂါထိန်းချုပ်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr Tares Krassanairawiwong က လူနာသည် ဂျူလိုင်လ ၃ ရက်နေ့တွင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနင့် ယားယံခြင်းနှင့် ကိုယ်ခန္ဓာပေါ်တွင် အနီဖုများ ပေါက်ခြင်းတို့ ခံစားနေခဲ့ရသည်ဟု တနင်္လာနေ့က ပြောကြားသည်။

 

သူသည် ဂျူလိုင်လ ၁၁ ရက်နေ့တွင် Chon Buri ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ကုသမှုခံယူခဲ့ပြီး ၎င်းကို စမ်းသပ်စစ်ဆေးမှုများအရ မျောက်ကျောက်ရောဂါ၊ HIV နှင့် ဆစ်ဖလစ်တို့ ရှိနေကြောင်း အတည်ပြုခဲ့သည်။

 

HIV လူနာများတွင် ခုခံအားကျဆင်းမှုကြောင့် ဖြစ်ပွားတတ်သည့် အခွင့်ကောင်းယူကူးစက်မှု(opportunistic infection)ကြောင့် လူနာသည် နောက်ပိုင်းတွင် မှိုစွဲကပ်ကူးစက်ကာ လည်ချောင်းနာဝေဒနာ ခံစားခဲ့ရသည်ဟု Dr Tares က ပြောသည်။ မျောက်ကျောက်ရောဂါကြောင့် အနီဖုများ ခန္ဓာကိုယ်အနှံ့ ပွားများလာခဲ့သည်။

 

၎င်းဆေးရုံတွင် ရက်သတ္တပတ်အတန်ကြာ ကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းခဲ့သည်။

 

ဩဂုတ်လ ၉ ရက်တွင် ၎င်းသည် မောပန်းနွမ်းနယ်၍ အသက်ရှူရခက်ခဲမှုကို ခံစားခဲ့သည်။ ဆွေမျိုးများက Nonthaburi ပြည်နယ်ရှိ Bamrasnaradura ကူးစက်ရောဂါဌာနသို့ ပို့ဆောင်ခဲ့သည်။

 

၎င်းနောက် သူသည် မျောက်ကျောက်ရောဂါနှင့် ဆက်စပ်သော အနီဖုများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာပြီး နှာခေါင်းနှင့် လည်ပင်းတို့တွင် တစ်ရှူးအသေများ ကြီးမားကျယ်ပြန့်လာကာ ခြေလက်များ၊ အဆုတ်နှင့် ဦးနှောက်တို့ကို ကူးစက်လာခဲ့ပြီး ခုခံအားကျဆင်းမှု ပြင်းထန်လာခဲ့သည်။

 

၎င်းကို မျောက်ကျောက်ရောဂါဆေးဝါးများနှင့် ပဋိဇီဝဆေးများဖြင့် ကုသပေးခဲ့သော်လည်း ၎င်း၏ အခြေအနေမှာ ယိုယွင်းဆိုးရွားလာကာ ဩဂုတ်လ ၁၁ ရက်နေ့ ညအချိန်တွင် သေဆုံးခဲ့သည်။

 

မျောက်ကျောက်ရောဂါသည် ထိုင်းနိုင်ငံတွင် ကျယ်ပြန့်တိုးပွားလာနေသော ကူးစက်ရောဂါဖြစ်ကြောင်း Dr Tares က ပြောကြားသည်။ ဩဂုတ်လ ၈ ရက်တွင် ထိုင်းလူမျိုး ၁၆၁ ဦးနှင့် နိုင်ငံခြားသား ၂၈ ဦး ပါဝင်သော ကူးစက်မှု ၁၈၉ ခုရှိခဲ့သည်။

 

ရောဂါသည် ကူးစက်ပျံ့နှံ့မှု အများစုသည် အမျိုးသားချင်း လိင်ဆက်ဆံသူများအကြား အတွေ့ရများပြီး ကူးစက်မှုများ၏ ၄၃ % မှာ HIV ဝေဒနာရှင်များဖြစ်သည်ဟု ၎င်းက ပြောသည်။

 

မျောက်ကျောက်ရောဂါကူးစက်ခံထားရသည့် သူစိမ်းများနှင့် လိင်ဆက်ဆံခြင်းသည် အဖြစ်များသည့် အကြောင်းရင်း ဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေး ညွှန်ချုပ်က ပြောကြားသည်။

 

၎င်း၏ လက်ထောက် Dr Sophon Iamsirithaworn က မျောက်ကျောက်ရောဂါသည် လူတို့၏ အန္တရာယ်များသော အပြုအမူများဖြင့် သာယာမှု ရယူနေကြသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

 

မျောက်ကျောက်ရောဂါဖြစ်ပွားမှုအသစ်များ၏ တစ်ဝက်ခန့်မှာ HIV ကူးစက်ခံထားရသူများဖြစ်ပြီး ၎င်းတို့၏ ကိုယ်ခံအားစနစ်မှာ အားနည်းနေပြီဖြစ်သည့်အတွက် အခွင့်ကောင်းယူ ကူးစက်မှုများကို ဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ဘဝများကို အန္တရာယ်ကျရောက်စေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 

ကမ္ဘာအနှံ့ ရောဂါစတင်ဖြစ်ပွားပျံ့နှံ့မှုကို မနှစ်က မေလတွင် စတင် အစီရင်ခံ သိရှိခဲ့ကြပြီးနောက် လူပေါင်း ၁၅၂ ဦး သေဆုံးခဲ့သည်ဟု Dr Sophon က ပြောကြားသည်။

 

မျောက်ကျောက်ရောဂါကို ယခုအခါ ကမ္ဘာ့ကျန်းမာရေးအာဏာပိုင်များက Mpox ဟု ရည်ညွှန်းကြပြီး အာဖရိကမှိ စတင်ပျံ့နှံ့သည်ဟု အစီရင်ခံထားကြသည်။

 

ကိုးကား - Bangkok Post

ပုံစာ - ယမန်နှစ် ဂျူလိုင် ၂၂ ရက်က ထိုင်းနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါတွေ့ရှိခဲ့သည့် ဖူးခက်ရှိ ကွန်ဒိုတစ်ခုတွင် ပြည်နယ်ကျန်းမာရေးအရာရှိများ သန့်ရှင်းရေး ပြုလုပ်နေကြစဉ်။ (Photo: ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန)

 

မျောက်ကျောက်ရောဂါ
ထိုင်းနိုင်ငံ
သေဆုံး

Share With
bap-logo